Showing posts with label အကောင်အထည်. Show all posts
Showing posts with label အကောင်အထည်. Show all posts

Saturday, July 5, 2008

အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ (နှစ်နှစ်ဆယ်)

(မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေး အထွေထွေဆိုးတွေကို ကျော်လွန်ရန်အတွက် အဓိကကျသော ပြန်လည်ပြင်ဆင်ရန် အချက်အချို့)

ပထမဦးဆုံး အနေနဲ့ ကျွန်တော်တို့ အားလုံး စည်းလုံးမှုရှိဖို့ အတွက် အချိတ်အဆက်တွေလုပ်ဖို့၊ ရှိဖို့ လိုပါတယ်။ ဒီအတွက် ကျွန်တော်တို့ အနေနဲ့ ညီနောင်တွေ အားလုံးကို လိုအပ်နေပါတယ်။ ပြီးတော့ ညီနောင်တို့ အားလုံးအနေနဲ့လဲ နိုင်ငံ အတွက်ကိုပဲ အဓိက ဦးတည် ပြီးတော့ မိမိတို့ အားလုံးရဲ့ ကိုယ်စီ၊ ကိုယ်စီ အသီးသီးမှာ ရှိနေကြတဲ့ မလိုလားအပ်တဲ့ မာန ... တနည်းအားဖြင့် ဥပမာအနေနဲ့ ကိစ္စရပ် တစ်ခုကို လုပ်တော့မယ် ဆိုရင် ကိုယ်လုပ်တာထက် သူလုပ်တာက ပိုမြန်ဆန် သွက်လက်ပြီး ကောင်းမွန်မယ်ဆိုရင် ကိုယ့်အနေနဲ့ မာန မထားပဲ နောက်ဆုတ်ပေးဖို့ လိုအပ်ပါတယ်။ အဓိကပွိုင့်က အဲဒီကိစ္စပြီးရင် ကိုယ်နောက်ဆုတ် ပေးလိုက်ရတဲ့ လူပဲလုပ်လုပ်၊ ကိုယ်ကိုယ် တိုင်ပဲလုပ်လုပ် ... နှစ်ယောက်လုံး အဆင်ပြေရင် ပြီးတာပဲဆိုတဲ့ အချက်ကို ဦးစား ပေးသင့်ပါတယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန် တော်တို့ အားလုံးဟာ သာမာန် လူသားတွေပါ။ ဗမာပြည်က လက်ရှိ ဗိုလ်ချုပ်ဆိုတဲ့ အာဏာရူး လူယုတ်မာတွေလဲ သာမာန်ပဲ လောကီထဲ မှာ ကျင်လည် နေကြတဲ့လူတွေပါ။ အားလုံးဟာ တစ်နေ့ကျရင် မြေကြီးထဲ ရောက်မှာပါ။

မြန်မာနိုင်ငံရဲ့ စစ်အစိုးရကို ဖြုတ်ချပြီး အရပ်သား အစိုးရကို ပြောင်းလဲ စေချင်တာကတော့ မြန်မာနိုင်ငံ အတွင်း မှာ နေထိုင်သော အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူတို့၏ စိတ်ထဲတွင် အသေအချာတော့ ရှိနေသည် ဖြစ်ပါသည်။ သို့သော် ဖြုတ်ချ လိုက်ခြင်းအား ဦးတည် ဆောင်ရွက်ခြင်းကို တစိုက်မတ်မတ် လုပ်ဆောင်ခြင်းကို လိုအပ်သလို ဖြုတ်ချပြီး ထိုနေရာတွင် အစားထိုး ဆောင်ရွက်ရမည့် ကိစ္စအ၀၀တို့ကို ပြင်ဆင်ထားခြင်းလဲ လိုအပ်ပါတယ်။ ထိုသို့သော အခြေအနေတွင် အကောင်းဆုံး လုပ်ဆောင်နိုင် သော သူတွေလည်း အင်နဲ့ အားနဲ့ စစ်အာဏာရှင်များအား မှန်ကန်စွာ ဆန့်ကျင်နိုင်ရန် တစ်ဦးကို တစ်ဦးလေးစားသမှုနဲ့ အားလုံး စုပေါင်း ပြီး ဗျူဟာတစ်ခုကို သေသေချာချာ ချမှတ် အကောင်အထည် ဖော်နိုင်ရန် အသီးသီးမှ အမှန်တကယ် လိုလားလျှင်မူ အလျှော့ပေးသင့် တာကို ပေး၍ ဆန့်ကျင်သော ဘက်တွင် မရပ်တည် နေကြသေးပါ။ ထိုထက်ပို၍ မည်သည့် အတွေ့အကြုံမျှလည်း မရှိကြသေးပါ။

ထို့အတွက် အဆင်သင့် ဖြစ်ရန် ရှင်းရှင်းပြောရလျှင် ခေါင်းဆောင်နိုင်သော အရည်အသွေး ရှိသူများ သဘောတူ၊ ဆန္ဒတူ မဖြစ်ရင်တော့ တိုင်းပြည်ကို ပြန်လည်တိုးတက် တည်ငြိမ်အောင် လုပ်ဆောင် လိုခြင်းဟူသော စိတ်တစ်ခုနဲ့ ပေါင်းစည်းလိုနိုင်ခြင်း လုံးဝ မရှိလောက် အောင်ကို နည်းပါး နေသေးသည်ကို တွေ့ရပါသည်။ ဒီတော့ ကျွန်တော်တွှို အားလုံးဟာ ဒီအချက်ကို သိထားတဲ့အပေါ်မှာ သိသလိုပဲ ပြန်လည် ပြင်ဆင်ဖို့ လိုအပ်နေပါသည်။ ဒီဗိုလ်ချုပ်တွေရဲ့ ကမ်းကုန်အောင် ယုတ်မာမှုတွေကို ဖြိုဖျက်ဖို့အတွက် ကျွန်တော်တို့ အားလုံး အစစအရာရာ မိမိတို့ရဲ့ အားနည်းချက်ကြီးဖြစ်တဲ့ ဆရာကြီး အထာတွေကို သတိရှိရှိနဲ့ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေပါက ပြင်ဆင်ကြမှ ဖြစ်ပါမည်။ ဒါမှလဲနအဖရဲ့ အနိုင်ကျင့်၊ ယုတ်မာမှု လက်တစ်လုံးခြား ကောင်းကောင်း လုပ်ဆောင် နိုင်နေတာတွေကို သေသေချာချာ ဖြိုခွင်း နိုင်မှာဖြစ်ပါသည်။

ညီအကို၊ မောင်နှမတွေ အားလုံးအနေနဲ့ ကိုယ်စီ ကိုယ်၌မှာရှိသော၊ အရည်အချင်း အပေါ်မှာ မာန်တွေကို လျော့ချပြီး အထက်က ဆိုခဲ့သ လိုပဲ အဓိကပွိုင့်ဖြစ်တဲ့ ကောင်းမွန်သော မဟာဗျူဟာနဲ့ ရည်မှန်းချက်ကို ဦးတည်ကာ သွားကြ စေချင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရှိနေကြ တဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း အားလုံးက သူတွေအားလုံးကို ဒီပို့စ်လေးနဲ့ မေတ္တာရပ်ခံပါတယ်၊ အားလုံးသော မြန်မာလူမျိုး ကြီးငယ် မရွေး ကျွန်တော်တို့ကအစ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့ အားလုံးဟာ သာမာန် ဘာသာရပ်ချင်း၊ အတွေး ခေါ် မတူသော၊ မတူတဲ့ ရိုးရိုးလူတွေပါပဲ။ အဲဒါကိုမှ မာန်တွေ တက်ပြီး ဆွေးနွေးပွဲ တစ်ခု လုပ်တာတောင်မှ လုပ်ငန်း အကောင်အထည် မဖေါ်နိုင်သော လမ်းစဉ်နဲ့ ကောင်းသော အဖြေတစ်ခုကို တိတိကျကျ ရေရေရာရာ မထွက်ပဲ အသံနဲ့ ဟန်သာရှိသော ဖြစ်သလို နည်းဗျူ ဟာတွေနဲ့ ဆက်လက်ပြီး ချီတက် လုပ်ဆောင် နေကြမယ်ဆိုရင် ကျွန်တော်တို့ ကြိုးစားပြီး ဖြိုဖျက် ဖြုတ်ချနေတဲ့ မြန်မာနိုင်ငံရဲ့ အာဏာ ကို ချုပ်ကိုင်ထားတဲ့ လက်နက် အပြည့်အ၀နဲ့ အမိန့်နာခံမှု စည်းကမ်း အပြည့်ရှိတဲ့ စစ်အစိုးရ တစ်ရပ်ကို ဘယ်လိုလုပ်ပြီး အနိုင်တိုက် နိုင်မလဲဗျာ။

၁၉၈၈ ကနေ စရေတွက်မယ် ဆိုရင် အနှစ်နှစ်ဆယ် တင်းတင်း ပြည့်သွားခဲ့ပါပြီ။ ကျွန်တော်တို့ အတိုက်အခံတွေဘက်က ဘာတွေများ တိုးတက် အောင်မြင် လာပါသလဲ။ လူအင်အား၊ စိတ်ဓါတ် အင်အား၊ တွေးခေါ် တိုးတက်သော အတွေးပညာ၊ အသိပညာ၊ ကျန်းမာရေး၊ ပညာရေး၊ ဒီမိုကရေစီကို အခြေခံသော ကျင့်သုံးနည်းတွေ၊ ကိုယ်တိုင် ကျင့်သုံးအောင်မြင်မှု ရှိမရှိ၊ ဖြန့်ဝေ သင်ကြားပေးမှုတွေရဲ့ ဇယား တွေ။ အုပ်ချုပ်ရေး ပညာတွေ၊ အတွေးအခေါ် တူညီမှုနဲ့ နားလည်မှုတွေ .. အစ အစသော အခြေအနေတွေက ပြည်တွင်း မှာကော၊ ပြည်ပ မှာပါ ကောင်းမွန်သော အနိမ့်ဆုံး စံထားကို မတွေ့ရပါ။ ကြည့်ပါဗျာ။ စာရွက်တွေပေါ်မှာ ရှိသော ဘာသာရပ်ဆိုင်ရာ စာလုံးတွေအဖြစ်နဲ့ ရာသီသီးနှံ အော်ချက်တွေကိုပဲ မြင်ခဲ့ရ၊ တွေ့ခဲ့ရပြီး ကျွန်တော်တို့ တနေ့နဲ့ တနေ့ ကြီးပြင်း ရှင်သန်နေ၊ ဖြတ်သန်း လာခဲ့ကြရတာလို့ ပြောရင် တော်တော် ဆွေ့ဆွေ့ ခုန်ကာ ဒေါပွကြမှာကတော့ အသေအချာပါဘဲ။

ပြီးခဲ့တဲ့ စက်တင်ဘာက သံဃာတော်တွေ သွေးမြေကျခဲ့ရတဲ့ ပွဲမှာ ပြည်ပအဖွဲ့အစည်းတွေမှာ အမြန်ဆုံး ချက်ခြင်း အကောင်ထည်ဖေါ် လှုပ်ရှားနိုင်ဖို့အတွက် ဘာအသင့် ဖြစ်ခဲ့ပါလဲ။ မဖြစ်တဲ့အပြင် .. ဘာမှလည်း မလုပ်ရဲကြခဲ့ပါဘူး။ အားလုံး အငိုက်မိ သွားခဲ့ပါတယ်။ ဒီ တော့ အထဲမှာ အပီအပြင်သွေးနဲ့ ဘ၀နဲ့ ရင်းနှီး ပေးဆပ်နေရတဲ့ လူတွေအနေနဲ့ ပြောမယ်ဆို ပြောသင့်ပါတယ်။ ဒါပေမယ့် အဲလိုတွေ အ သံတွေ ထွက်လာတော့လဲ ပြည်ပမှာ အမှန်တကယ် စိတ်ဓါတ် ပြင်းထန်ပြီး စွဲစွဲမြဲမြဲ လုပ်ကိုင် နေရတဲ့ လူတွေက မခံစားနိုင်သလို၊ အခြေ အနေပေါ်မှာ မူတည်ပြီး ပြန်လည် ၀င်ရောက်လာကြသော သူတွေကော၊ အသီးသီးသော အလွှာပေါင်းစုံမှ သူတို့မှာလည်း တော်တော် လေး စိတ်အား ပျက်ရပါတယ်။ ဒီလို ဖြစ်သွားအောင် ဖြစ်တာကို ဖန်တီးပေး သူတွေက ဆရာတွေချည်းပဲ ဖြစ်နေတော့ စည်းလုံးမှုကို ဆောက်တည်လို့ မရဖြစ်နေပြီး ပရမ်းပတာ ဖြစ်နေတော့တာပါပဲ။ ဒီတော့ တကယ် အမှန်အကန်သမားတွေက ဘေးထွက်ထိုင်တဲ့ အထိ အခြေအနေတွေ ဆိုးဝါး လာပါတယ်။ မင်းတို့ လုပ်ချင်တာလုပ်တော့ ... တကယ် ဖြစ်ပြီဆိုတော့မှ ငါတို့ ပါလာတော့မယ်လို့ ဆိုလာသလို၊ ကိုယ်တို့ အမြဲကြည့်နေမယ်။ လုပ်ချင်သလိုသာ လုပ်ကြတော့။ သူတို့က အရင် လုပ်နေသူတွေ .. သွားပြောရင် သူတို့ထက် မတတ်လို့ ... သူတို့လို အနစ်နာမခံတဲ့ လူတွေ ဆိုပြီး ဟုန်နေသော အတွေးတွေ၊ အသားကျနေသော အတွေးတွေနဲ့ ပြန်ပြောကြတာ ဆိုပြီး အဆင်သင့် တော့ ရှိနေမယ် .. တော်ကီတွေနဲ့ ဆရာတွေကို စိတ်ညစ်တယ် ဆိုပြီး ဖြစ်ကုန်ပါတယ်။ မည်သို့ပင်ဖြစ်စေ .. တစ်ဦးတစ်ယောက်ထဲ လုပ်လို့ မဖြစ်တဲ့အတွက် ဘာတွေပဲ ဖြစ်နေဖြစ်နေ ဘေးထွက် ထိုင်နေကြတဲ့ အမှန်အကန်သမား၊ တတ်သိ ပညာရှင်တွေ၊ ဆရာသမား တွေကိုလည်း မေတ္တာရပ်ခံပါတယ်။ ခင်ဗျားတို့ အနေနဲ့ တိုင်းပြည်ကို စေတနာရှိတာ မှန်ကန်ရင် ဘာပဲဖြစ်ဖြစ် ဘေးမှာတော့ ထွက်ထိုင်မ နေကြပါနဲ့။

လက်ရှိ ဦးဆောင်နေတဲ့ သူတွေ အနေနဲ့လဲ နောက်တက်ပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အင်အား တိုးလာတဲ့အပေါ်မှာ ကြိုဆိုကြစေချင်ပါတယ်။ ထိပ်ကနေ စည်းပိတ်တာတွေ၊ ငါတို့က စီနီယာကျတယ် .. အတွေ့အကြုံ ရှိတယ်။ ငါတို့ ပြောတာကိုပဲ လက်ခံရမယ်။ ငါတို့ပြောတာ ငါတို့ လုပ်တာ မတူရင်၊ သဘော မကျရင်၊ သာသွားမှာ ထင်ရင် နံမည်ကို ၀ိုင်းပြီး တံဆိပ်ကပ်ကြသော၊ တွန်းပုတ်ခတ်ကြသော စကားလုံးတွေနဲ့ ဒီမိုအမည်ခံပြီး နအဖ တစ်ပိုင်း အထာတွေကို ခင်ဗျားတို့ နိုင်ငံကို တကယ် ချစ်တာမှန်ရင် တကယ်ကို ဒီမိုကရေစီကို လက်ခံယုံကြည်သက်ဝင်ရင် ဖျောက်ဖျက်ကြပါ။ အားလုံးဟာ စုစည်း ညီညွှတ်မှုရှိမှ စစ်တပ် အာဏာရှင်အစိုးရကို ဖြိုချဖို့ ဖြစ်နိုင်မှာပါ။

ခင်ဗျားတို့ ကို ဒီလိုပြောလို့ မင်းက ဘာကောင်လဲ ဆိုရင် ကျွန်တော်က ဗမာပြည်သား၊ မြန်မာနိုင်ငံသား စစ်စစ် တစ်ယောက်ပါလို့ပဲ ပြန် ဖြေမှာပါ။ အထူးသဖြင့် ဒီမိုကရေစီကို တိုင်းပြည်မှာ ထွန်းကားလာပြီး အထည်ကြီးကို ပြတ်ပြတ်သားသား နိုင်ငံတကာမှာ ပြတ်နေတဲ့ ဗမာပြည်နဲ့ လူမျိုးကို မူလ အစစ်အမှန်အတိုင်း ပြန်ဖြစ်စေချင်တဲ့ လူတစ်ယောက်ပါ။ ဒီလိုမျိုး ရေးလိုက်လို့ အမျှော်အမြင် မရှိတဲ့ ငတုံးလို့ ပြောလာရင်လဲ ခင်ဗျားတို့ ကြိုက်သလိုပြောလို့ ရပါတယ်။ ကျွန်တော် အပါအ၀င် ကျွန်တော့်လို အမြင်တူတဲ့ လူတွေက အခုလက်ရှိ ဖြစ်စဉ် တစ်ရပ်လုံးကို ပြောင်းပြန် လှန်ရမယ်လို့ ယူဆထား ကြပါတယ်။ ဒီလို ယူဆချက်က ပွိုင့်တစ်ခုကိုပဲ ဦးတည်ထားပြီး ကျန်တာတွေကို အမြင်အတိုင်း အတိအကျ သုံးသပ်ထားခြင်း ဖြစ်ပါတယ်။ ညီအကိုတို့ တိုင်းပြည်ကို တကယ် အစစ်အမှန် ချစ်ပါသလား? ထိုသို့သော အခြေအနေကို မသိချင် ယောင်ဆောင်၍ ဆက်လက် အိမ်မက်ကမ္ဘာကို ဆက်လက် လျှောက်လှမ်း ကြမယ်ဆိုသော် မြန်မာနိုင်ငံသည် .... နောင်လာမယ့် နှစ်တွေနှင့် မြန်မာ့သမိုင်းတွင် မိမိတို့ခေတ် ရောက်မှ ညံ့ရာ ကျတာထက် မိမိတို့ခေတ် ရောက်မှ.. ဖျင်းဆိုသော ဘ၀ကို ပိုင်ဆိုင် ရသူများ အဖြစ် ရောက်ကြ ရတော့မှာလားဟု အကြောင်းပြု၍ ရိုးသားစွာ တင်ပြ ရေးသားလိုက်ရပါသည်။

ကိုတေ

အပြည့်အစုံသို့ ..

Saturday, June 7, 2008

ပြည်ချစ်စစ်သားသမိုင်းဝင်သူရဲကောင်းဖြစ်လာစေရန်

ဆန့်ကျင်ဖက်မျက်လုံးရဲ့ဘလော့က ပြည်ချစ်ဘုန်းဘုန်းနဲ့ ဆွေးနွေးခန်း အပေါ်မှာ ဒီကွန်မန့်လေးကို ပေးဖြစ်ခဲ့ပါတယ်။ သူ့အနေနဲ့ ဖော်ပြ၊ မဖော်ပြ မသေချာလို့ ကျွန်တော်ဒီမှာပါ တစ်ခါထဲ တင်လိုက်ရင်း ပညာတတ်စစ်ဗိုလ် ညီငယ်တွေ အားလုံးကို ရည်ရွယ်ပြီး ရေးလိုက်ခြင်း ဖြစ်ပါတယ်။
ပထမဦးဆုံး အနေနဲ့ အရှင်ဘုရားကို ကျေးဇူးတင်လှစွာနဲ့ ရိုသေမြတ်နိုး လက်စုံမိုးပြီး ရှိခိုးကန်တော့ပါတယ် ဘုရား။ ဆန့်ကျင်ဘက် မျက်လုံးဆိုတဲ့ လူတော်တစ်ယောက်ဖြစ်တဲ့ ကိုယ့်ညီကိုလဲ ဒီလိုဆွေးနွေးခန်းတွေကို ဘလော့မှာ ဖော်ပြပေးလို့ ကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုထိမှနာ ဆိုသလို ကိုယ့်ညီတောက်လျှောက် နအဖကို ထိမခံလုပ်လာတာတွေကို မကြည့်ပဲ၊ မထောက်ထားပဲ ကိုယ့်ညီတို့ရဲ့ တပ်ချုပ်ကြီးက ဒီလိုပို့စ်မျိုးကို တင်ရမလားဆိုပြီးတော့ အမျက်တော်ရှမှ သိလာမှာမျိုး ဆိုရင်တော့ ညီလေးရဲ့အရည်အချင်းနဲ့ အတွေး အခေါ်တွေက မှန်ကန်ပါ့မလား ဆိုတာကို မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မစဉ်းစားသင့်ဘူးလား။

ညီတို့က ပြောတယ်။ နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး၊ နိုင်ငံကို ကောင်းစေချင်ပါတယ်လို့၊ နိုင်ငံကို ကောင်းစေချင်တယ် ဆိုရင် ကိုယ့်ညီအ နေနဲ့ လုပ်ရမှာက ဘာလဲဆိုတော့ ကိုယ့်ညီ့ရဲ့ ပညာအရည်အချင်းနဲ့ ဗဟုသုတ အတွေးအခေါ်တွေကို မှန်ကန်စွာ အသုံးချပါ။ နိုင်ငံကို ကောင်းစေချင်လို့ မွေးကထဲက သားသားကြီးလာရင် ဘာလုပ်မလဲ ဆိုတာကို စစ်သားကြီး လုပ်မယ်၊ စစ်ဗိုလ်ကြီးလုပ်မယ် ဆိုတာကနေ တစ်ပြားမှ မလျှော့ခဲ့တဲ့ လူတွေ တော်တော်များများက စစ်တပ်ထဲမ၀င်ခဲ့ဘူး... ၀င်ခဲ့တဲ့သူတွေကိုလဲ နိုင်ငံကို မကောင်းစေချင်လို့ ၀င်ခဲ့တာ လို့ မဆိုလိုပါဘူး..။ ဒါပေမယ့် ဖောဖောတွေနဲ့ စစ်ဗိုလ်လုပ်နေရမှာ၊ အထက်အရာရှိရဲ့ ဖိနပ်ကို တိုက်ပေးပြီး စစ်ဗိုလ် လုပ်နေရမှာ၊ ပြည်သူ တွေကို ရက်စက် နှိပ်ကွပ်နေတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ မတရားအမိန့်ကို နာခံရမှာ..အပြောတစ်မျိုး အလုပ်တစ်မျိုး၊ ရှေ့စကား နောက်စကား မညီတဲ့ လက်တစ်ဆုပ်စာ လူတွေရဲ့ အမိန့်ကို နာခံရမှာ၊ ဆိုခဲ့တဲ့ သစ္စာအဓိဌာန်တွေရဲ့ ဆန့်ကျင်ဖက်တွေကို လုပ်နေတာထက် စာရင် တော့ ဘယ်သူ့ အမိန့်မှ မနာခံပဲ အေးဆေးလေး တိုင်းပြည်ကောင်းစားစေချင်တဲ့ ဆန္ဒအမှန်ကို ရိုးရိုးပြည်သူတစ်ယောက် အနေနဲ့ပဲ ဥပမာအနေနဲ့ ပရဟိတ အလုပ်တွေပဲ လုပ်နေတာက ပိုကောင်းမှာပါ..။

တကယ်ဆိုရင် ကိုယ့်ညီ သိတဲ့အတိုင်းပဲ နယ်နမိတ်သတ်မှတ်ထားတဲ့ နိုင်ငံ သို့မဟုတ် တိုင်းပြည်ဆိုတာ အဲဒီနိုင်ငံသားတွေ တနည်းအား ဖြင့် ပြည်သူတွေပါပဲ...။ ဒီတော့ နိုင်ငံကို ကောင်းစေချင်တာ ပြည်သူကို ကောင်းစေချင်တာ မဟုတ်ဖူးလား...။ ကိုယ့်ညီတို့ စစ်တပ်ဟာ အမိန့် နာခံမှု တစ်ခုအရ ပြည်သူတွေကို ပြန်သတ်နေ၊ မတရားဖမ်းဆီး ထောင်ချနေတာတွေဟာ နိုင်ငံကို ကာကွယ်နေတယ်လို့ ကိုယ့်ညီ ယူဆသလား...။ မယူဆဘူးဆိုရင် ဗိုလ်ချုပ်တွေရဲ့ အမိန့်ကို ပြန်ဆန်းစစ်ဖို့ လိုလာပါပြီ..။ သူတို့လဲ သစ္စာဆိုလာတဲ့ လူတွေပါ..။

ဒါပေမယ့် သူတို့က နိုင်ငံကို သေနတ်နဲ့ ပြန်ပစ်ခိုင်းနေတာပါ..။ ဒီတော့ သူတို့ဟာ သစ္စာဖောက်တွေပါ..။ ကိုယ့်ညီတို့ အနေနဲ့ ဆိုခဲ့တဲ့ သစ္စာ အဓိဌာန်လေးချက်ကို အကောင်အထည် ဖော်မယ်ဆိုရင် သူတို့ရဲ့ အမိန့်တွေကို ဖီဆန်ဖို့ လိုအပ်ပါတယ်..။ စစ်တပ်မှာ အမိန့် ဖီဆန် တာဟာ သေဒဏ်ဆိုတာ နားမလည်လို့ ဒီလိုပြောတာ မဟုတ်ပါဘူး။ သို့ပေမယ့် ကိုယ့်ညီတို့က နိုင်ငံအတွက် အသက်ပေးပါမယ်လို့ ဆိုခဲ့ တဲ့ သစ္စာထဲမှာ ပါတာပဲမဟုတ်လား...။ ဒီတော့ ကိုယ့်ညီတို့အနေနဲ့ သေသေချာချာ ဆင်ခြင်သုံးသပ်ပြီး ဘာကိုဘယ်လို စီစဉ်ပြီး အချိန်အ တိုင်း အတာတစ်ခုမှာ အကောင်အထည်ကို ဘယ်လိုဖော်ပြီး နိုင်ငံချစ် စစ်သားကောင်း၊ ပြည်သူ့ စစ်သားသမိုင်းဝင် သူရဲကောင်းတွေ ဖြစ် အောင် လုပ်နိုင်ဖို့အတွက် အခွင့်အရေး ရှိနေပါပြီ။ အသက်တစ်ချောင်းဟာ အချိန်တန်ရင် သေမှာပါပဲ...၊ သမိုင်းဝင် သေရမှာနဲ့ ရိုးရိုး သေရမှာနဲ့ ကိုယ့်ညီတို့ ပညာတတ် စစ်ဗိုလ်တွေ သေသေချာချာ စဉ်းစားကြဖို့ အကြံပေးလိုက်ပါတယ်။

နိုင်ငံသူရဲကောင်း၊ ပြည်ချစ်စစ်သား၊ စစ်ဗိုလ်ကောင်းတွေ ဖြစ်လာကြပါစေ။

ကိုတေ

အပြည့်အစုံသို့ ..

Saturday, May 17, 2008

သဘာဝရဲ့သတိပေးချက်

သဘာဝ ဘေးအန္တရာယ်ကြောင့် အနဲဆုံးအနေနဲ့ နအဖက တရားဝင် ထုတ်ပြန်ကြေငြာထားတဲ့ လူဦးရေတောင်မှ သောင်းနဲ့ ချီပြီး သေ ကြေ၊ ဒဏ်ရာရ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရတာ လတ်လတ်ဆတ်ဆတ်ကြီး ရှိပါသေးတယ်။ ဒီတော့ ကျွန်တော် စဉ်းစားမိတာက ကျွန်တော်တို့တွေ ဘာကို တွယ်တာနေမှာလဲ။ ဂုဏ်တွေလား၊ ပကာသနတွေလား၊ ကောင်းပါပြီ။ ကျွန်တော်တို့ အားလုံးဟာ သာမာန် ရိုးရိုး လူသားတွေ၊ လောကီမှာ ကျင်လည် နေကျတာ ဖြစ်တဲ့အတွက် ဒီအချက်တွေဟာ လိုအပ်တယ်ဆိုတာကို ကျွန်တော် မငြင်းပါဘူး....။ ဒါပေမယ့် အဲဒီလို ဂုဏ်တွေ၊ ငွေတွေ ပကာသနတွေအတွက် လူအများစုကြီး ဒုက္ခရောက်ပြီးမှ တကယ်တမ်း အဆင်ပြေနေတဲ့ လူနည်းစု ဗိုလ်ချုပ်တွေရဲ့ အောက်ဆွဲပြီး မိမိရဲ့အရည်အချင်းကို မြှင့်တင်မှာလား၊ တကယ်ဆို ကျွန်တော်တို့ရဲ့သန်းငါးဆယ် ကျော်တဲ့ ပြည်သူ လူထုကြီး တစ်ရပ်လုံး ကို မတရား ဂုတ်သွေးစုတ်နေတဲ့ လူနည်းစု ဗိုလ်ချုပ်တွေရဲ့ အပေါင်းအပါ အင်အား စုစုပေါင်းတောင်မှ တစ်သိန်းမပြည့်ပါဘူး.....။ သူတို့ တွေဟာ ကျွန်တော်တို့လို လူသာမန်တွေပါပဲ...။ ဒါပေမယ့် သူတို့အခွင့်ထူးတွေ ခံစားနေကြတယ်...။ အဲဒီလို ခံစားတဲ့နေရာမှာလဲ အားလုံး က သဘောတူ ကြည်ဖြူလို့ သူတို့နဲ့ ထိုက်တန်ပါတယ် ဆိုပြီး ဂုဏ်ပြု ချီးမြှောက်ထားလို့ ဆိုရင် တစ်မျိုးတစ်ဘာသာပါ။

ကျွန်တော်တို့တွေ ဘာအတွက်ကြောင့် ခေါင်းငုံ့ခံပြီး သူတို့လုပ်ချင်တာ လုပ်နေတာ၊ ဂုတ်သွေး စုတ်နေတာတွေကို လိုက်ပြီး ဆောင်ရွက် လုပ်ကိုင်၊ မသိချင် ယောင်ဆောင် နေမှာလဲ....။ အဓိကအနေနဲ့တော့ တပ်မတော်သား ညီအကိုတွေအားလုံးကို ကျွန်တော်ဒီပို့စ်လေးနဲ့ အတူ မေတ္တာရပ်ခံပါတယ်။

ညီအကိုတို့ အားလုံးဆိုခဲ့ရတဲ့ သစ္စာ၊ အဓိဌါန်လေးချက်ရဲ့ အနက်အဓိပ္ပါယ်ကို သေသေချာချာ ပြန်ဆင်ခြင်ပြီး ကျွန်တော်တို့တစ်မျိုးသား လုံးရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ပြည်သူ့ စစ်သားကောင်းတွေ အဖြစ် လုပ်ပြပြီး သမိုင်းကိုရေးဖို့ လုပ်ကြ စေချင်ပါ တယ်...။ ကျွန်တော်တို့ အားလုံးဟာ ဘယ်လိုမဆို တစ်နေ့ မြေကြီးထဲကို ရောက်ရမှာပါပဲ...။ ဒီတော့ ကျွန်တော်တို့ ဘာလို့ ဒီဗိုလ်ချုပ်တွေ ရဲ့အမိန့်ကို နာခံပြီး သံဃာပါမချန် သတ်ဖြတ်ပြနေမှာလဲ ညီအကိုတို့ ... အခုကျွန်တော်တို့ နိုင်ငံကို တစ်ကမ္ဘာလုံးက သိသွားပါပြီ...ဒီလို သိလာတာကလည်း အင်မတန်မှ ယဉ်ကျေးပါတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ လူမျိုးဟာ ဘုရားရဲ့ သားတော်တွေကိုပါ သတ်ဖြတ်ပြလိုက်လို့ ပါ...။ ပြီးတော့လဲ ကျွန်တော်တို့ အားလုံးကို သဘာဝတရားကြီးက သတိပေးလိုက်လို့ပါပဲ...။ မြေကြီးထဲကို ရောက်ကို ရောက်ရမယ့် အတူ တူ မင်းတို့ ကောင်တွေ ဘာလို့ ငုံ့ခံနေမှာလဲ...။ ငုံ့ခံလို့ ဘာအကျိုး ဖြစ်ထွန်းလာမှာလဲ ဆိုပြီး မြေကြီးထဲ ရောက်တဲ့ ဥပမာတစ်ခုကို ပေး လိုက်တာ ချက်ချင်းလက်ငင်းပါပဲ...။ ကျွန်တော်တို့ အားလုံးဟာ ကိုယ်စီကိုယ်စီ အကြောင်း အမျိုးမျိုးကြောင့် ဂုဏ်သော်၎င်း၊ ငွေပကာသ နသော်၎င်း၊ ရာထူးဂုဏ်ရှိန် ကြောင့်သော်၎င်း၊ တစ်မျိုးသားလုံး စစ်ကျွန်ဘ၀ ရောက်နေတာကို မသိချင် ယောင်ဆောင်မှာလား၊ ဒါမှမ ဟုတ် ဖော်လိုလိုက် နေမှာလား၊ ဒါမှမဟုတ် မနိုင်သေးလို့ဆိုပြီး ငုံ့ခံနေမှာလား။

ဒီနအဖ စစ်ဗိုလ်ချုပ်တွေဟာ အခုဆိုရင် အင်မတန်မှပဲ ရေရှည်အတွက် တိုင်းပြည်ကို ရလဒ်ကောင်းတွေ ထွက်မလာအောင် အခြေခံဥပ ဒေကိုပါ သူတို့ ထိခိုက်လာပါပြီ။ ဒါဟာ တိုင်းပြည်ကို ချွတ်ချုံ ကျသထက်ကျပြီး ကမ္ဘာမပြောနဲ့ အရှေ့တောင် အာရှနိုင်ငံတွေမှာတောင် ဘယ်အပိုင်းကမှ မ၀င်ဆန့်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါလိမ့်မယ်။ ဒီထက် ပိုဆိုးတာက လူတွေမှာ ဘယ်သူသေသေ ငတေမာရင် ပီး ရောဆိုတဲ့ စိတ်ဓါတ်မျိုးတွေ လူတိုင်းမှာ ကိုယ်စီ ဖြစ်လာနိုင်ပါတယ်။ သမိုင်းကြောင်း အစဉ်အလာက အဲဒီလို ဖြစ်လာဖို့အတွက် ဒီနေ့မှာ ခင်ဗျားတို့ ကျွန်တော်တို့ ဖန်တီးနေသလို ဖြစ်နေပါတယ်။ ဒီတော့ ကျွန်တော်တို့ အားလုံး ဒီအချက်ကို သတိရှိရှိနဲ့ ကျွန်တော်တို့ရဲ့မျိုးရိုးစဉ် ဆက်တွေ ရေရှည်မှာ ကောင်းမွန်ဖို့ တကယ့် အခြေခံကျတဲ့ ဒီမိုကရေစီစနစ်ကို တက်လှမ်းနိုင်ဖို့ လိုပါတယ်။ ဒီကမှ တဆင့် ဒီထက် ကောင်းမွန်တဲ့ စနစ် ဆိုရှယ် ဒီမိုကရေစီဆိုလဲ ဆိုရှယ်ဒီမိုကို ကျွန်တော်တို့ အားလုံး တက်လှမ်းနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

မင်းပြစ် မင်းဒဏ်သင့်မှာ ကြောက်လို့ မလုပ်ဖူးဆိုတာမျိုးကတော့ ဒီလို အစိုးရလက်အောက်မှာပဲ နေရမှာပါပဲ။ ဒီတော့ ကျွန်တော်တို့ ကြောက်နေကြမှာလား...။ ဗမာပြည်သား တိုင်းရင်းသားတွေ တစ်ဦးချင်းစီကို လိုက်မေးကြည့်ရင် ကြောက်ပါတယ်လို့ ဖြေမယ့်လူက မရှိ သလောက်ရှားမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲဒီလိုပဲ ကမ္ဘာပြည်သား တိုင်းရင်းသားတွေအားလုံးလဲ မကြောက်ဖူးလို့ပဲ ယေဘူယျ သတ်မှတ်ရမှာပါပဲ။

ဒီတော့ ခင်ဗျားတို့ ကျွန်တော်တို့ မကြောက်တာမှန်ရင် ကျွန်တော်တို့ အားလုံးရဲ့ နောင်လာ နောင်သားတွေအတွက် ကျွန်တော်တို့ ဒီနအဖ ကိုပြုတ်ကျတဲ့အထိ ဆော်ပြနိုင်ဖို့ လိုပါတယ်။ ကျွန်တော်လဲ တစ်ချိန်တုန်းက ဒီလောကထဲကို မ၀င်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ရှက်လာ ပါတယ်။ ကျွန်တော်တို့ရဲ့ အမကြီးတွေ ဖြစ်တဲ့.. ဥပမာ.. မနီလာသိန်းတို့လို မိန်းကလေးတွေတောင် ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့ လူ မျိုးအတွက် ရေရှည်ကောင်းဖို့ကို ကိုယ်ကျိုးစွန့် အနစ်နာ ခံပြနေပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ ယောင်္ကျား ရင့်မာကြီးတွေက ကိုယ့်လူ မျိုး အချင်းချင်းထပြီး တစ်ဦးချင်းဆီမှာ ဓါးနဲ့ ခုတ်ထိုး သတ်ဖြတ်ဖို့ကျတော့ ၀န်မလေးကြပဲ နိုင်ငံအပေါ်မှာ ကျတော့ ကြောက်ပြ နေတယ် ဆိုရင် မလေးရှားက ကိုကျော်ကျော်တို့ရဲ့ပွဲကလို ဗိုလ်ချုပ်တွေကို ထမိန်ဝတ်ပေးပြီး သနပ်ခါး ပါးကွက် ကွက်ထား လိုက်တာက ပိုကောင်း မှာပါ။ ဒါတောင် အမှန်အကန် မိန်းမမျိုးတွေဖြစ်တဲ့ မနီလာသိန်းတို့က ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးကို ပျင်းတယ်လို့ မျက်လုံးချင်း ဆိုင်ပြီး အေးအေးဆေးဆေးလေး ပြောသွားမှာပါ။

လောလောဆယ်ကတော့ သဘာဝတရားကြီးက ကျွန်တော်တို့ကို ဒဏ်ခတ်လိုက်ပါပြီ..။ ဒီအတွက် ကျွန်တော်တို့ အားလုံး ပေးလိုက်ရတဲ့ တန်ဖိုးကတော့ လက်ရှိဖြစ်ပျက်နေတဲ့ ဟာတွေအားလုံးပါပဲ..။ လူတွေမှာ လေနဲနဲ တိုက်လာရင်တောင် နေစရာ မရှိတော့ပါဘူး။ ကိုယ်လုပ် မှ ကိုယ်ရမှာပါ..။ ဘယ်လို အမေကိုမှ ကျော်ပြီး ကျွန်တော်တို့ အားလုံးဟာ ဒွေးတော်ကို လွမ်းလို့ မရနိုင်ပါဘူး..။ကုလ.. အမေရိက..ဂြိုလ် သား ဘာကိုမှ လွမ်းနေလို့ မဖြစ်နိုင်ပါဘူး..။ ဒီတော့ ကျွန်တော်တို့ ညီညာစွာနဲ့ နအဖကို ဆော်ရရင် ကောင်းမယ်ဗျာ...။ ဒီအတွက် ခင်ဗျား တို့လို ပြည်ထောင်စုရဲ့ တပ်မတော်သား အမှန်အကန်တွေကိုပဲ လိုအပ် နေပါတယ်။ သဘာဝ တရားကြီးက ကိုယ်လုပ်မှ ကိုယ်ရမယ် ဆို ပြီး သတိပေး၊ ဒဏ်ခတ် ပြလိုက်ပြီး တာဝန် ကျေပြလိုက်ပါပြီ။ ဒီအတွက် ဘာတွေ ပေးဆပ်လိုက်ရလဲ...။ ပေးဆပ်မှု မရှိပဲ ဘာမှ မရနိုင်ပါ ဘူး....။ ကျွန်တော်တို့ တတ်နိုင်သလောက် ပေးဆပ်ကြမယ်ဗျာ...။ ။

ကိုတေ

အပြည့်အစုံသို့ ..