Showing posts with label ကဗျာထဲကတော်လှန်ရေး. Show all posts
Showing posts with label ကဗျာထဲကတော်လှန်ရေး. Show all posts

Thursday, August 21, 2008

“ သူပုန် ”


သူပုန်

အဘွားရဲ့မောင် ...

အဘိုးလေးပေါ့ ...။

သူရတံဆိပ် ရင်မှာထိုးလို့

ဝန်ကြီးမျိုးဟေ့ဆိုပြီး ......

တွေ့သမျှတူသား ...

စစ်သားဘဲဖြစ်ရမတဲ့။

အဘွားရဲ့သား ....

ထမင်းစားရင်တောင်

ပုံစံနဲ့ကျွေးတဲ့ ကျုပ်အဖေလေ....

သားတွေကို သူ့ လိုဘဲ

စစ်ထဲဝင်ရမတဲ့ ...။

ပန်းချီဆွဲ ကဗျာရေးတဲ့ ကျုပ်ကိုတောင်...

ခပ်ပျော့ပျော့ကောင်တဲ့ ...။

ကျုပ်တို့က မျိုးဆက်သစ်တွေပါ...

၈၈ မှာ ကျုပ်သောင်းကျန်းတော့

အဘိုးလေးနဲ့အဖေ ..

အမျက်ချောင်းချောင်းထွက်ပြီး ..

နာမည်ပန္နက်တယ် ....

မျိုးဂုဏ်ဖျက်တဲ့

မိသားစုထဲက သူပုန်တဲ့။

ကျုပ်ကတော့... ပုန်ကန်မယ် ...

မြန်မာပြည်မှာမွေးတယ်

ဂေါတမဘုရားကိုးကွယ်တယ်

မဂ္ဂင်ရှစ်ပါးကို လေးစားတယ် ...။

တခုတော့ ပြောချင်တယ်...

အဘိုးလေးစစ်တပ်...

မဂ္ဂင်ရှစ်ပါး မနာကြားသမျှ

အဖေတို့စစ်တပ်..

မဂ္ဂင်ရှစ်ပါး မကျင့်ကြံသမျှ.....

မင်းကျင့်တရားဆယ်ပါး ပါယ်ရှားသမျှ

တစ်ပြားမှ မလျှော့

ကျုပ်ကတော့ ......

သူပုန် ရေးချ သူပုန်ဘဲ ...။


သစ်နက်ဆူး

(ဒီကဗျာလေးဖြင့် .. အဘိုးလေးနှင့် အဖေအား ဝေးတစ်မြေမှ ဦးချပူဇော် ပုန်ကန်လိုက်ပါ၏)

အပြည့်အစုံသို့ ..

Tuesday, August 19, 2008

``၀င်ကစွပ်ကောင်´´

အမိ အဘ တဲ့လား......

သူငယ်နှပ်စား အကျင့်နဲ့

ငယ်ကျိုးငယ်နာ ဖေါ်လား ဖေါ်ရဲ့...။

ဆယ်ဆွေ ဆယ်မျိုး ပုဒ်မထိုးပြီး

ဖမ်းလားဖမ်းရဲ့ .......။

ကိုယ့်ဖဲကိုယ်ချိုး ........

ကိုယ့်မဲ ကိုယ် ခိုးလားခိုးရဲ့ ......။

ကိုယ့်ဆည်ကိုယ်ဆောက်...

သူများမြေ ဖျောက်လားဖျောက်ရဲ့ ..။

ကိုယ့်တံတားကိုယ်ဆောက်...

ကိုယ့်ဘိလပ်မြေ ကိုယ်ခိုး....

ကိုယ့်တံတားလည်းကျိုးး.....

အို....

ကိုယ်မေ ကိုယ်ရိုးတွေ အုပ်ချုပ်သမျှ

တိုင်းပြည်လည်း ဒုက္ခ....။

ဘ၀ ဘ၀က ဇာတိတွေပြ...

ငတက်ပြားတောင် သြချရမယ်...

ဓါတ်ငွေ့ရောင်းလည်း ခိုး

ကျောက်ရောင်းလည်း ခိုး

ရသမျှ ၀ှက် ရသမျှ ခိုး......

သွားဖြဲ နားဖြဲစား.....

ပြိတ္တာဘ၀များမှာတောင်.....

စားပိုးနင့်သေပြီး.....၀င်စားသလားထင်ရ

ဖုတ်လို စားပြီး......

ခွေးလိုအော်သေးတယ်..

တပ်မတော်သာ အမိ.....

နင့်မေ့ကလွှား အမိ..

တပ်မတော်သာ အဘ...

နင့်မေ့ကလွှား အဘ....

မတန်မရာ စကားတွေကြားသမျှတော့....

နားနှစ်ဘက်တောင် အဘော့ရှင်းဖြစ်ချင်တယ်..

အံမကျ ခွင်မ၀င်

ကမ္ဘာတစ်ခွင် ရှက်အိုးကွဲတဲ့....

အိုဗျ....

ဝင်ကစွပ် ဠင်းဒ..။ ။

စစ်ဟိန်း

အပြည့်အစုံသို့ ..

Friday, August 15, 2008

သွေးယူရမယ့် မနက်ဖြန်

ငါတို့ရဲ့မနက်ဖြန်ကို......

ငါတို့ကိုယ်တိုင် သွေးယူရလိမ့်မယ်

ပြန်မရနိုင်တော့တဲ့ တမ်းတစိတ်နဲ့

အပေါင်ဆုံးလက်မှတ်ကြီးကိုင်ပြီး..

ငိုင်နေရမယ့် ဘ၀တွေမဟုတ်ပါဘူး......

အားလုံးရဲ့ပိုင်ဆိုင်မှုကို...

ငါတို့ပေါင်နှံခဲ့တာမှ မဟုတ်တာ...။

အရိုးဘဲကိုက်ဘူးတဲ့ ခွေးတစ်အုပ်က

လက်ဝါးကြီးအုပ်ပြီး ဘုရင်လုပ်ချင်နေတာလေ...။

ခင်ဗျားဖြစ်ဖြစ် ကျုပ်ဖြစ်ဖြစ်...

မင်းဖြစ်ဖြစ် ငါဖြစ်ဖြစ်.....

တိုက်ပုံနဲ့ရင်ဖုံးဝတ်ပြီး....

ကိုယ့်ကိုကိုယ် မှန်ထဲမှာ

ရဲရဲပြန်ကြည့်ရဲတဲ့ တစ်နေ့....

ငါတို့တစ်နေရာမှာ ပြန်ဆုံရလိမ့်မယ်..။

နွားကွဲလို့ကျားဆွဲတာ

လူကြားကောင်းပေမယ့်...

ကျားကွဲလို့ခွေးဆွဲတာ.....

ရာဇ၀င်နာတယ်..။

..........

ငါတို့အပေါင်ဆုံးသွားတာ မဟုတ်ပါဘူး

အလုခံထားရတာပါ

ဘယ်နေ့နောက်ဆုံးဆိုတာ...

သတ်မှတ်ချက်မရှိတဲ့ တိုက်ပွဲ

ဇွဲရှိမယ်ဆို.......

မနက်ဖြန်တိုင်းဟာ.....တိုက်ပွဲဘဲဟေ့..။


သစ်နက်ဆူး

အပြည့်အစုံသို့ ..

Thursday, March 20, 2008

သွေးရဲတဲ့ ပန်းတစ်ပွင့်


အသွေးအရောင် ကောင်းကောင်းနဲ့
ဓါးတစ်ချောင်းရဲ့ပန်းပွင့်
ခွေးလေခွေးလွင့်တွေ ၀ိုင်းကိုက်တယ်...။
ပန်းတစ်ပွင့်ကတော့..
မြင့်သထက်မြင့်လို့
တင့်တယ်ခြင်းတွေ
ခညောင်းညွှတ်ဆင်း
ခွေးအိုကြီးတွေအတွက်
ကြောက်လန့်ခြင်းကိုဖြစ်စေတယ်.....။

မန္တလေးကြိုးကြီးချိတ်နဲ့
ပန်းတစ်ပွင့်ကို
သေနတ်ခါးချိတ်တဲ့လူတွေ
အသေကြောက်တယ်......။
သူမ.......
လှပတယ်
ရဲရင့်တယ်
တင့်တယ်တယ်
မြင့်မြတ်တယ်
နူးညံ့စွာ မာကြောလှတယ်...။
ပန်းတစ်ပွင့်မှာ...
ရန်သူတွေများတယ်...
သူတို့က
ရာဇ၀င်တစ်ခုကို
အကျဉ်းချထားရင် ရလိမ့်မယ်လို့
ဥာဏ်နုံ့စွာနဲ့ယုံကြည်တယ်
ဒါကြောင့်လည်း.....
မျက်မမြင်ပုဏ္ဏားတွေ အခါပေးသမျှ
တိုင်းပြည်တစ်ခုလုံး ချေမွခံခဲ့ရတယ်...။
ပန်းတစ်ပွင့်က...
စာတတ်တယ်....
ကမ္ဘာ့စာပေတွေဖတ်တယ်
ပြည်သူတွေရဲ့ရင်ဘတ်ကိုဖတ်တယ်..
သူတို့က...
ရှေ့ဖြစ်နောက်ဖြစ်ဖတ်တယ်
ဗေဒင်ဖတ်တယ်....
ပန်းတစ်ပွင့်က..
ပညာဥာဏ်ကို အခြေပြုတယ်
သူတို့က ယတြာကို လု`ချေနေကြတယ် ....
ဒါနဲ့များ...
တိုင်းပြည်ကောင်းစားအောင်
သူတို့မှဘဲ လုပ်နိုင်မတဲ့လေ....။
ပန်းတစ်ပွင့်......
ပန်းတစ်ပွင့်ရဲ့တင့်တယ်ခြင်း
ကျေနပ်ခြင်းများနဲ့လက်ခံပါတယ်
ပြည်သူတွေ အတွေးနဲ့
အားလုံးရဲ့ရှေ့ရေးမှာ
လေးသိန်းကျော် လူ့အန္တတွေရဲ့ဦးခေါင်းထက်
ပန်းတစ်ပွင့်က နေရာယူထားလျှက်ပါ....။
ပန်းတစ်ပွင့်...
ရဲရင့်စွာ ပွင်းလန်းသမျှလည်း
ကမ္ဘာက လက်ခံတယ်.....။
..........
ပန်းတစ်ပွင့်ပါ
မျိုးရိုးမှန်တယ်
မျိုးရိုးကောင်းတယ်....
အသွေးမှန်တယ်
အရောင်ကောင်းတယ်.....
ဒါကြောင့်......
မြန်မာပြည် ရာဇ၀င်မှာ....
သွေးရဲရဲနဲ့ပွင့်ခဲ့တယ်...။ ။

NZ

အပြည့်အစုံသို့ ..

Wednesday, March 19, 2008

အသိခေါက်ခက် အ၀င်နက်


ကြောင်းတရားအမှန်ကို
သိနေပါရက်နဲ့များ
ခေါက်ဆွဲစားသလိုလို
ခက်ခဲမှုကို ဖြေရှင်းသလိုလို
ပိုစကားတွေ ခင်းပြ
ဝင်က`နေတဲ့ နေရာ
နက်ဖြန်ခါ ဆက်မြဲဘို့
သောကတွေကို ၀ိုင်းနင်းခြေ
မျက်ရည်တွေ ဘီယာနဲ့မျှောပြီး
ကန်းနေတဲ့
နှလုံးသားတွေနဲ့
လုံးဝလည်းမရှက်
သားကိုတောင် ချနင်းရက်မယ့်
ပိုင်ဆိုင်မှု ငတ်မွတ်သူတွေ
ရှင်နေစဉ်ကတည်းက ငရဲကျ
များလှတဲ့ ဘ၀တွေအတွက်
အားလုံးကိုပြောချင်တယ်
မုဒယ သစ္စာတရား
နားလည်အောင်လုပ်ထား
သည်ဘ၀မှာကတည်းက ငရဲအိုးက လှုပ်နေပြီ....။

NZ

အပြည့်အစုံသို့ ..

Saturday, March 8, 2008

ကျွန်တော်တို့ရဲ့အိမ်


ကျွန်တော်တို့ရဲ့အိမ်စုတ်လေးပါ...
ရှိုက်ငိုသံတွေ ကာရံထားတယ်
စိတ်ထွက်ပေါက်တွေ မဲ့နေတယ်.....
အဖြစ်မိုးထားတဲ့......
ရိသဲ့သဲ့ ဖက်ရွက်တွေကြားက
မိုးရွာရင်တောင် .....
သွေးစက်တွေဘဲယိုကျတယ်...။


အမှောင့်ပယောဂ လက်တံရှည်တွေကလည်း
အိမ်တစ်ခုလုံးကို ရစ်ပါတ်လို့ ....။

တစ်ခါတစ်ရံ....
အိမ်စုတ်လေးထဲက....
စကားသံ.....ဒါမှမဟုတ်
ငိုငြီးသံ ထွက်တဲ့အခါ.....
ဘေးအိမ်တွေ မကြားစေဘို့
အထဲကလူတွေ.....
တစ်ခုခုတော့ လုပ်လိုက်တယ်....။

အိမ်စုတ်လေးထဲက
မည်ကာမတ္တ ဆီမီးရောင်ကလည်း
ဘာကိုမှ ရဲရဲမကြည့်ရဲအောင်
အားငယ်နေရှာတယ်။

...........
ဒီအိမ်ထဲမှာဘဲ မွေးခဲ့ကြတာပါ
ဒီအိမ်ထဲမှာဘဲ သေကြရမှာပါ...
သူစိမ်းတွေလာမသတ်ပါဘူး
ဒီအိမ်ထဲကဘဲ နှိပ်စက်လို့ သေကြရမှာပါ..။

တစ်ချို့အိမ်တွေများ..
အိမ်အောက်က ရွှေအိုးတွေ့ပေမယ့်
ဟောဒီအိမ်အောက်မှာတော့
ဒီအိမ်ကလူတွေရဲ့ အရိုးတွေ
လက်စဖျောက်ထားလေရဲ့ ...။

ငါ့ရဲ့အိမ်ကလေးပါ....
ငါတို့ရဲ့မွေးဖွားရာ အိမ်စုတ်လေးပါ
ငါတို့ရဲ့ အိမ်ကလေးပေါ့.......
ဝမ်းသာခြင်း မရှိတဲ့အိမ်....
အေးချမ်ခြင်း မရှိတဲ့အိမ်....
........
သစ္စာဖောက်တွေ လုယူထားတဲ့ အိမ်။ ။

NZ

အပြည့်အစုံသို့ ..

Wednesday, February 20, 2008

လမ်း


ရွက်ကြွေတွေကြားထဲမှာ
မျက်ရည်တွေပွားနေခဲ့
အခါလွန်မိုးကို မျှော်ရင်း
မျှော်လင့်ခြင်းလွင်ပြင်တို့လဲ
အက်ကွဲကြောင်းတို့နဲ့ ပြည့်နှက်ခဲ့ရပြီ။

ရာသီတို့ဟောင်းနွမ်း
မပြောင်းနိုင်တဲ့ ကြေကွဲစရာဇာတ်လဲ
တခန်းရပ်ဖို့ကောင်းခဲ့နေပါပြီ။

ရာဇ၀င် သမိုင်းရဲ့
အကျည်းတန် အရိုင်းစာမျက်နှာတွေမှာ
သွေးတွေနဲ့ ပန်းချီမဆန်တဲ့ဟန်ကိုရေးဆွဲ
ခေါင်ရမ်းပန်းတို့လဲ လှိုင်လှိုင်ဖူးပွင့်ခဲ့ရပြီ။

ဧဒင်ဥယျာဉ်ကို သွားချင်တာပေါ့ဗျာ။
စက်ပစ်ကွင်းထဲ လမ်းဖြတ်လျှောက်ရမှတော့
ငှက်ဖြစ်မှဘဲ လွတ်တော့မယ်ထင်ပါရဲ့။

ခုတော့ လမ်းတဲ့ဗျာ။
သေနတ်တွေနဲ့ပြဌာန်းထားတဲ့ ဒီလမ်း "ရသ" က
လမ်းဆုံးမှာ ထမ်းပိုး
နောက်ပြန်ဆုတ်ချင်ရင် လှည်းဒုတ်
ကဲ ကျုပ်တို့ ဘာလုပ်ကြမလဲ။

ယုံယုံကြည်ကြည်သာသွားပါတဲ့။
သေနတ်နဲ့ အချိန်ခံထားရတဲ့လမ်းမှာ
မဲ့ပြရင်တော့
ကျည်ဆန်တွေ ပလူပျံပြီလို့မှတ်။
ပြုံးပြတော့လဲ
အစွယ်ကဖွေးဖွေးလက်လို့
ကဲ.. လျှောက်ချင်ရင် မျက်ကန်းတို့လျှောက်ကြချေ။

လမ်းဆိုတာ သဘာဝတရားမဟုတ်
လူတို့ဥာဏ်ကစားတဲ့ အမှန်တရား

လမ်းဆိုတာ သဘာဝတရားမဟုတ်
လူတို့လိုရာသွားဖို့ အခင်းတံတား

လမ်းဆိုတာ သဘာဝတရားမဟုတ်
လူတို့ကို အန္တရာယ်ကင်းစေတဲ့ သဘောတရား

လမ်းဆိုတာ .... သဘာဝတရားမဟုတ်
လူအများရဲ့ ဆန္ဒကိုပြီးမြောက်စေသော သဘောတရား

လမ်းဆိုတာ .............. သဘာဝတရားမဟုတ်
လူတို့ရဲ့ အဖြည့်ခံ သဘောတရား

မြို့လယ်ခေါင်ကိုသွားဖို့ တစ်လမ်းသာရှိသတဲ့လား။
တလမ်းမောင်း လမ်းတလမ်းသာရှိသော
မဟာမြို့လယ်ကို ကျနော်မသွားလို
ဖောက်ပြန်တဲ့ သဘောနဲ့
နောက်ပြန်ဆွဲမှ အိမ်ပြန်ရောက်မဲ့လမ်းဆိုတာ
ကားမောင်းလို့ရမယ်မထင်ပါ။

နေနတ်နွယ်

အပြည့်အစုံသို့ ..

Wednesday, February 6, 2008

ရှေ့ဆက်ခြေလှမ်း


ဘဝများစွာ စုတ်ပြတ်သတ်ပြီး
ငိုညည်းသံတွေ ပန်းလိုပွင့်ဖူးနေတယ်....

ပြည်သူတွေရဲ့ ရှိုက်သံတွေကြားမှာ
"နအဖ ဒိဌိ" ပျော်မြူးစွာ မွေးဖွားလာတယ်....

"သူခိုး"လူဟစ် "နအဖ"အဖြစ်ကို
ကမ္ဘာအ၀ှမ်းမှ ဆန့်ကျင်ကြ၏....

ပြည်သူတိုင်း ကြွေးကြော်မှုသည်
"နအဖ ဒိဌိ အလိုမရှိ"......

ဗမာ့ကမ္ဗည်းမှာ သွေးချောင်းစီးပြီး
ပြည်သူ့အရိုး ကျောင်းသားအရိုး
သံဃာအရိုး အရိုးတောင်လိုပုံခဲ့ပြီ....
ရက်စက်ပေစွ နအဖ ......

ခွေးမွေးတဲ့ "သူခိုး" လူမဆန်အမျိုးး "နအဖ"ကို
မနှေးမြန်စွာ သုတ်သင်ရမယ်.......

ထို့ကြောင့်......

ပြည်တွင်း ပြည်ပ မြန်မာများ
"နအဖ အစိုးရ" ရှုံ့ချထား......

ကြောက်စိတ်များကို ဖျောက်ဖျက်ကာ
တွဲလက်များကို ဆုပ်ကိုင်ပါ......

လာဟေ့သွားစို့ တိုက်ပွဲသို့
နအဖအစိုးရ ဖြုတ်ချဖို့
အမိမြန်မာပြည် လွတ်မြောက်ဖို့.......

အာဇာနည်များကို ဂုဏ်ပြုစို့
အောင်ဆန်းစုကြည် လွတ်မြောက်ဖို့
ဒီမိုကရေစီရရှိဖို့.....

ရှေ့တစ်လှမ်းတိုးကာ ဟစ်ကြွေးစို့
ငါတို့ ဆန္ဒ "အောင်မြင်"ဖို့ .......

သူရိန်

အပြည့်အစုံသို့ ..

Tuesday, February 5, 2008

ခွေးရူးကိုက်ခံရတဲနိုင်ငံ


မြန်မာ့အလံ
အနီခံနဲ့ ....
ကြယ်ဖြူ ဆယ့်လေးပွင့် ၀ိုင်းရံထားတယ်...။
..........
..........

လူတစ်ယောက်...
ခွေးရူးကိုက်ခံရတဲ့အခါ
ချက်ပါတ်လည်မှာ....
ဆေး ဆယ့်လေးလုံး ထိုးရသတဲ့...။

သြော်..
အမေရယ်....
အမေ့ဘ၀ စ´ကတည်းက
ခွေးရူးကိုက်ခံခဲ့ရတာ...
နှစ်ဘယ်လောက်ကြာမှ....
ရောဂါပျောက်မှာပါလိမ့်......။
အနာဟောင်းမှ မကျက်သေးဘဲ
ထပ်ထပ်ထဲထဲ...
ခွေးရူးတွေ ၀ိုင်းခဲထားပြန်ပြီ......။
အမေ....
လက်ပံပွင့်ချိန် ခွေးရူးချိန်...
အာဏာရချိန် ပို´ကိုက်ချိန်ပေါ့ ။ ။

NZ

အပြည့်အစုံသို့ ..

ခွပ်ဒေါင်းအားမာန်


သန်းရွှေဗိုလ်ချုပ်၊ အာဏာရူးလုပ်လို့ 
ငါတို့လူမျိုး၊ နိမ့်ကျနေတာ
နိုင်ငံတကာ။

တေဇသူဌေး၊ ဂုတ်သွေးစုပ်၍
နိုင်ငံ့ထုတ်ကုန်၊ အားလုံးပုံပြီး
ဖင်ခုတက်ထိုင် ၊ စေရာလက်ညှိုး
ထိုးရုံလေးနဲ့၊ အိုကေနေတာ ......
ဖယ်ရာရီဆို၊ လိတ်တက်စ်မျိုးမှ
သူ့ရဲ့သားက၊ တစ်စီးတစ်ပါတ်
ဖြုန်းနိုင်ရက်တော့
ငါတို့ပြည်သူ၊ ဘယ်မလှူနိုင်
သံဃာတွေပါ၊ သက်တော်စတေး
နိုင်ငံ့အရေးအတွက်၊ ရှေ့ကရပ်လို့
မင်းတို့ငါ့တို့ ...
ဒီအတိုင်းထိုင်ကြည့်နေရမှာလား။

နိုင်ငံအပေါ်မင်းမြင်သမျှ
ကျေနပ်နိုင်မယ်ငါမထင်ဘူး
ဒီတော့သီးခံ၊ မတော်လှန်ပဲ
နုတ်ပိတ်ရေငုံ ၊ မင်းနေနေလို့
သင့်တော်ပါ့မလားသူငယ်ချင်း။

ခွပ်ဒေါင်းမှန်ရင်၊ ငြိမ်မနေပဲ
မတရားမှု၊ တွန်းလှန်ပြုလို့
နိုင်ငံအတွက်၊ အတက်ကြွဆုံး
အင်အားစု၍၊ ငါတို့ညီညာ
တူညီစွာဖြင့်၊ လုံ့ လဖြာပြီး
အရောက်ပန်းတိုင်၊
လှမ်းနိုင်ရမယ်သူငယ်ချင်း။

ကိုတေ

အပြည့်အစုံသို့ ..

Wednesday, January 30, 2008

ဝဋ္ဋ်လည်လိမ့်မယ်

ခင်ဗျားတို့ အာဏာရှင်မိသားစုတွေကို ပြောပြချင်တယ် …..
အာဏာကိုအလွဲသုံးစားလုပ်ပြီး .....
ပြောချင်သလိုပြောကြပါ .....
လုပ်ချင်သလိုလုပ်ကြပါ .....

ကြိုက်သလို အုပ်ချုပ်ရက်စက်ပါ .….
မိုက်သလို ထုတ်ဖြုတ်သတ်ဖြတ်ပါ .….
ကျုပ်တို့ပြည်သူမိသားစုတွေကို .. တရိစ္ဆာန်တွေလို ထောင်အိမ်မှာချထားတယ် ..…
ကျုပ်တို့အလှည့် ရောက်ရင်တော့လေ …..
ခင်ဗျားတို့လို လူမဆန် တရိစ္ဆာန် .. အာဏာရှင်မိသားစုတွေကို…..
လှောင်အိမ်မှာထားပြီး…ပြစားမယ်………..

ဦးဇင်းလေး (ရန်ကင်း)

အပြည့်အစုံသို့ ..

Monday, January 28, 2008

ညဥ့်ပွဲခင်း

ဟက်တက်ငြီးငြီး ရယ်ဟီးသံတွေနဲ့
မသာမိတ်ကပ်တွေလိမ်းရင်း....
မကောင်းဆိုးဝါးတွေ တွန်ကြ....။
လူရိုးတွေ ပရမ်းပတာရိုက်လို့
စည်းဝါးလိုက်ရင်း.....
မိစ္ဆာဗုံတွေ တီးကြ...။

သွေးစုတ်ဖုတ် ပိတုန်းကောင်တွေကလည်း
နေရာအနှံ့ တ၀ီဝီခေါ်ရင်း တုတ်ကြ....။
နာနာဘာဝလည်း နာနာဘာဝလောက်
အစွမ်းတွေပြကြ....အခွင့်ရှိသမျှပေါ့...။
လောင်မီးကျ မြေပြင်မှာမှ
သဇင်ပန်းပန်ရင်းပြုံးချင်ရသေးသတဲ့...
သူတို့ရဲ့ညဥ့်တွေမှာပေါ့လေ....။
ပွဲမိန့်ပါမစ်ကလည်း .... သူ့လက်ထဲမှာဘဲကိုး..။
မသတီစရာ ဖန်ဆင်းမှုတွေထဲမှာ
မျက်စေ့လည်စရာ ကောင်းတဲ့အထဲ
တစ်ချို့က....
မျက်စေ့လည်ချင်ယောင်ဆောင်ရင်း.....ရူးနေကြ။
“ လ ” ကတော့မိုက်နေဆဲဘဲ....
ကြယ်ကြွေအချို့ရဲ့တိမ်မြုပ်မှုတွေနဲ့။
မာယာလမ်းတွေ ဖောက်တော့...
အာသာငမ်းငမ်း လမ်းလျှောက်ကြ..
ဖြတ်သွားသမျှလည်း
ဖမ်းစားလိုက်လို့ဖုတ်နာတွေ ကပ်နေကြ...။
အစွမ်းရှိသလောက်တော့ကကြမှာ...
တစ်ချို့ကလည်း ပွဲကောင်းသတဲ့လေ...
သေလိုက်ကြတာမှ..။
သွေးစုတ်လို့သေတဲ့အခါ
ဖုတ်သက်ပြန်ဝင်ရင်းဘဲ...
သွေးစုတ်တတ်သွားကြပြန်ရော...။

အင်း........
သူတို့ဆိုင်းချက်တွေ ပိုပြင်းလာတယ်
“က” ကွက်တွေ ဆန်းလာတယ်...
ပိုး ဖဲ စိန် ရွှေ တွေ ပိုဝတ်ပြလာတယ်
“က” ရင်း “ပြုံး”ရင်း...
သွေးပေတဲ့ အစွယ်တွေ ပိုရှည်လာတယ်..။
ရိုးမနားဆိုတော့....
တောနက်တယ် တောင်ထူတယ်...
အဲဒီရိုးမတောင်ကြားကဘဲ..
ပုဇွန်ဆီရောင် သန်းလာလိမ့်မယ်...
တို့လက်တွေသာ..သတိနဲ့ဆုပ်ကိုင်ထားပါ...
မိစ္ဆာတွေခင်းတဲ့ ပွဲခင်းဆိုတာ
နေမထွက်ခင်လေးဘဲစွမ်းတာ....
လှပ ခန့်ငြား ထယ်ဝါလိုက်တာလို့ ...
အူကြောင်ကြောင် မတွေးနဲ့...
မိုးလင်းတဲ့အခါ
“ကြပ်” ရွာဆိုတာ....
ပျဉ်းမနားဘက်မှာ ရှာတွေ့မှာကိုမဟုတ်တော့ဘူး...။

NZ

အပြည့်အစုံသို့ ..

Sunday, January 27, 2008

တို့အရပ်က ဇာတ်

## ဗျောလား
ဗျိုင်းတောင်လား၊
မခွဲခြားတတ်ပဲနဲ့၊
ဆိုင်းထောင်စားချင်တဲ့
လူတွေနဲ့ ။ ။

## စားတော်တိုက် မပြီးခင်၊
နှစ်ပါးခွင်ဝင်ချင်နေတဲ့၊
သဘင်သမားယောင်
ဇာတ်ထောင်စားတဲ့
လူတွေနဲ့ ။ ။

## လေးပါးဝန်ကြီး၊
ပြည်ထီးတည်မပြီးခင်၊
ဇာတ်စင်ထက်က သေတ္တာစုတ်ကို
ပလ္လင်လုပ်ထိုင်နေခဲ့ကြတဲ့၊
လူတွေနဲ့ ။ ။

## သူ့အရပ်၊ သူ့ဇာတ်ပေါ့ဟ၊
ကကြစမ်းပါစေ၊
လေညာအနေသာကြီးဆိုပြီး၊
ဘေးတီးပေးနေတဲ့၊
လူတွေနဲ့ ။ ။

## ဒီလူတွေနဲ့
ဒီလိုလူစားတွေနဲ့၊
စုဖွဲ့ထားတဲ့ဇာတ်၊
အရပ်လဲနာ၊ ရွာလဲပျက်။
" ကျောက်ခဲသြဘာ၊ ငယ်ထိပ်တက် " ။ ။

Paloma Blanca

အပြည့်အစုံသို့ ..

Tuesday, January 22, 2008

နောက်ဆုံးခံတပ်

အစိမ်းရောင်မိုးခါးတွေ အမြဲရွာနေတဲ့
ကျနော်တို့ကမ္ဘာကျဉ်းကျဉ်းလေးမှာ
တိုက်ပွဲခေါ်သံနဲ့အတူ
အရောင်တွေ ပျံ့ကျဲ
နောက်ဆုံးခံတပ်က ညိုညစ်ညစ်အရောင်။

ရန်သူတကျော့တိုက်ပြီးတိုင်း
သွေးစက်မျက်ရည်တွေထဲမှာ
တံတိုင်းကို အရိုးအသားနဲ့မံလို့
တကယ်ဆို .....................
ကျနော်တို့တံတိုင်းက
အဖြူရောင်စစ်စစ်ကြီးပါ။

အထင်ကြီးချင်လဲကြီးဗျာ။
ဒုံးပျံခေတ်ရဲ့စစ်မြေပြင်မှာ
အဖြူရောင် သံချပ်ဝတ်စုံနဲ့
သစ္စာဓားကို ကိုင်စွဲထားတဲ့
ကျနော်တို့ခံတပ်လေးမှာ
စိတ်ဓာတ်တံတိုင်းကိုဘဲ အားကိုပြုနေရတာပါ။

ယုံကြည်မှုအတွက်
လောင်းရိပ်ထဲမှာ ဆက်လက်စွန့်စားနေဆဲ
ကံတရားက အိုးမဲသုတ်လဲ
အဖြူရောင် တလက်လက်ထနေတဲ့
"ပြည်ချစ်သား" အမည်ရသံချပ်ဝတ်စုံ
ဘယ်တော့မှ မစွန်းထင်းနိုင်ဘူးလေ။

နေရောင်ခဏပွင့်တိုင်း
ငါတို့ရဲ့ အဖြူရောင်သံချပ်ဝတ်စုံကြောင့်
ရန်သူတို့မျက်စိတို့ကျိန်းစပ်ခဲ့ရ
တအံ့တသြ ငေးမောကြည့်ခဲ့ရ
ငါတို့ရဲ့ဝတ်စုံက အဖိုးမှမဖြတ်နိုင်ဘဲ။

ဒီလိုနဲ့ ...................................
စက်တင်ဘာနောက်ဆုံးပတ်မှာ
ကမ္ဘာဖျက်မဲ့ အစိမ်းရောင်မိုးခါးကြီးရွာချ
ဒို့တွေကမ္ဘာလဲ ပျက်လုလုဘဲ။

ငါတို့ရဲ့အသေခံစစ်သည်တွေ....
သွေးနွံထဲ နစ်နေကြရပြီ။

ငါတို့ရဲ့မျိုးဆက်တွေ.....
မျက်ရည်တွေ ခနေရပြီ။

ငါတို့ရဲ့ ဆွေမျိုးသားချင်းတွေ.......
ငတ်ပြတ်နေကြရပြီ။

ငါတို့ကိုးကွယ်ရာ .........
သာသနာလဲ စော်ကားခံခဲ့ရပြီ။

ညီနောင်တို့ ......
လက်ကျန်အားကိုစုလေ။

ညီနောင်တို့ ........
သေသူတို့သွေးနဲ့ အသက်ကိုဆက်လေ။

ညီနောင်တို့ ..............
တာဝန်ကိုသိကြစေ။

ညီညာလေ။
ဒို့ရဲ့သစ္စာဓား၊ ပြည်ချစ်သားရဲ့လှံ
သန့်စင်တဲ့ သံချပ်ဝတ်စုံနဲ့
စိတ်ဓာတ်ဒိုင်းနဲ့ကာကြလေ။
မြေခွေးတွေလာနေပြီ။
ဒို့ရင်သွေးတွေအတွက် ဒို့ကာကွယ်ရမယ်။

ပျင်းနေတဲ့လူ၊ တာဝန်ကိုမသိတတ်တဲ့လူနေပါစေ။
လူမှန်သမျှ ပြန်ခံချရမယ်။
ဒါသမိုင်းက ပေးတဲ့တာဝန်ကွ။
နောက်ဆုံးခံတပ်
လူအပြတ်မခံနဲ့
ရှေ့ကသွေးကိုသောက်
နောက်လူတွေခြင်္သေ့လိုဟောက်လို့
နောက်ဆုံးခံတပ်အတွက်
အသက်စွန့်ဖို့ပြင်ကြလေ။

နေနတ်နွယ်

အပြည့်အစုံသို့ ..

Saturday, January 12, 2008

ဆေးကြောလှည့်ပါ နှစ်သစ်ရေ ..

ဟောင်းနွမ်းတဲ့
ပင့်သက်တစ်ခုကို မှုတ်ထုတ်
နှာခေါင်းထဲကို
လေအချို့မောင်းသွင်း
နှစ်သစ်ရဲ့ နွေဦးဆီကို
မထူးခြားသလို
လမ်းလျှောက်လာခဲ့တယ်။
အရင်ကလမ်းကို
တစ်ခါပြန်မလှမ်းချင်တော့ဘူးကွာ။

သွေးဆာတဲ့ စစ်ဖိနပ်ရာတွေ
ပိုင်ရှင်မဲ့ သင်္ကန်းလေးတွေ
ဝါးရင်းတုတ်ရဲ့နေ့ရက်တွေ
ဆာလောင်ခဲ့ရတဲ့ မနက်ဖြန်တွေ
လူရှင်သင်္ချိုင်းက မာန်ကြိတ်သံတွေ
ဓါးပြတိုက်ခံခဲ့ရတဲ့ လူ့အခွင့်အရေးတွေ
…………………… တွေ
…………………… တွေ ... ။

သင်္ကြန်မိုးရေ
ဒါတွေ ပြောင်တလင်းခါအောင်
မင်းဆေးပေးနိုင်မလား။

အိပ်မက်ထဲမှာ
အာလာဒင်ရဲ့ မီးခွက်စောင့်ဘီလူးနဲ့တွေ့ ခဲ့တယ်
သူ့မျက်နှာက သတင်းစာတိုင်းရဲ့မင်းသားကြီးလိုလို
တောင်းတဲ့ဆု သုံးခုပြည့်စေမယ်တဲ့။
ဒါပေမဲ့
တင်းပုတ်နဲ့ လိုက်ထုတယ်
မဖြစ်နိုင်တာ ဆုတောင်းမိလို့တဲ့ …………။
သုံးပွင့်ဆိုင်ဆွေးနွေးရေး။
လောင်စာဆီဈေးနှုန်း ကျဆင်းရေး။
၂၄ နာရီ ရေ မီး ရရှိရေး။
ဒိန်း………………။
အား…………………………………..........။

ချစ်ရတဲ့ ဧပရယ်ရေ…။
ဖြစ်နိုင်ရင်လေ
နှစ်သစ်တန်ခူးမှာ
တမျိုးထူးရအောင်
ဝါကြန့်တဲ့မင်းအဆင်းနဲ့
နူးညံ့တဲ့မင်းအပြုံး
ပင်စည်တစ်ရုံလုံးဖုံးအောင်
တစ်တိုင်းပြည်လုံးပြုံးအောင်
ပွင့်ပေးခဲ့ပါ။ ။

လူမော်

အပြည့်အစုံသို့ ..

Tuesday, January 8, 2008

ရှက်တတ်ကြရင်တော့

ရှက်တတ်ကြရင်တော့၊ သတ်သေကြဖို့ကောင်း။

တိုင်းပြည့်ဥစ္စာ၊
ငါ့ဟာလို့ယူကြ၊
ခိုးနေတာ မဝသေး။

ရုန်းနေရတဲ့ ပြည်သူတွေ၊
ထမင်းရေ နပ်မှန်အောင်၊
ခန္ဓာကို ရောင်း၊

တချို့ကတော့၊
သိက္ခာကို ရောင်းစားကြ။

မဝရေစာ ဝမ်းပူဆာနေကြတော့၊
လဲကြ .. ထပ်ကြ၊

တနပ်စား အဆင်တွေနဲ့၊
တနပ်စား အမြင်တွေနဲ့၊

ကဲ.. ရှက်တတ်ရင်၊ ရှက်တတ်ကြရင် ... ????

မောင်သန့်

အပြည့်အစုံသို့ ..

Sunday, January 6, 2008

ရာစုမြစ်

ဟောဒီသွေးမြစ်ပေါ့.....
အဆင်းမလှတဲ့ သမိုင်းကို
မိုက်မိုက်ရိုင်းရိုင်း ကူးခိုင်းနေတာ...
ဝိဥာဉ်စီးချက် တိုင်ပင်ပျက်တွေနဲ့
နေ့ရော ညဥ့်ပါ။

ပြဿနာက.....
သမိုင်းကဘဲ သွေးဆာလို့လား....
သွေးကဘဲ သမိုင်းကိုရှာနေတာလား..
တစ်ရံ တစ်ခါ....
ကမ်းနားသစ်ပင်တွေကတောင်
လှောင်ရယ်ကြတယ်...
ရင်ဘတ်ဟောင်းလောင်းတွေနဲ့...။

ကြည့်ပါဦး......
မာန်ဖီရင်း ကူးခတ်....
အံကြိတ်ယင်း ၀ါးမျို...
မြင်ကွင်းအို တစ်ခုဆိုပေမယ့်
သမိုင်းကလည်း ပျောက်မှာမဟုတ်သလို
သွေးတွေကလည်း ခြောက်မှာမဟုတ်ဘူး..
အဲဒီလို..........
အရှိန်ပြင်းပြင်း စီးဆင်း
အားတင်းရင်း ကူးခတ်နေတာကိုက
သွေးနဲ့ရေးတဲ့သမိုင်းဖြစ်နေတာလေ...။

မယုံမရှိနဲ့မိတ်ဆွေ...
ကြည့်ချင်ရင် ဆက်ကြည့်နေလေ...
ပတ်မကြီးတော့ ထိုးမဖောက်နဲ့ပေါ့..
သမိုင်းကလည်း...
ကူးနေယင်း သစ်´လာလိမ့်မယ်
သွေးကလည်း.....
စီးနေရင်း နီရဲလာလိမ့်မယ်..
အဲဒါ ....
မြန်မာပြည်က မြစ်ရဲ့သမိုင်း..။ ။

NZ

အပြည့်အစုံသို့ ..

Thursday, January 3, 2008

၆၀ ပြည့် လွတ်လပ်ရေးနေ့

# ၆၀၊ နှစ်ပါတ်လည်၊ ခြောက်ဆယ်၊
ဆယ်စုခြောက်ခု၊
ရာစုတစ်ဝက်သီလာပေါ့လေ။ ။
(ဒုဗ္ဗလဇရာ၊ မခေါ်သာသေးပေမဲ့၊ အိုစာလာတာက သိသာပါရဲ့)

# လွတ်လပ်ရေးဆိုသဟာက၊
ဆယ့်လေးနှစ် အရွယ်ကတည်းက၊
မုဒိန်းကျင့်ခံခဲ့ရတာ။ ။

# စစ်ကျွန်ပြန်ဖြစ်၊
တိုင်းပြည်ကြီး နွံထဲနစ်ခဲ့ရ၊
ခု ခဏအထိပါပဲ။ ။

# ကြေတဲ့လူတွေ ကြေ၊
သေတဲ့လူတွေ သေ၊
နေနေရသူတွေလဲ၊
အလေနတော၊
အဟောသိကံ၊ ပြန်မရနိုင်တဲ့ အင်အားတွေပေါ့။

# ထိုကဲ့သို့ ဤကဲ့သို့၊
အဖို့အစုကို၊
ကြောင်းပြုတွေဝေ၊ ထိုင်မနေပါနဲ့တော့။

# "ကျေးဇူးပြုပြီး
ခင်ဗျားထ ပါ၊
ထ ..... လိုက်စမ်းပါ။ "

# မလျှော့စတမ်း၊ မပျော့စမ်းပါနဲ့၊
လက်ကမ်းကာ တာဝန်ယူကြမဲ့
လူငယ်တွေအားမာန်အပြည့်နဲ့၊
ဖြည့်ပါ့မယ်လေး။ ။

# " တိုင်းတပါးကျွန်၊
စစ်ကျွန်
ဘယ်သူ့ကျွန်မှမခံ "
နိုင်ငံတကယ်လွတ်လပ်ပါမှ၊ ရပ်ကြမယ်လေး။

# ဖက်ဆစ်ရန်အမှန်ပြတ်မှ၊ တန့်ကြမယ်လေး .....။

Paloma Blanca

အပြည့်အစုံသို့ ..

Wednesday, January 2, 2008

ပွဲသိမ်း

သက္ကရာဇ်က ၂၀၀၈
စစ်မျက်နှာအသစ်ဖွင့်ရင်း
ရာဇ၀င်ရဲ့နုပျိုခြင်းက...
ခွပ်ဒေါင်းတွေအတွက်
ပဉ္စလက်ခွပ်လက်တွေ ..
ခပ်ရိုင်းရိုင်းသယ်ဆောင်လာ ...။

ဒီမှာ ....
ဇရာဆိုတာ ... ပလီပလာ
အာဏာနဲ့ ကွယ်လို့မရ
ယတြာနဲ့ ပယ်လို့မရ ...
သက်ပြင်းတွေချရင်း
သေမင်းကိုထွေခင်းလို့
ခင်ဗျားတို့အတွက် တနှစ်ချင်းတိုးဝင်နေ ...။

ပြီးတော့ ......
ကားဂိတ်တွေမှာ .. မှတ်တိုင်ရှိတယ်
သင်္ချိုင်းတွေမှာ မှတ်တိုင်ရှိတယ် ...
မြန်မာပြည်က ...... အာဏာရှင်မှတ်တိုင်
ခပ်ယိုင်ယိုင်ဆိုတာ .........
လူတိုင်းသိတယ်.......။

နုပျိုခြင်းနဲ့ ရင့်ရော်ခြင်း
ညီမျှခြင်းခင်းရင်....
ဘယ်သင်းက နိုင်မလဲဆိုတာ
ဗေဒင်မမေးနဲ့ ဗိုလ်သန်းရွှေ
ခင်ဗျား... သေဘို့ပြင်ထားပေါ့ ...။

အဟင်း ....
ခင်ဗျားတို့မွေးတဲ့စစ်သား
ခင်ဗျားတို့ခင်းတဲ့ဇာတ် ..
ပြည်သူတွေ သွေးတဲ့ဓါး
ပြည်သူတွေ ရှင်းတဲ့ဇာတ်ကို
ယောင်လို့များ.....
အခေါင်းလေး လှပ်မကြည့်နဲ့ ....
အာဏာရှင်တိုင်း နိုင်ပွဲမရှိတာ
ကမ္ဘာကသိတယ် ....။

ခင်ဗျားတို့မွေးတဲ့ စစ်သားပေါက်နဲ့
ပြည်သူကမွေးတဲ့ခွပ်ဒေါင်း
အားသစ်လောင်းရင်း ဆက်တိုက်မယ်
အမှန်တရားကတော့...
ကမ္ဘာ့အလယ်မှာ..
ခပ်ပြုံးပြုံးနဲ့ ကြည့်နေတယ်......။

Nz

အပြည့်အစုံသို့ ..

Thursday, December 27, 2007

ခေတ်

ခေတ်ကြီးကိုက…..
သိက္ခာတွေ ဇီးရိုးနဲ့
မိစ္ဆာတွေကြီးစိုးတဲ့ခေတ်။

ကမ္ဘာမှာ ဘိတ်ဆုံးနဲ့
အရာရာ ဆိတ်သုဉ်းတဲ့ခေတ်။

ပြက်လုံးတွေကို
အရှက်မဲ့ဆိုပြပြီး
သေနတ်နဲ့ ဗိုလ်ကျတဲ့ခေတ်။

ခွပ်ဒေါင်းတွေပြေးတဲ့လမ်းမှာ
သွေးတွေ စေးထန်းနေတဲ့ခေတ်။

သမင်မွေးရင်း ကျားစားရင်းနဲ့
ကြယ်တွေ မျိုးတုံးတဲ့ခေတ်။

ကိုယ့်တအိမ်လုံးမီးလောင်နေတာတောင်
မမြင်ချင်ယောင်ဆောင်ထားရတဲ့ခေတ်။

အသည်းငယ်တဲ့ လိပ်ကလေးလို
ကိုယ့် အတ္တအခွံလေးထဲမှာ
ခေါင်းလေးတဲ့ အသာဝှက်ထားရတဲ့ခေတ်။

ငါတို့အားလုံး
စားဝတ်နေရေးဆိုတဲ့ မြစ်ထဲမှာ
ရေနစ်နေရတဲ့ခေတ်။

ကောင်းကင်ကို

အပြည့်အစုံသို့ ..