Wednesday, December 26, 2007

ပြည်သူသာလျှင် နိုင်ငံတော်

ကိုလျှာရှည် ဘလော့ခ်တွင် ၀င်ရောက်ရေးသားခဲ့သော ရုရှရောက် ပုဂ္ဂိုလ်ခင်ဗျား။

ကျွန်တော်တို့က မည်သူတစ်ဦး၊ တစ်ယောက်ကိုမျှ ဦးနှောက် အဆေးခံရတဲ့လူတွေ လို့မယူဆချင်ပါဘူးခဗျား။ ဒီတော့ကာ အပြောခံနေရတဲ့ လူတွေဖက်ကလည်း မဟုတ်ကြောင်း သက်သေပြဖို့တော့လိုပါလိမ့်မယ်။ Action speaks louder than words. လို့ဆိုတယ်မဟုတ်လား။ ကျနော်တို့ကတော့ ခင်ဗျားတို့ ပြည်သူထဲက ပေါက်ဖွားလာတဲ့ ကျနော်တို့နဲ့ တသွေးတည်း တစ်သားတည်းရှိတဲ့ လူတွေအဖြစ် မြင်လိုလှ ပါတယ်။ ပြည်သူအပေါ်က ရေပေါ်ဆီလူတန်းစားတွေ အဖြစ်နဲ့တော့ ကျနော်တို့ကတော့ ဘယ်လို အခြေအနေ အကြောင်းကြောင်းနဲ့မှ လက်ခံမယ်မဟုတ်ပါဘူး။ ကျနော်တို့ဖက်က မိုက်မိုက်ရိုင်းရိုင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ ပြောပါ။ ဒီလိုပြောနေတဲ့ လူ တွေကို ကျနော်တို့ ရှုတ်ချပါမယ်။

ကျနော်ကတော့ ဘယ်သော အခါကမှ ဆဲဆိုခြင်းကို အားမပေးပါ။ ဆဲတာဟာ အလုပ်ပြီးမြောက်မယ်လို့လဲ မယုံကြည်ပါ။ ဒါပေမယ့် ဘာ ကြောင့် ခုလို ဒီလူတွေ ဒီလိုစိတ်ဝင်သွားရတာလဲဆိုတာကိုတော့ ခင်ဗျား မေ့မထားစေချင်ပါဘူး။ လက်နက်မဲ့တဲ့ ဘုန်ကြီး ရဟန်းတော် ပြည်သူတွေကို သွေးပွက်ပွက်ကျအောင် ရိုက်နှက်နေတာ မြင်တော့ ဘယ်လိုခံစားရပါသလဲ။ အကျေနပ်ကြီးကျေနပ်နေတာပဲလား။ အင်မ တန်ရှက်ဖို့ကောင်းပြီး နာကျည်းဖွယ်ရာ မြင်ကွင်းတွေကို ဒါတွေဟာ လုပ်ဇာတ်တွေပါဆိုပြီး မရှိကို အရှိဖြစ်အောင်ပြောဦးမှာလား။ အမှန် တရားဆိုတာ ဘယ်မှာလဲ။ ဒါကို မှားယွင်းတဲ့ လုပ်ရပ်အဖြစ် ၀န်ခံဖို့ သတ္တိရှိပါသလား။ ဒါမှမဟုတ်လဲ နိုင်ငံတော် လုံခြုံရေးဆိုတဲ့ မခိုင်လုံ တဲ့အကြောင်းပြချက်တစ်ခုနောက်ကွယ်မှာ ပုန်းရှောင်နေဦးမှာလား။ ဒါဟာ အထက်ကလူတွေကြီးတွေရဲ့လုပ်ရပ်ဆိုပြီး ဟိုလူ့ လက်ညှိုး ထိုး ဒီလူလက်ညှိုးထိုး လုပ်နေဦးမှာလား။

နောက်တစ်ချက်က ကျနော်တို့ဟာလဲ သာမန်အရပ်သားတွေပါ။ တစ်ခုတော့ရှိပါတယ်။ ကျနော်တို့ဟာ ပညာတတ်တဲ့ အရပ်သားတွေမို့ မှား၏ မှန်၏ နှစ်ဖြာကိုတော့ ခွဲခြားသိမြင်ဖြစ်တယ်လို့ ထင်ပါတယ်။ ကျနော်တို့က ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှုမပါပဲ တိုင်းပြည်အရေးအတွက် ပါဝင်ဖို့ ၀တ္တရားရှိတယ်လို့ ယူဆမိလို့ ပါဝင်လာကြသူတွေပါ။ ကျနော်တို့ တိုင်းပြည်နဲ့ ဆိုင်တဲ့ ကိစ္စအ၀၀ကို ပြောဆိုပိုင်ခွင့်ဟာ မြန်မာနိုင်ငံသားအားလုံးရဲ့ တာဝန်ပါ။ ဒီလိုပြောမှပဲ နိုင်ငံသားတစ်ဦးရဲ့ တာဝန်ကိုကျေပြွန်တယ်လို့လဲ ယူဆပါတယ်။ ကျားမ ကြီးငယ်မရွေး ကိုယ်ပိုင် အသိဥာဏ်နဲ့ ဆုံးဖြတ်နိုင်စွမ်းရှိသူတိုင်းဟာ ဒီလိုကိစ္စမျိုးမှာ မရှောင်လွှဲအပ်ပါဘူး။ ခုလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကြောင်းမဲ့ တိုက်ခိုက်နေမှုတွေနဲ့တော့ ခွဲခြား သိမြင်ဖို့လိုအပ်ကြောင်းအသိပေးလိုပါတယ်။ ကျနော်တို့ပြောတာ ကို မှားနေရင် အချက်လက်နဲ့တကွ ထောက်ပြဖို့ အခွင့်အရေးပေးထားပါတယ်။ လွတ်လပ်တဲ့ လူ့ဘောင်အဖွဲ့အစည်းဆိုတာကို ယုံကြည် သက်ဝင်သူပီပီ ကျနော်တို့က မှန်ရာကို ၀ံ့ဝံ့စားစား မမှောက်မမှားမဖောက်ပြားပဲ ကိုယ်ယုံကြည်ရာကို ပြောဆိုမယ့်လူတွေကို ကြိုဆိုပါ တယ်။ အမြင်အယူ မတူသူတွေဆီက လေးစားမှုကို ရယူဖို့ဆိုရင်တော့ ကိုယ်တိုင်က လေးစားခံထိုက်အောင် ကြိုးစားယူရပါမယ်။ တစ် ယောက်နဲ့ တစ်ယောက် အပြန်အလှန်လေးစားမှုဆိုတာဟာ တည်ဆောက်ယူရတာပါ။ တောင်းဆိုယူလို့မရတဲ့ အရာတစ်ခုဆိုတာ သတိ ချပ်စေချင်ပါတယ်။

စစ်သားဆိုတာ “တရားဝင်” အစိုးရ တစ်ရပ်ရဲ့ အမိန့်ကို နာခံရတယ်ဆိုတာ သဘာဝကျပါတယ်။ ဒါဆိုရင် အစိုးရတစ်ရပ်ရဲ့ တရားဝင်မှု စံနှုန်းတွေကိုကော နအဖ မှာရှိပါသလားဆိုတာကို ဝေဖန်ဆန်းစစ်စေချင်ပါတယ်။ ကျနော်နောက်ထပ်ပြောချင်တာ အစိုးရဆိုတဲ့ ကိစ္စပါ။ နအဖ ဟာ တရားဝင်ပြည်သူတွေ တောင်းဆိုထားတဲ့ အစိုးရတစ်ရပ်မဟုတ်သလို ရွေးကောက်ခံထားရတဲ့ အစိုးရတစ်ခုလဲမဟုတ်ပါဘူး။ အရှင်းဆုံးပြောရရင်တော့ ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ပဲဆိုပါရစေ။ ယုတ်စွဆုံး ကွန်မြူနစ်တရုတ်ပြည်မှာ ပေါ်လစ်ဗြူရိုဆိုတာကို တောင် ပါတီတွင်းက ကိုယ်စားလှယ်တွေ ရွေးရတာပါ။ တရုတ်ပြည်မှာ မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းပြီး တဆင့်ကနေတဆင့် အာဏာကို လွဲပြောင်းပြီးချိန်မှာ မြန်မာပြည်မှာတော့ သန်းရွှေတို့ကတော့ သက်ပြည့်ပင်စင်တောင် မယူတာ ဘာကြောင့်ပါလဲ။ တစ်ခုခုလွဲ မှားနေတယ်လို့ မယူဆဘူးလားခဗျား။ ဒါဟာ ကွန်မြူနစ်တရုတ်ပြည်ပါ။ ဒီမိုကရေစီ မကျတကျ ရုရှားမှာကော ဘယ်လိုလဲဆိုတာ တစ် ချက်ကြည့်ကြရအောင်။

ခုဆိုရင် မစ္စတာပူတင်ဟာ သူ့သက်တမ်း (၂) ကြိမ်ပြည့်မြောက်လို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်းပဲ ရာထူးကနေ ဆင်းမယ်ဆို တာ ကမ္ဘာသိအောင် ပြောပြီးဖြစ်ပါတယ်။ နိုင်ငံတကာရဲ့စံနှုန်းအရဆိုရင်တော့ ပြည်သူက တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ အ စိုးရကသာ တရားဝင်အစိုးရပါ။ တိုင်းပြည်အရေးမှာ ငါလုပ်ချင်သလိုလုပ်မယ်ဆိုတဲ့ ငါတကောကောပြီး ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုပြီးတော့ လမ်းပြမြေပုံဆိုတာကြီးကို ဖက်တွယ်ထားလို့မရပါ။ ပြည်သူအားလုံးရဲ့ ဆန္ဒကို လေးစား သင့်ပါတယ်။ စစ်သားဖြစ်တာကြောင့် အမိန့်နာခံမယ်ဆိုရင် ပြည်သူကရွေးကောက်ထားတဲ့ အစိုးရရဲ့ အမိန့်ကိုသာ နာခံရမှာပါ။ မဟုတ် ရင်တော့ တလွဲအမိန့် နာခံခြင်းဆိုပြီးတော့ပဲ ၀မ်းနည်းစွာ ဆိုရတော့မှာပါပဲ။ အမိန့်ဟူသမျှကို နာခံတာထက် မှန်သော တရားမျှတသော အမိန့်ကို ဦးလည်မသုန်ထမ်းရွက်နိုင်တာကသာ တကယ့်စစ်သားကောင်းတစ်ယောက်ဖြစ်စေမှာပါ။

ဘယ်အစိုးရလက်အောက်မှာပဲ ဖြစ်ဖြစ် ကျနော့်ရဲ့ အမြင်အရကတော့ စစ်သားတိုင်းဟာ မှား၏ မှန်၏ ဆိုတာကို ခွဲခြားသိတဲ့ လူတွေအ ဖြစ်ပဲရှိစေချင်ပါတယ်။ ဒီလိုဆိုရင် ကိုယ့်ကို အမိန့်ပေးမယ့် အထက်အရာရှိဆိုသူတွေဟာလဲ ကိုယ့်ရဲ့ ရဲဘော်တွေ ငယ်သားတွေကို လေး စားလာမှာပဲဖြစ်ပါတယ်။ လေးစားလာတာနဲ့အမျှ မတရားသော အမိန့် မသင့်လျော်သော အမိန့်ကို ပေးဖို့ သတ္တိအင်အား ရှိမယ်မဟုတ် ပါဘူး။ အောင်မြင်တဲ့ စစ်တပ်ဆိုတာ တပ်ထဲမှာ ရာထူးကြီးငယ် အပြန်အလှန်လေးစားမှုရှိပါတယ်။ လေးစားမှုဆိုတာဟာ တစ်လမ်းသွား မဟုတ်ပါ။ တစ်လမ်းသွားလေးစားမှုဆိုတာဟာလဲ ရေရှည်တည်မြဲမယ် မဟုတ်။ အကယ်လို့များ ပြည်သူက ရွေးကောက်တင်မြောက်ထား တဲ့ အစိုးရတစ်ရပ်က မတရားတဲ့အမိန့်မျိုးပေးပြီး စေခိုင်းလာခဲ့မယ်ဆိုရင် ဆန့်ကျင်ရမှာ ခင်ဗျားတို့ရဲ့ ၀တ္တရားပါ။

ဗိုလ်ချုပ်အောင်ဆန်းကလဲ တရားသော အမိန့်မျိုးကိုသာ လိုက်နာတဲ့တပ်ဆိုတာကို မြင်လိုတယ် လို့ ကျနော်တို့ နားလည်ထားပါတယ်။ အစိုးရဆိုတာ ပြည်သူ့ရဲ့ အစေအပါးပါ။ ပြည်သူဟာ အစိုးရရဲ့ အစေအပါးမဟုတ်ပါ။ ဒါကြောင့် စစ်တပ်ဆိုတာ ပြည်သူနဲ့ပဲ တစ်သား တည်းရှိရမှာပါ။ အစိုးရနဲ့ တစ်သားတည်းရှိတဲ့ တပ်လို့ဆိုလာရင်တော့ ခံယူချက် အကြီးအကျယ် မှားယွင်းနေပြီလို့ဆိုပါရစေ။ ဘယ်သူ့ အပေါ် allegiance ရှိရမယ်ဆိုတာကို ကွဲကွဲပြားပြားသိထိုက်တယ်လို့ မယူဆဘူးလားခဗျား။ နိုင်ငံတော်ဆိုတာ အစိုးရမဟုတ်ပါ။ ပြည်သူ သာလျှင် နိုင်ငံတော်ပါ။ ပြည်သူ့သစ္စာကို စောင့်သိရမှာ တပ်မတော်သားတွေ အလုပ်ပါ။ အလျင်းသင့်မယ်ဆိုရင်တော့ သိပ်အပန်းမကြီး ဘူးဆိုရင်တော့ Восстание декабристов ဆိုတာနဲ့ ပတ်သက်ပြီး တစ်စေ့တစ်စောင်းရှာဖွေပြီး ဖတ်ရှုစေချင်ပါတယ်။ သိရှိပြီးသား ဖြစ် တယ်ဆိုရင်လဲ မိကျောင်းမင်းရေကင်းပြသလိုဖြစ်နေရင်လဲ ခွင့်လွှတ်ပါ။ ဒါဆို ဘယ်လို စစ်တပ်မျိုးဟာ ပြည့်သူ့စစ်တပ်ဆိုတာကို ထင် ထင်ရှားရှား သိလာမှာဖြစ်ပါတယ်။ လက်တွေ့လုပ်ဆောင်ဖို့ တိုက်တွန်းနေတာမဟုတ်။ ကျနော်လဲ နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် သိသင့်တာကို သိထားရမှာ နိုင်ငံကို တကယ်ချစ်မြတ်နိုးသူတိုင်းရဲ့ တာဝန်လို့ယူဆပါတယ်။

ယခု Post ကိုတော့ ဒီမှာပဲ ရပ်နားခွင့်ပြုပါလို့ တောင်းဆိုလိုပါတယ်။ Восстание декабристов ဆိုတာကို လေ့လာပြီးတဲ့အခါ မိတ်ဆွေ ရဲ့ အမြင်ကိုလဲ သိရှိလိုလှပါတယ်လို့ ဒီနေရာကနေပြောပါရစေ။

XYZ

0 comments: