ကျုပ်…ဆိုတဲ့ နာမ်စားကြီးကို သုံးရတာ စာဖတ်သူတွေကိုတော့ အားနာပါတယ်…၊ စာဖတ်သူတွေထဲမှာ ကိုယ့်ထက် အသက်ကြီးသူတွေလည်း ပါနိုင်တာမို့လား…။
ဒါပေမယ့် ခွင့်လွှတ်ပြီးသာ ဖတ်တော့ဗျာ ..။ ကျုပ်ကလည်း အဲသလို ကျုပ်လို့ပြောလိုက်ရမှကို အားရတာမို့ပါ..။ ဥပမာ ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးဆို ခေါ်ရတာ ခပ်ထောက်ထောက်ကြီး။ ကြံ့ဖွတ်လို့ ခေါ်လိုက်ရင်… လ္ဘက်ဆီစိမ် ၀ါးရသလို ပါးစပ်ထဲမှာ စိမ့်သွားတာ..ခုဆို တတိုင်းပြည် လုံး အာတွေ့လျှာတွေ့ ခေါ်မှခေါ်။ အဲသလိုမျိုးပါ…။
ကျုပ်ပြောချင်တာက ဗြဟ္မဒတ်နဲ့ ဘရိန်းန်ဝပ်ရှ် ဆက်စပ်နေတဲ့ ကိစ္စပါ …။
ကျုပ်က လူစုံပေါင်းတတ်တဲ့ စရိုက်ရှိတော့ ကျုပ်ပေါင်းသင်း ဆက်ဆံတဲ့ထဲမှာ သဘင်သည်နဲ့ ဇာတ်သမားတွေလည်း ပါတာပေါ့…။ အဲ.. ပွဲတွေ ဇာတ်တွေလည်း တော်တော် ကြည့်ဘူး ပါတယ်..။
တစ်ချို့ ဇာတ်ပွဲဆို စိတ်ဝင်စားရင် ၂ ည၊ ၃ည ဆက်တိုက် ကြည့်တာမျိုး။ အဲသလို ဆက်တိုက် ကြည့်တာ များလာတော့ နောက်ပိုင်း ဇာတ်တော်တွေ ကပြတဲ့အခါ ကျုပ်စိတ်ဝင်စားတာ တစ်ခုတွေ့တယ် ဆိုပါတော့…။ ဇဝေဇ၀ါနဲ့ သံသယဖြစ်တယ် ဆိုရင်တော့ ပိုမှန်မယ်။
အဲဒါက ဘာလဲဆိုတော့ နောက်ပိုင်း ဇာတ်တွေမှာ တစ်ညလာလည်း ဘုရင်က ဗြဟ္မဒတ်၊ တိုင်းပြည်က ဗာရာဏသီ။ ၂ည ဆိုလည်း တိုင်းပြည်က ဗာရာဏသီ၊ ဘုရင်က ဗြဟ္မဒတ်၊၊
ဆိုတော့ကာ ဇာတ်တိုင်း မဟုတ်ပေမယ့် ဇာတ်တော်တော်များများမှာ ဗြဟ္မဒတ် နဲ့ဗာရာဏသီတွေ တော်တော် ဖောင်းပွနေတာ တွေ့လာ ရောပေါ့ဗျာ..။ ဇာတ်လမ်းသာကွာတာ.. ဇာတ်လိုက်ဇာတ်ပို့နဲ့ နန်းစိုက်ရာက ဒီတိုင်းပြည်ဘဲ…။ ဒါနဲ့ကျုပ်လည်း ဇာတ်အဖွဲ့တစ်ဖွဲ့လာ တော့…၊ ဇာတ်ထဲက ပညာရှင် အဘိုးကြီး တစ်ယောက်ကို ချည်းကပ်ရတာပေါ့ဗျာ။ ပွဲဈေးတန်းမှာ ထမင်းတွေဘာတွေ ကျွေးမွေး၊ လ္ဘက် ရည်တွေ ဘာတွေနဲ့ ဧည့်ခံပြုစုပေါ့..။ ကျုပ်ကလည်း အကြံနဲ့ပေါ့..။ ဒီဗြဟ္မဒတ် ဖေါင်းပွတာကြီးကို သိချင်တာ။
အဘိုးကြီးက နည်းနည်းတော့ ပေါင်းရခက်တယ်၊ ပညာရှင်လေ…အသက် ၇၀ ကျော်နေပြီသာ ဆိုတယ်။ အနုပညာဇောက ခုထိမချသေးဘူး၊ ဒါနဲ့ .. အဘရယ်ပေါ့..၊ ကျုပ် မြန်မာ့ အနု ပညာကိုလည်း လေးစားပါတယ်၊ ပညာရှင် သဘင်သည်တွေကိုလည်း လေးစားပါတယ် ပေါ့..။ ဒါပေမယ့် ခုနောက်ပိုင်း ဇာတ်တွေ ကတဲ့အခါ ဗြဟ္မဒတ် ဘုရင်နဲ့ ဗာရာဏသီကို နောက်ပိုင်း တော်တော်များများမှာ ညတိုင်းလို တွေ့နေ ကြားနေရတယ်ပေါ့။ ရာဇ၀င်၊ သမိုင်းတွေမှာ မဖတ်ရတဲ့ ဇာတ်လမ်းတွေ တော်တော်များများ ဗြဟ္မဒတ်က ဇာတ်လိုက် ဖြစ်နေ တာတွေ တော်တော် များတယ်…။ ဘာကြောင့် ဒီလို ဖြစ်တာလဲလို့ မေးတော့ အဘိုးကြီးက ကျုပ်ကို စောင်ကြည့်ပြီး မေးတယ်……။
"မောင်ရင်က စမ်းတာလား" တဲ့….။ ကျုပ်ကလည်း .. မဟုတ်ပါဘူး အဘရယ် ရှေ့မှီ နောက်မှီ အဘတို့လို ပညာရှင်တွေကို မေးမှ နားလည်မှာ မို့ပါလို့ဆိုမှ…. အဘိုးကြီးက ဒီလိုရှိတယ် မောင်ရင်ရဲ့ဆိုပြီး.. ရှင်းပြပါတယ်….။ နတ်သံတော့ မနှောပါဘူး..။
" ဒီလိုရှိတယ် မောင်ရင်ရဲ့..။ နောက်ပိုင်းဇာတ် ကပြတယ်ဆိုတာမှာ ဗုဒ္ဓ၀င် ရာဇ၀င်၊ မဟာဝင်ဆိုပြီး ဇာတ်ထုပ်တွေ ခွဲထားတယ်။ စိန် အောင်မင်းတို့၊ ရွှေမန်း တင်မောင်တို့၊ ရွှေမန်း ကျော်အောင်တို့၊ ပန်တျာ ကြည်လင်တို့ ပုလဲစိန်တို့ဆိုတာ စာတတ် မင်းသားကြီးတွေ၊ ကိုယ်ပိုင် ဇာတ်ထုပ်တွေလည်း ရှိတယ်..။ ရွှေမန်းတင်မောင်ဆို ဖွားတော်မူခန်းကတာ နာမည်ကြီးပေါ့။ အေး.. သူတို့မှာ ဇာတ်လမ်းကို စီးတဲ့ ဇာတ်စီး (ကပြမည့် နောက်ပိုင်း ဇာတ်လမ်းနှင့်သာ သက်ဆိုင်သောစကားပြော၊ ငိုချင်းရှည်၊ ညည်းချင်း၊သီချင်းတို့အား တာဝန်ယူ ရေးသားသော ပညာရှင်) တွေ ရှိတယ်၊ ဇာတ်လမ်း တစ်ခုကိုလည်း ခိုင်ခိုင်မာမာ၊ ကပြနိုင်တယ်….။ ခုခေတ် နောက်ပိုင်း ကကြတယ် ဆိုတာက ထိုးဇာတ်တွေ..။
မင်းသားတွေကလည်း ၀မ်းစာ (ပညာ) မပြည့်၊ ဇာတ်စီးကလည်း မရှိဆိုတော့ အခု ကပြ နေတာတွေက ထိုးဇာတ်တွေ။ မင်းသားတွေ ကိုယ်တိုင်က ကိုယ်ကတဲ့ ဇာတ်ထုပ်က ဘယ်ရာဇ၀င်ကမှန်း သေချာသိတာ မဟုတ်ဘူး…။ ကျုပ်တို့ကလည်း မင်းသား အလိုကျ လုပ်ရ တာဆိုတော့ မပြောသာဘူး…။ တစ်ခါ တစ်ခါ အဘိုးကြီး ဒီည ဘုရင်လုပ်ဆို.. လုပ်ရတာဘဲ…ကပြနေမှ….၊ မင်းသား ကျုပ်က ဘာဘုရင် တုန်းဆို သူတို့က စိတ်တိုပြီး.. သြော် ကတာဘဲ အိုသေတောမယ်..မနပ်သေးဘူး၊ သွား….ဗြဟ္မဒတ်လို့သာ ပြောလိုက်တဲ့၊ ..ကဲ၊ နောက်ပြီး မူးမတ် လုပ်မယ့် လူတွေက ကိုယ်ကမယ့် ဇာတ်က ဘယ်ရာဇ၀င်မို့ ဘယ်မှာ နန်းစိုက်မှန်း မသိလို့မေးရင်..ဆဲသေးတယ်…။ ပြီးမှ တိုင်း မသိ ဗာရာဏသီ၊ မသေမချင်း မှတ်ထားလို့ ပြောသေးသဗျ…ကဲ … မောင်ရင် ရှင်းပြီလား..။
အတတ်ပညာ တစ်ခုကို ပိုင်ပိုင်နိုင်နိုင် မသိသူတွေက ခေါင်းဆောင် လုပ်နေတော့ သူတို့ပြောနေ၊ လုပ်နေတာတွေက သောက်တလွဲ ကြီးဘဲ။ ဒါ့ကြောင့် ဇာတ်လောကမှာ စကားတစ်ခုရှိတယ် ..။
" တိုင်းပြည်မသိ..ဗာရာဏသီ၊ မင်းမသိရင် ဗြဟ္မဒတ်" တဲ့..။ အဘိုးကြီးလည်း ပြောပြီး မောသွားဟန်တူပါရဲ့..။ ပြီးမှ မျက်ရည်လေး စမ်း စမ်း စမ်းစမ်းနဲ့ စကားတစ်ခွန်း ပြောသေးတယ် …..။
"ကိုတင်မောင်တို့ကို လွမ်းတယ် မောင်ရင်ရယ်" တဲ့။
ကျုပ်တောင် ဗြဟ္မဒတ်ဖောင်းပွကြီးကို မေ့ပြီး ရောယောင် ငိုမိတော့မလို့…အဟုတ်။
………................................................................................................................
ဒါနဲ့ စာဖတ်သူတွေက မေးချင် သိချင်မှာဘဲ၊ အဲတော့ ဗြဟ္မဒတ်နဲ့ ဘရိန်းန်ဝပ်ရှ်က ဘာဆိုင်လို့တုန်းလို့..။ တော်နေကြာ တလွဲ တွေးဦးမယ်။
ဗြဟ္မဒတ်ကြီးများ ဘရိန်းန်ဝပ်ရှ် လုပ်ခံလိုက်ရပြီလား၊ ဘာလားပေါ့။ မဟုတ်ပါဘူး။ ဗြဟ္မဒတ်ကြီး သက်ရှိထင်ရှား နေတုန်းက သန်းရွှေနဲ့ သူ့လူတွေ မမွေးသေးဘူးလေ..။ အခုဟာက သန်းရွှေ၊ ကျော်ဆန်းနဲ့ သူတို့ခြံပေါက်လေးတွေ သူတို့သတင်း၊ မီဒီယာ၊ ဘလော့ဂ်တွေမှာ ၈၈ ကျောင်းသား၊ ပြည်သူ၊ ရဟန်းတွေကအစ မျိုးဆက်သစ်တွေ အားလုံးကို စွပ်စွဲ ပြောဆိုနေတဲ့ စကားတစ်ခွန်းရှိတယ်။ ခင်ဗျားတို့ အားလုံးကို ဘရိန်းန်ဝပ်ရှ် လုပ်ခံထားရတယ် ဆိုဘဲ..။
" ဒီ BRAIN WASH ဆိုတဲ့ စကားကို ဘာသာပြန်ရင် (သဘောတရားများကို ထပ်ခါတလဲလဲ ပြောကြားခြင်းဖြင့် လူတစ်ဦး၏ ဦးနှောက် အတွင်းသို့ သွတ်သွင်းသည်) လို့ အဓိပ္ပါယ် ထွက်ပါ တယ်…။
ဒီတော့ ကျုပ်စဉ်းစားတယ်….ထပ်ခါတလဲလဲ ပြောကြားခြင်းဖြင့် ဆိုတာကိုပေါ့….။
မြန်မာပြည်တွင်းမှာဗျာ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ အတိုက်အခံ ဒီမိုကရေစီ အုပ်စုတွေရှိမယ်၊ နောက်အုပ်စုက သန်းရွှေနဲ့ အာဏာရှင် အုပ်စုရှိမယ်…။ ပြည်တွင်းမှာ ရုပ်မြင်သံကြား (၃)လိုင်းရှိမယ်၊ ရေဒီယို အသံလွှင့်ဌာနရှိမယ်။ ဒီရုပ်မြင်သံကြားလိုင်းတွေ၊ ရေဒီယိုတွေကနေပြီး ဒေါ်စုတို့ရဲ့ သတင်းတွေ မိန့်ခွန်းတွေကို နေ့တိုင်း လွှင့်နေလို့လား….။
ဘယ်တုန်းကမှ ဒေါ်စုမိန့်ခွန်း မလွှင့်ဘူး၊ မပြဘူး…။ အင်တာနက်ကို လွတ်လွတ်လပ်လပ် ကြည့်ခွင့် မရှိဘူး၊ ပြည်ပ ရေဒီယို နားထောင်ခွင့် မရှိဘူး။ စစ်အာဏာရှင်တွေဘဲ နေ့ရှိသရွေ့ တွေ့နေ ပြောနေကြတာလေ။ နိုင်ငံတော်ကြီးကို ဘယ်လို ကယ်တင် ထားရကြောင်း၊ ခေတ်မှီ နိုင်ငံတော်ကြီး တည်ဆောက် နေကြောင်း၊ တံတား ဆောက်ကြောင်း ဆည်ဆောက်ကြောင်း၊ ထီးတင်ကြောင်းပေါ့။ အဲ.. တံတားဆောက် ဆည်ဆောက်လို့ အိမ်တွေ ရွာတွေ ဖျက်တာတော့ မပြောဘူးပေါ့လေ။ ထားပါ၊ ပြောချင်တာက နေ့စဉ်၊ ညစဉ် ဒီလောက် အာပေါက်၊ နှုတ် ခမ်း ပြဲလောက်အောင် ပြောပေးနေတာတောင်၊ ဘရိန်းန်ဝပ်ရှ် လုပ်နေတာတောင် ဦးအုန်းသန်း ဘာလို့ ဆန္ဒပြလဲ၊ ကိုထင်ကျော် ဘာလို့ ဆန္ဒပြလဲ။ မနီလာသိန်း၊ နော်အုန်းလှနဲ့ အခြားသူတွေဘာလို့ ဆန္ဒပြလဲ။ စက်တင်ဘာ အရေးအခင်းမှာ သံဃာတော်တွေ ကျောင်းသား လူငယ်တွေနဲ့ ပြည်သူတွေ အများအပြား အရိုက်အနှက်ခံ၊ သေနတ် အပစ်ခံပြီး လမ်းပေါ်ထွက် အသက်ရင်းပြီး ဆန္ဒပြတာလဲ ဆိုတာကို အဖြေရှာရင်…၊ သူတို့ ပြောတာ မယုံလို့၊ လက်မခံလို့၊ သူတို့ ဥပဒေနဲ့ သူတို့ အုပ်ချုပ်တာကို မကြိုက်လို့၊ ပြည်သူတွေရဲ့ ဘ၀တွေကို ဖိနှိပ်ထားတာ မကျေနပ်လို့၊ လက်မခံလို့ ဆိုတာ ရှင်းကို ရှင်းပါတယ်။
စစ်အုပ်စု မတရားမှန်းသိရက်နဲ့ တစ်တိုင်းပြည်လုံး အတိုင်းအတာ မပါတာကို ပြောရရင်တော့ စစ်အုပ်စုရဲ့ ယုတ်မာမှုတွေ၊ မဆီမဆိုင် ပိန္နဲပင် ဓါးနဲ့ ချိုင်တာတွေနဲ့ သိလို့၊ တချို့က ကြောက်လို့၊ တချို့က စစ်အုပ်စုနဲ့ ပလဲနံပသင့်ပြီး စားနေရလို့ ဆိုတဲ့ အကြောင်းတွေ အများကြီး တွေ့ရမှာပါ။
ဒီဆန္ဒပြမှုတွေက ဒေါ်စုနဲ့ ဒီမီုကရေစီအရေး လှုပ်ရှားသူတွေ၊ အနောက်နိုင်ငံတွေက ဘရိန်းန်ဝပ် ရှ် လုပ်ထားလို့ပါလို့ ပြောနေရင်တော့ စဉ်းစားဦး .. ပညာရှိကြီးတို့။ ဘယ်သူတွေက ပြည်သူ တွေကို ဘရိန်းဝပ်ရှ် လုပ်နေတာလဲ.. ဆိုတာ။ ပြောရမယ်ဆို သင်္ဘောတွေ၊ မီးရထား တွေပေါ်မှာ လိပ်ခေါင်းဆေး ရောင်းသူတောင်၊ ဒီလောက် မျက်နှာပြောင် တိုက်ပြီး ဆက်တိုက် မအော်ရဲ၊ မကြော်ငြာရဲဘူး..။
ဒီနေ့ လူသား တစ်ဦးချင်းစီရဲ့ လွတ်လပ်ပိုင်ခွင့်၊ ပြည်သူပြည်သားတွေ ရပိုင့်ခွင့်အတွက် စစ်အုပ်စုကို တော်လှန်နေတဲ့ ရဟန်းသံဃာ၊ ကျောင်းသားနဲ့ အလွှာအသီးသီးက ပြည်သူတွေဟာ အတွေးအခေါ်ရှိတဲ့ လူသားတွေ။ ကိုယ်ပိုင် ဥာဏ်ရှိတယ်..၊ စဉ်းစားတတ်တယ်..။ ရေဒီယိုလည်း နားမထောင်တတ်၊ တီဗီလည်း မကြည့်တတ်၊ ကွန်မြူနစ်မသိ၊ ဆိုရှယ်လစ်မသိ၊ ဒီမိုကရေစီမသိတဲ့ ခွေးတစ်ကောင်ကိုတောင် မတရား ချောင်ပိတ် ရိုက်နှက်ရင် ထွက်ပေါက် ရှာပြီး ပြန်ခံကိုက်တတ်တယ်။ အခုဟာက လူတွေ…။ မတရား အနိုင်ကျင့်မှု၊ ပြည်သူ့ အာဏာ လုယူထားမှု၊ အတိုက်အခံတွေ၊ ရဟန်းတွေ၊ ကျောင်းသား ပြည်သူတွေကို အပြစ်မဲ့ ဖမ်းဆီးမှုတွေကို မခံနိုင်တော့လို့ တော်လှန် ပုန်ကန်သူတွေကို .. ဘရိန်းန်ဝပ်ရှ်လုပ် ခံထားရ ပါတယ် ဆိုတဲ့ စကားလေးနဲ့ မစော်ကားနဲ့။
ကိုယ့်ကိုကိုယ်လည်း စဉ်းစား မတရားမှန်း၊ မမျှတ လမ်းမမှန်မှန်း သိရက်နဲ့ "ဘိန်းမှိန်း" မှိန်းနေ တဲ့ မျက်လုံး ကျဉ်းကျဉ်းလေးနဲ့ မဝေဖန်နဲ့၊ မစွပ်စွဲနဲ့။ ဘရိန်းန်ဝပ်ရှ် ဇာတ်ထုပ်မကနဲ့…။ နိုင်ငံအရေး ပြည်သူတွေအရေး လှုပ်ရှား နေသူတွေကို ဒီစကားလုံး မသုံးနဲ့။ ကျုပ်ပြောတာ ရှင်းလား။ မတန်မရာ ၀င်ပြီး မဝေဖန်နဲ့ .. ။
အင်း …ပြောသာပြောရတာ..မထင်။
ပြောရင်းပြောရင်းနဲ့လည်း ကျုပ် .. ဇာတ်ထဲက အဘိုးကြီးပြောတာ သတိရမိသေးတော့….။ ဘာတဲ့ ..
"အတတ်ပညာ တစ်ခုကို ပိုင်ပိုင်နိုင်နိုင် မသိသူတွေက ခေါင်းဆောင်လုပ်နေတော့ .. သူတို့ ပြောနေ၊ လုပ်နေတာတွေက သောက်တလွဲချည်းဘဲ။ ဒါ့ကြောင့် ဇာတ်လောကမှာ စကား တစ်ခုရှိတယ်။
"တိုင်းပြည်မသိ.. ဗာရာဏသီ၊ မင်းမသိရင် ဗြဟ္မဒတ်" တဲ့..။
အခုလည်း အုန်းမှုတ်ခွက် အောက်က တစ်ဖက်လပ် ဖားငရမန်ကန်းလေးတွေက ချောင်ကြို၊ ချောင်ကြားက ထထ အော်သံ ပေးနေကြတယ်။
" နိုင်ငံရေးလုပ်ရင် ဘရိန်းန်ဝပ်ရှ် " တဲ့…။
ဇာတ်ထဲက အဘိုးကြီးကတော့… စာ၊ ပညာ၊ ၀မ်းစာပြည့်တဲ့ ရွှေမန်းတင်မောင်ကို လွမ်းတယ်တဲ့။
ကျုပ်လည်း ဗိုလ်ချုပ်အောင်ဆန်းတို့ကို လွမ်းတာပေါ့…။
အင်း….သန်းရွှေတို့စစ်အုပ်စုတွေ နိုင်ငံရေးလုပ်ပြီး သူ့နောက်လိုက်ခွေးတွေက ဝေဖန်ရေး လုပ်နေသမျှတော့………
" တိုင်းမသိတော့ ဗာရာဏသီ …
မင်းမသိရင် ဗြဟ္မဒတ် …..
နိုင်ငံရေးလုပ်သူ ဘရိန်းန်ဝပ်ရှ် " ပေါ့ .. ။ ။
စစ်ဟိန်း












