(၁)
" မယားနိုင်မင်းတော့ မောင်ဖြစ်လိမ့်မယ်မထင်၊ ကြပ်မင်းသားကြီးလို စစ်ဝတ်စစ်စားကြီးနဲ့ဆို၊ တကယ့်ကို ရီစရာကောင်းတယ်၊ ရီစရာ ကောင်းတယ်ရှင် … ၊ "
" ကျွန်မစကားကို မောင်နားထောင်ရင် မယားနိုင်မင်း မဖြစ်ပေမယ့် ကျွန်မကိုမနိုင်တဲ့ ကုလားထိုင်မင်းတော့ ဖြစ်မှာ ဧကန်ပင် ….. ။ "
" ဟေး …. မအိပ်မနေ ခြင်ကိုက်သေ ဒီစကားတွေ တကယ့်ကိုမှန်တယ်၊ အချိန်မှန်မှန် အိပ်ရမယ်ရှင့်၊ အချိန်မှန်မှန် စားရမယ်ရှင့် ..။ "
" ဟေး …. မေးပါများရင် စကားရပေမယ့် chatting မိန်းကလေး လှလှတွေနဲ့ စကား မပြာရပါဘူးရှင် .."
" ဟေး …. သွားပါများရင် ခရီး ရောက်တယ်တဲ့ လည်တာသွားတာ တားရမယ်ရှင် .. "
" ဟေး …. ကျားကြောက်လို့ ရှင်ကြီးကိုး ကျားထက်ပင် ဆိုးမဲ့ဟန်ပြင် .. ။ ….. "
" သ၀န်ကြောင်တာ မဟုတ်ဘူးရှင် ကျမကြင်နာတဲ့ သခင် ..။ ….. "
" အိမ်ထောင်ရေးမှာ အရေးကြီးတာက ဒန်အိုးဒန်ခွက်ပင် .. ။ ….. "
" မိန်းမသားတွေရဲ့ သခင် တွယ်တာစရာ တစ်ဦးတည်း ချစ်လင် အားကိုးကာ ပေါင်းရတယ်ရှင် … ရှင် .. ရှင့် .. "
ဟူ၍ .. တခေတ်တခါက အနှစ်ပါပါ ရေဒီယို ကျော်ကြား သီချင်းတစ်ပုဒ်ဖြစ်တဲ့ နဂါးနိုင်မင်း (မှားရင်လည်း မောက်စ်လေးနဲ့ ထောက်ပြတော် မူကြပါ၊ ) ကို ဒီစာနဲ့ ကိုက်ညီအောင် ပြန်လည် ပြုပြင်ထားတဲ့ “ကုလားထိုင် မင်း” သီချင်းလေးဆုံးတယ်ဆိုရင်ပဲ … ခေတ်သစ်မောင် ပေါက်ကျိုင်းကား ဤသို့ဤနှယ် ဖြစ်ချေတော့၏။
တိုင်းမသိ ဗာရာဏသီဆိုတဲ့အတိုင်း ဗာရာဏသီ ပတ်စပို့ကိုင်၊ စတိုင်က မောက်ကြွား၊ “ ဟောက် တိုင်းမကြောက်တဲ့ ကပေါက်ကျိုင်း ဟဲ့ .. ” လို့ (ကိုယ့်ဘာသာကိုယ်) ကြွေးကြော်လေ့ရှိသူ ဥမယ်စာမြောက် လူငယ်လေး တစ်ယောက် ဟာ University တက္ကသိုလ်ပြည်ကြီးမှာလ၊ ပညာ ဆည်းပူးဖို့ အမိအဖက အစိမ်း ဒေါ်လာ အထပ်လိုက်ကို တစ်သိန်းသော်မက မပြတ် ပို့ပေသော်ငြား၊ မောင်ပေါက်ကျိုင်း မတော့ Club လျှောက်တက်နေတာက တမျိုး၊ ငါးသောက်နေတာက တသွယ်၊ weed ရှိုက်နေတာက တမည်၊ ဤသုံးလီမက၊ ရသမျှ အဿပြာတွေ ဖြုန်း၊ နည်းစုံကာ အချိန်ကုန် နေတာရယ်ကြောင့် တက္ကသိုလ်ကြီးရဲ့ ပရော်ဖက်ဆာ ချုပ်ကြီးခမျာ လက်လျှော့လိုက် ပါသတဲ့ .. (လျှော့ဆို သူ့ အောက်က စာထောက် ချပေးတဲ့ ပါမောက္ခလေးက ခုလိုပြောဆိုသကိုး ..၊ မနိုင်တာ၊ မနိုင်တာ .. ။)
ပါမောက္ခ ။ ။ " ဆရာကြီး .. အခု ဆရာကြီးကျွန်တော့် အပ်ထားတဲ့ ပေါက်ကျိုင်းကတော့ ကျွန် တော် ကြားဖူးတဲ့ ရှေးနဂါးနိုင် ဇာတ်ထဲက နဲ့ လုံးလုံးကို မတူဘူးခင်ဗျ။ ဆရာကြီးတာဝန် ပေးလို့ သာ ကျွန်တော် သင်ပေးနေရတယ်။ သူဟာ စာပေဆိုတာကို တယ်စိတ် မ၀င် စားဘူးဘဲ..။ "
ပရော်ဖက်ဆာချုပ်ကြီး ။ ။ " ဟုတ်သလား .. အေး .. ကျုပ်ကလည်း မကောင်းတတ်လို့ လက်ခံထားရတယ်။ သူရို့အမိအဖက ငါ ဆရာ ကြီးဆီမှ အပ်ချင်ပါတယ်ဆိုတော့၊ သိပ်ပြီး မငြင်းချင်လို့ ဆရာလေးရယ်။ ခက်ပါဘိတော့ ..၊ ထောက်ထား ရမှာတွေကလည်း ရှိသကိုး..။ "
ပါမောက္ခ ။ ။ " ကျွန်တော် သိသလောက် အဲဒီပေါက်ကျိုင်းလေးဟာ ဘယ်လိုနည်းနဲ့မှ အသိပညာ အတတ်ပညာ သင်ပေးလို့ မရနိုင် ဘူးခင်ဗျ။ သူစိတ်ဝင်စားတာ တခြား၊ ကျွန်တော်တို့ တက္ကသိုလ်ကြီးက သင်ပေးနိုင်တာက တမျိုး ..ဆိုတော့၊ သူ့အမိအဖ မျက်နှာ ထောက်ရမယ် ဆိုလည်း တစ်ခုခုတော့ စီစဉ်ပေးပါဦးဆရာကြီး။ နို့မို့ရင် ကျွန်တော်တို့ တက္ကသိုလ်ကြီးလည်း သူ့ကြောင့် ဂုဏ်ပျက်ရသလို သူ လည်း အချိန်ကုန် လူပမ်း၊ ဘယ်နည်းနဲ့မျှ ရှေ့ရေး လှနိုင်မယ်မထင်ပါဘူး ခင်ဗျာ ..။ "
ပရော်ဖက်ဆာချုပ်ကြီး ။ ။ " ဟုတ်ပါပြီကွယ်၊ ဒီအတိုင်း ဟုတ်မှန်ရာပြောပြီး ပြန်လွှတ်လိုက်ရင် နောက်ဆို သူတို့ တိုင်းပြည်က ကျောင်းသား အသစ်ရဖို့ ခက်ပြီ၊ ဘာသင်သင် မတတ်ပဲ လွှတ်လိုက်ရင်လည်း ဆရာလေး ပြောသလို ကျုပ်တို့က မကောင်း ဖြစ်ရော့ မယ်။ "
အခုခေတ်မှာ ရုရှားတက္ကသိုလ်ကြီးများနဲ့ မြန်မာစစ်အစိုးရ ပူးပေါင်းရိုက်စားကြသလိုပဲ ဆိုပါတော့ ..
ဒီလိုနဲ့ ပရော်ဖက်ဆာကြီးဟာ အတန်ကြာ စဉ်းစားပြီးတော့ သူ့ရဲ့ တပည့်ကျော် မောင်ပေါက်ကျိုင်းလေးကို ခေါ်ပြီး ခုလို မိန့်မှာပါတယ်။
ပရော်ဖက်ဆာချုပ်ကြီး ။ ။ " ကဲ .. ကဲ .. တပည့်မောင်ပေါက်ကျိုင်း၊ ဆရာကြီးတို့ ဆီမှာ အမောင် ပညာရည်နို့ သောက်စို့ခဲ့တာ ခုဆို ရင် ဂျီမေးလ်၊ ရာဟူး အထူးတတ်မြောက်ခဲ့ချေပြီ၊ (ဟုတ်ပါဘူး၊ မှားလို့) အဲ အဲ .. ယောင်္ကျားတို့ တတ်အပ်တဲ့ အဌာရဿ (၁၈) ရပ်ကို တော့ ဒီ ကျောင်းတော်ကြီးက အစွမ်းကုန် သင်ပေး လိုက်ချေပြီ။ သို့ပေမယ့်၊ အမိတက္ကသိုလ်ကြီးက အမောင်ပေါက်ကျိုင်းကို ကျောင်းပညာ အရာမှာ ဒေါ်လာအစိမ်း မျက်နှာနဲ့ တော်ရာမနှေး တစ်သက်စာ ဘွဲ့လက်မှတ်ကြီးကို အပ်နှင်းလိုက်ပြီဆိုသော်ငြား၊ အဟမ်း ဟမ်း .. ဘ၀ တက္ကသိုလ်ဆိုတဲ့ ဇာတ်ခုံကြီးမှာ ဆက်လက် လျှောက်လှမ်းဖို့တော့ မပြည့်စုံသေး။ အဟမ်း ဟမ်း .. မောင်ပေါက် ကျိုင်း .. ဆရာကြီး မိန့်မှာ တာ သဘောကော ပေါက်ရဲ့လားကွယ် .. မင်းကြည့်ရတာ ရီဝေယံ မျက်ခွက်ကြီးနဲ့ ပါလား .. "
ပေါက်ကျိုင်း ။ ။ " ဟုတ်ကဲ့ ဆရာကြီး၊ သဘောရော လူရော ပေါက်ပါတယ်။ ကျွန်တော် နဲနဲ ကွဲနေလို့ပါ။ "
ပရော်ဖက်ဆာချုပ်ကြီး ။ ။ " အိမ်း .. အိမ်း .. ကောင်းပါပေ့တော့။ ဒါကြောင့် အမောင့်အနေနဲ့ ဒီကျောင်းကနေ ပညာသင်ယူမှုကတော့ ဆုံးခမ်းတိုင်ပြီပေါ့။ ဒို့လက်ကလွတ် .. ဗလွတ် .. (အဲ .. မှားတာ .. မှားတာ..)၊ အင်း အင်း .. ဘ၀တက္ကသိုလ်လွင်ပြင်ကျယ်ကြီးကို လျှောက်လှမ်းရာမှာ အမောင်ပေါက်ကျိုင်း အနေနဲ့ လိုက်နာရမဲ့ အရေးအကြီးဆုံး စကားကြီးသုံးခွန်းကို မှတ်သားသွားစေချင်တယ်ကွဲ့ .."
ပေါက်ကျိုင်း ။ ။ " ဟုတ်ကဲ့ခင်ဗျ။ မှတ်သားပါ့မယ်။ "
ပရော်ဖက်ဆာ ။ ။ " အေး .. အဲဒီစကားကြီး သုံးခွန်းကတော့ နံပါတ်တစ်.. မအိပ်မနေအသက်ရှည်၊ နံပါတ်နှစ်.. မေးပါများ စကားရ၊ နဲ့ နောက်ဆုံးနံပါတ်သုံးကတော့ သွားပါများခရီးရောက် ဆိုတဲ့ စကားတွေပဲ။ အမောင့် အနေနဲ့ ဘယ်အရာကိုပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ၊ ခု ဆရာကြီး မိန့်မှာခဲ့တဲ့ စကားကြီး သုံးခွန်းအတိုင်း သင့်တော် သလို လိုက်နာ ကျင့်ကြံနေထိုင်ပေတော့ကွယ် .. ။ "
ပေါက်ကျိုင်း ။ ။ " ဟုတ်ကဲ့၊ ကျွန်တော် မှတ်သားလိုက်နာပါ့မယ် ဆရာကြီးခင်ဗျား ….။ "
အဲသလိုမျိုး အရေးအကြီးဆုံး မှတ်သားဖွယ် စကားကြီးသုံးခွန်းနဲ့ ဆရာကြီးဟာ မောင်ပေါက်ကျိုင်းကို Graduate လုပ်ပေးလိုက်ပါသတဲ့။
ဒီလိုနဲ့ တက္ကသိုလ်ဘွဲ့ရ ပညာတတ်ကြီးလို့ သွေးတွေ နားထင်ရဲ့ဟိုးအပေါ်ဘက်ကို ရောက်သွားတော် မူရှာတဲ့ အနှီ မောင်ပေါက်ကျိုင်း လေးဟာ .. သူခြေဦးကို GPRS လို သဘောထား၊ ကားယားကားယားနဲ့ ကျောမှာ Laptop လွယ်၊ ယယ်ကလယ် ကယ်ကလယ်နဲ့ ခရီးသဝေ ထိုးသွားလိုက်တာ၊ ဆွေမျိုးများက Online မှာတောင် သူ့မတွေ့တာကြာပေါ့ လို့ ညည်းညူရသတဲ့။ မတွေ့ဆို laptop လွယ်ပေမယ့် လမ်းမှာ မီးမရဘူးလေ၊ မီးမရဘူးဆို မြန်မာပြည်ထဲ ရောက်နေတာ။ မြန်မာပြည်ထဲရောက်နေဆိုတာကဆရာကြီးရဲ့ နောက်ဆုံးစကား ကြီး “သွားပါများ ခရီးရောက်” ဆိုတဲ့အတိုင်း ကျင့်ကြံနေတာပါဘဲ။ ခရီးရောက်မရောက်တော့ မသိ၊ ကြပ်ပြည် တော့ ရောက်နေပြီ။ ဆက်ကြည့် ရအောင်။
အဲသလိုမျိုး ခြေစင်္ကြာဖြန့်ရင်း တစ်နေရာမှာရပ်မိတော့ လွင်တီးခေါင်ပြင်ကြီးထဲ ခြုံပုတ်ကအစ မီးထိန်ထိန် လင်းနေတဲ့ တိုင်းပြည်ကြီးကို တွေ့တယ်။ ဒါနဲ့ ၀င်ကြည့်ဦးမှပဲ ဆိုပြီးဝင်လိုက်တာ .. အလားလား တိုင်းပြည်ကြီး က “ သေပြည်တော် ” ဆိုပဲ။ မောင်ပေါက်ကျိုင်းလေး ပါးစပ်ရော မျက်စိပါ ဟောင်းလောင်း ဖြစ်သွားရတယ်။
သူစိတ်ဝင်စားသွားပြီ။ .. ဆိုတော့ အင်မီဂရေးရှင်း ကောင်တာနား ကပ်သွားပြီး ဆရာကြီးရဲ့ ပထမဆုံး စကားကြီးကို လက်တွေ့ အကောင်အထည် ဖေါ်ပါတော့တယ်။ ဒါပေမယ့် မေးပါးများစကားရဆိုတာ ဒီနဂါးနိုင် ဇာတ်မှာ ချက်ချင်း အတိအကျ မရဘူးဖြစ်နေတယ်။ သို့သော် မောင်ပေါက်ကျိုင်းလေးက တက္ကသိုလ်ကြီးက ဘွဲ့ကြီးကြီးရလာတာပဲ မဟုတ်လား၊ စီးကရက်တစ်တောင့် ထိုးထည့်ပြီး စကား ကြီး နံပါတ်တစ်ကို တရစပ် ပစ်သွင်းပါတော့တယ်။ ဒါနဲ့ပဲ အဖိုးတန် စကားလေးတစ်ခွန်းကို ကြားလိုက်ရတယ်ဆိုပါတော့။
ဟိုကလည်း တိုးတိုးလေး ကပ်ပြောတာမျိုး။ စီးကရက်တစ်တောင့်လေ ..
" ဒီသေပြည်တော်မှာ အနယ်နယ်က လူကြီးသားများအား အထူးလိုလားနေကြောင်း .. "
ဒါနဲ့ မောင်ပေါက်ကျိုင်းဟာ ချက်ချင်းပဲ အတွေးပေါက်ပြီး အဲဒီက အရာရှိကြီးကြီးတစ်ယောက်ကို Duty Free က ဘလက် လေဘယ်လ် တစ်လုံး ထောင်ပြပြီး ကျွန်တော်ဟာ နိုင်ငံတစ်ခုက အရေးပါ အရာရောက်တဲ့ လူကြီး တစ်ယောက်ရဲ့ သားပါ.. လို့ ရွှီးပါများ စကားဖြစ်လုပ် လိုက်ပါတော့တယ်။
သိပ်မကြာပါဘူး .. အမဲဖမ်းတဲ့ မျက်လုံးတွေနဲ့ လူစိမ်း (အစိမ်းရောင်ဝတ်များ) ရောက်လာပြီး သေပြည်တော်က ကြက်ဆူပင်မင်းတရားဆီ ပို့ ဆောင်လိုက်ကြသတဲ့ ..။
မောင်ပေါက်ကျိုင်းလေးဟာ စကားကြီး နံပတ်တစ်နဲ့ အလုပ်ဖြစ်ခဲ့ပေမယ့်၊ မေးရန် တစ်ခုတော့ ကျန်ခဲ့ရှာပါ တယ်။ ပညာရှိသတိဖြစ်ခဲ မဟုတ်ပေလား … ။
ဒီတိုင်းပြည်ကို အခြားသော ခုနှစ်ပြည်ထောင်က မင်းသားတွေ ဘုရင်လာလုပ်ကြတာ တစ်ညပဲခံပြီး ရှောကုန် ကြသမို့ အီးယူတွေ၊ အာစီယံ အဖွဲ့ဝင်နိုင်ငံတွေက လူကြီးသားတွေ၊ ပြီးတော့ ဒီနိုင်ငံကစစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သား၊ စစ်ဗိုလ်လေးတွေတောင် အနားမကပ်ဝံ့ကြဘူး တဲ့ကွယ် .. ။ လက်ရှိ နိုင်ငံရဲ့ ဥလျှောင် မင်းတရားကြီးက သူရှောနင်းကီးကာနီးပြီဆိုတော့ကာ ဆက်ခံမဲ့ ဘုရင် အသဲအသန် လိုအပ်နေ တာလည်း ဖြစ်နိုင်မှာပေါ့လေ။
ပြီးတော့လည်း ဘုရင်လုပ်သူတွေ တစ်ခါ သေဆုံးပျက်စီးပြီးတိုင်း ရှေးတရုတ်သိုင်းကားတွေထဲကလို နံရံမှာ သွေးတွေနဲ့ ဟောသလို ရေး ရေး ထားခဲ့ပြန်သတဲ့။
“ နောက်တစ်ခါ အာဏာသိမ်းရင် ဆက်ဒန်ဟူစိန်လိုဖြစ်အောင် လုပ်ပစ်မယ် ”
အဲဒီလိုမျိုး အကြိမ်းခံထားရတာကြောင့် သေပြည်တော် မင်းတရားချုပ်ကြီးခမျာ ဘုရင့် ယောက်ခမတော် ရာ ထူးရယ်၊ စစ်ဦးချုပ်ရာထူး ရယ်နဲ့ ရှိသမျှငါပိုင် ရာထူးလောက်သာ ယူထားပြီး သူ့ပါမစ်ပါမှ အီးပေါက်ခွင့်ရှိတဲ့ ဘုရင်ဆိုသူကို သမီးနဲ့ပေးစားပြီး ကျေနပ်နေရသတဲ့ ..
ခုနက မောင်ပေါက်ကျိုင်းလေးခမြာ စကားကြီး နံပါတ်တစ်တော့ အကျိုးပေးပြီဟေ့ .. လို့ ပျော်ရွှင်စွာ လိုက်သွား ပေမယ့် သေပြည်တော် ကြက်ဆူပင် မင်းတရားရှေ့မှောက် ရောက်တဲ့ အချိန်မှာတော့ မင်းတရားကြီးစကား ကြားပြီး၊ သူ့မျက်ခွက်ဟာ ထီပေါက်ပြီးမှ အခွန် မဆောင်ထားလို့ ငွေမရတဲ့အပြင် လူပါ အချုပ်ထဲ ရောက်တော့ မဲ့ စီးပွားရေးသမားလို ဖြစ်သွားပါတယ်။
မင်းတရားကြီး ။ ။ " ကဲ.. မောင်မင်း ရှင်းရှင်းပဲပြောမယ်။ ဒီနိုင်ငံမှာ ဘုရင်လုပ်မလား . သူလျှိုဆိုပြီး အဖမ်းခံ မလား ...။ "
မောင်ပေါက်ကျိုင်း ။ ။ " ခင်ညာ .. ကျနော့်ကို ဧည့်သည်လုပ်ဖို့ ခေါ်လာတာလား..၊ ပေါ်တာဆွဲလာတာလား ခင်ည .. ။ "
သလွန်ပေါ် ဟန်တစ်ခွဲသားနဲ့ပေမယ့် ၀ဲစားဟန်ပေါက်နေရှာတဲ့ မိဘုရားထွဋ်ခိုင် မယ်လဒကြိုင်ကြီးက၊ သူလည်း ပါဝါရှိတယ်ဆိုတာ ပြချင် ဇောနဲ့ ခုလို ၀င်ငေါက်ပါတယ်။
မိဖုရားကြီး ။ ။ " မဟုတ်ဘူး .. မင်းကို နွားမရွံ့ပိတ်လုပ်ဖို့ ခေါ် .. အဲလေ .. အို..မောင်တော်သန်းကလည်း.. မိဘုရားလုပ်မယ့် သမီး တော်လေးနဲ့ ပေးတွေ့ ချည်ပါဦး ..။ "
မင်းတရားကြီး ။ ။ " အေး..ဟုတ်တယ်.. ငါ့သမီးတော်လေးကိုကြည့်ချေဦး .အမြည်းပေါ့၊ ဟဲဟဲ .. ခြင်ဖိုတောင် မသန်းဘူး ..ဆင်ဖိုပဲ သန်းတဲ့ သမီးတွေလေ၊ သမီးထွေးလေး စက်တော် ခေါ်နေတယ်လားမသိ၊ ဟဲ့ .. သမီး ငယ် ..၀က်သန္တာခွေရေ .. ။ "
သမီးတော်လေးမှာ အထွေးဆုံးဆိုသော်ငြား အိုလှပြီ။ မျက်နှာတော်က မေးနှစ်ထပ်နှင့် ခွေးဆပ်ကပ်ထဲက ခေါင်း ဆောင် ခွေးဘီလူးနဲ့ နင်လားနင်လား။ အတွင်းဆောင်မှ ကပိုကယိုနှင့် မိန်းမတန်း ရဲဖမ်းသလို ထွက်လာသော အမူအရာကား .. မြို့တော်ဝန်ဟောင်း ငကို လေးပင် မယားစိတ် ကုန်သွားနိုင်၏။
သမီးတော်လေး ။ ။ " ဖျာ ဖျာ့ .. ဒယ်ဒီဘုရား .. ဒယ်ဒီဘုရား .. သမီးတော်ကိုခေါ်တယ်ဆို ..ဆို..ဆို………….. "
မောင်ပေါက်ကျိုင်း ။ ။ " အမငီး . ဒါကြီး .. ဒါကြီး =ကသမီးတော် .. သမီးတော် သမော်ဒီး .. အပျော်ကြီးတောင် ကြံချင်ဝူးဂျာဂစ် ..။ "
မောင်ပေါက်ကျိုင်းလေးခမျာ သနားစရာ ကောင်းလှသည်။ သေပြည်တော်မှ ကြက်ဆူပင် မင်းသမီး၏ ၀သောခန္ဓာ၊ အမေရိကန်ပြည့်ရှင် သမီးတော် လော်ရာဘုရှ်ပင် မထားဖူး၊ မကြံစည် ဖူးရှာသော မောက်မာသည့် မျက်နှာထား ကပ်ထားသော မယ်ကုဝဏ် ၀မ်းရှောပြီး ကာစ သကြားမပါ သံပုရာရည် သက်သက် သောက်မိ၍ ဖြစ် လာရသော မျက်နှာထားပိုင်ရှင် ၀က် သန်ဒါခွေကို မြင်ရသည့်အခိုက် နှလုံး လေစိမ်း ရိုက်ကာ မူးမေ့သွား ရှာလေ၏။
(၂)
အိပ်မက်လေလား ၀ိုးတ၀ါးပေါ့။ အမှန်က ပေါက်ကျိုင်းတို့ ဆရာကြီး၏ ဒုတိယမြောက် စကားကြီးအတိုင်း လိုက်နာ ကျင့်သုံးနေခြင်းသာ ဖြစ်သည်။ ခဏတာမျှ သတိ လွတ်သွားသော်လည်း အသိပြန်ဝင်သည့်အခိုက် မအိပ်မနေ အသက်ရှည် ဆိုတဲ့အတိုင်း သတိရနေတာကို ဒီအတိုင်း ဆက်ပြီး မေ့ချင် ယောင်ဆောင်နေတာလေ။ အဲဒီလို မှိန်းနေတုန်းမှာဘဲ ၀က်မကြီး သန်ဒါခွေပြောတဲ့ စကားကို ကြားလိုက်ရတဲ့ အခါမတော့ ငါ .. ပေါက်ကျိုင်း တစ်ခါတည်း အသက် ပါမသွားတာ မှားလေခြင်းဟု နောင်တ ရနေမိတော့သည်။
ဝက်သန်ဒါခွေ ။ ။ " မောင်တော်ဖျာ့ ..မောင်တော်ဖျာ့ .. ဒါပဲနော်.. မောင်တော့် အိုပယ် မိန်းမကြီးကို မမြင်ချင် ဘူး ကြောင်တောင် နှိုက်တယ်ပဲဆိုဆို၊ ခွက်ပုန်းခုတ်တယ်ပဲ ပြောပြော၊ သူများလင် လုရုံပဲ လုပြီး ကြာခိုတာ အပြစ် မဟုတ်ဘူး ..နော်နော်.. ။ "
ကိုကိုဇော် ။ ။ " ဒီနိုင်ငံမှာ ဘုရင်လုပ်သမျှ အကောင်တွေ ကိုကိုဇော် ပေါက်သတ်ရတာ မောလှပါပြီ နှမတော် ရယ်၊ မင်းတို့ နိုင်ငံက တဗိုလ်ဆင်း တဗိုလ်တက်နဲ့ အကောင် လုပ်ချင်တဲ့ ကောင်တွေ တယ်ပေါများတာကိုး ကွဲ့ ..။ "
တစ်ဆက်တည်း ဘယ်ကမှန်းမသိ၊ သူတစ်ခါမျှ မကြားဖူးတဲ့ ယောင်္ကျားသံ တစ်သံကို ထပ်ကြားရတဲ့ အခါ မောင်ပေါက်ကျိုင်း ချက်ချင်း ပင် အသက်ထွက်ချင်စိတ် ပေါက်မိတော့၏။ သို့သော်လည်း သိချင်စိတ်ကြောင့် အသက်လေး မှန်မှန်ရှူကာ ဆက်နားစွင့်မိသည်။
".. ဒါတောင်တူများရုပ်ကြီးကို အော်ဂလီဆန်တာက တကြောင်း ဒီနိုင်ငံက အကောင်လုပ်ချင်တဲ့ စစ်ဗိုလ်တွေကို ၂၅၀ပေးပြီး ရုရှား လွှတ် ထားတာက တကြောင်းကြောင့် ရှိကိုမရှိတာ။ အခုရောက်နေတဲ့အကောင်လည်း ကိုကို ပေါက်သတ်လိုက်ရင် တချက်တည်းနဲ့ ကိုသေမှာပါ .. နော် .. ကိုကိုဇော်ရယ်.. ။ "
ဟိုက်ရှားပါး..၊ အောင်မယ်လေးဗျာ၊ ခုတမျိုး တော်ကြာတမျိုး၊ မျက်နှာများတဲ့ ဒဿဂီရိလို ၀က်မ ပါလား၊ ကြည့်စမ်းဝက်သန်ဒါခွေ၊ သင်း ဟာ နဂါးနဲ့ တောင်မရှောင်ဘူး .. ၊ နဂါးဆီကတောင် လင်ခိုးတာကိုး ဒီပြိတ္တာမ နှယ်…ကျွတ်..ကျွတ်..
မောင်ပေါက်ကျိုင်းလည်း ကြံမိကြံရာ သူ့ laptop လေးကို ကိုယ်ပေါ်တင်ပြီး ဖက်ထားမိသတဲ့။
အဲဒီအခိုက်မှာ ..
နဂါးမယား ငုတ်တုတ်နဲ့ပေမယ့် ခြံခုန်ချင်ရှာတဲ့ ငဇော်ဟာ မွှန်ထူပြီး အားရပါးရ ပေါက်ချလိုက်တာ၊ ပေါက်ကျိုင်း မထိပဲ သူ့အစွယ်ဟာ ပေါက်ကျိုင်း ရင်ဘတ်ပေါ်က Laptop နဲ့ ညိပြီး ဓာတ်လိုက် သေရှာပါလေရော .. (မယုံဘူးလား သေပြည်တော်မှာ ခြုံပုတ်တောင် မီးလင်းပါတယ် ဆိုမှဘဲ .. )
(၃)
အဲဒီကတည်းက မောင်ပေါက်ကျိုင်း ရူးသလိုလိုနဲ့ အခန်းထဲက ဆင်းပြေးပြီး၊ သေပြည်တော် မြို့မဈေးနားက တည်းခိုခန်းနားမှာပဲ နေလိုက်တာ ထောက်လှမ်းရေးကတဆင့် သမီးတော် ၀က် သန်ဒါခွေက ဆင့်ခေါ်မှပဲ သေပြည်တော် နန်းဆောင်ထဲ ၀င်ခစားတော့၏။
ဝက်သန်ဒါခွေ ။ ။ " ကဲ မောင်မင်း နင်လုပ်လို့ ငါ့တိတ်တိတ်ပုန်းလင်သေပြီ။ ငါ့ရုပ်ငါ့ရည်နဲ့ ဒီတသက် လင် မရတော့လို့ သူများလင် နှိုက်ထားရတာ .. ခု .. နင်လုပ်တော့ ငါ့မှာ အရှက်လည်းကွဲ၊ လင်လဲဆုံးပြီ။ "
ပေါက်ကျိုင်း ။ ။ " အမ်မလေး ကျွန်တော်မျိုး ငပေါက်ကျိုင်း အမိုက်အမဲလေးမို့ တစ်ကြိမ်တစ်ခါ ခွင့်လွှတ်ပါ ခညာ .. ။ "
ဝက်သန်ဒါခွေ ။ ။ " ဟွင်း ဟွင်း .. ငါဟတ်ထိတဲ့ ကေ့စ်မှာ လာကပ်ညိတဲ့ မောင်မင်းကို ဘလိုင်းတော့ မသတ် ဘူး။ ကဲ.. ဒီတော့ ငါမေး တဲ့ မေးခွန်းသုံးခု နင်ဖြေ။ မဖြေနိုင်ရင် နင်အသေဘဲမှတ်။ နင့်ကို သတ်မယ်၊ သတ် မယ်.. ။ "
ဟုဆိုကာ အမေဂျမ်းဝင်သည့်နှယ် ခုန်ပေါက်နေလေသည်။
ပေါက်ကျိုင်း ။ ။ " ဟုတ်ကဲ့ခည၊ အမိန့်ရှိပါ။ ကျွန်တော် ကြိုးစားဖြေပါ့မယ်။ "
ဝက်သန်ဒါခွေ ။ ။ " အေး .. ကဲ .. ထောင်ပေးလို့ဆုတ်၊ ရာပေးလို့ချုပ်၊ ချစ်သူအရိုး ဆံထိုးလုပ်ဆိုတာ .. ဘာလဲ ဖြေစမ်း .. "
မောင်ပေါက်ကျိုင်းလည်း မတတ်သာတာကြောင့် ဟန်းဖုန်းကို ဟန်ပါပါထုတ်ဆက်ကာ ..သူ့ခမည်းတော်ရှိရာ တိုင်းပြည်သို့ ဖုန်းခေါ် လေတော့သည်။
" ဒယ်ဒီ.. ဒယ်ဒီ ..Help me please ? "
" What up သားတော် ? "
((%&^*&^)@*($@()$&) ..
" ကဲ..သားတော် don't warry .. ဒယ်ဒီ Google Search ကနေရှာမယ်။ "
" Call me back Okiee ?? "
အဲဒီလိုမျိုး အချီအချနဲ့ သားအဖတတွေ ပြောဆိုပြီး သကာလမှာ အင်တာနက်ကနေ အဖြေ ရှာတွေ့သွားသော ပေါက်ကျိုင်းလည်း ၀မ်း သာ အားရ မှိုရသည့်မျက်နှာပေးနဲ့ ..
" ကဲ .. နှမတော် Listen up ..
ထောင်ပေးလို့ဆုတ်
ရာပေးလို့ချုပ်
ချစ်သူအရိုးဆံထိုးလုပ် ဆိုတာ ..
ခင်ညားကြီး ယောင်္ကျားအလောင်း နားရေးကူညီမှု လက်မအပ်ခင်ကို FEC တစ်ထောင်ပေးပြီး အရေကိုဆုတ် ..၊ ပိုက်ဆံအိတ်ချုပ် အရိုးကို ကျတော့ ဆံထိုးလုပ်ထားတာကိုပြောတာမှလား .. ငွား..ငွား.. ငါတဲ့ မောင်ပေါက် ကျိုင်း .. "
ဝက်သန်ဒါခွေ ။ ။ " ဟားးးးးးးးးး ဟားးးးးးးးးးးးးး……………၊ နင်က .. လက်စသတ်တော့ အင်တာနက်မှာ ဟိုမွှေ ဒီမွှေ စပ်စပ် စပ်စပ်နဲ့ လက်သရမ်းတဲ့ နယ်ခြားမဲ့ Blogger အင်တာနက်သမားကိုး …။ ငါတို့က Blogger ဆိုရင် ဘယ်သူ့ကိုမှ မရှောင်ဘူးဟဲ့ .. ငဲ့ .. ငဲ့ …။ "
မောင်ပေါက်ကျိုင်း ။ ။ " ညာ .. ( ခင်မျာတောင်မထွက်နိုင်ရှာတော့) "
ဇာတ်ပေါင်းသော် .. မောင်ပေါက်ကျိုင်းကား သီအိုရီ မှန်သော်ငြားလည်း ခေတ်ပျက် လူလုပ်ဝင် မိသဖြင့်၊ ဘုရင် မဖြစ်ရရှာပဲ ထောင်ထဲဝယ် နိုင်ငံတော် ပုန်ကန်မှုဖြင့် စံမြန်းရလေတော့သတည်း။ ။
မလေးမေ ရေးသားတင်ဆက်ပါသည်။
Sunday, August 10, 2008
ခေတ်သစ်မောင်ပေါက်ကျိုင်းဇာတ်
Posted by
Paradise of Fighting Peacocks
@
Sunday, August 10, 2008
2
comments
Labels: ပြဇာတ်, ရယ်ရယ်မောမော
Friday, July 11, 2008
န၀လတ်၏ ဆေးတစ်ထုပ်
ပြဇာတ်တွင်ပါဝင်သရုပ်ဆောင်သူများ ..
မောင်ဒိုင်း - ဗမာဘလော့ဂါအဆော်ဆရာ အကျော်အမော်ကြီး။
နေနတ်နွယ် - အပစ်အခတ်၊ အညှစ်အသတ် .. အနက်နုရောင် ရုပ်ကြမ်းကြမ်း။ ခပ်လန်းလန်း မော်ဒန် ဇာတ်ညွှန်းရေးဆရာ/ မော်ဒန့် ဘိုးအေ ကဗျာကဝေ။
တော်ကီသော် - နာမည်ကြီး ပုဝါမကူရေမရှူ ဟစ်ဟော့သီဆိုသူ (Ywetsit Band)။
မောင်လူမော် (ရေတွင်းပျက်) - ရိုက်တိုင်းရ ရှုတိုင်းယဉ် အကယ်ဒမီ ဆုများရှင် မြန်မာ့ဟိုက်ပါ ဂျပုဒါရိုက်တာ။
စွန်းပုည၀ုကျိ - အဖြူရင့်ရင့် အဆင့်မြင့်၊ ဘလော့ဂါအရှင် သိုင်းသခင်။
ပြောင်ရှည် - ပြည်ထောင်စု ယိုင်နဲ့ရေးနှင့် ကြုံလှီဖွတ်တက်ရေး အဖွဲ့ချုပ်ကြီး၏ ငါဆို့ ငါမျို စစ်ပြုတ်ဘို၊ ငါရ .. ငါချ .. နာယက။
လျှာရှည် - ကိုယ့်ဘာသာခန့် ကိုယ်မတ်တပ်၊ ထောက်လှမ်းရေးပြုတ် အရှုပ်ထုပ်။
(ဇာတ်ခုံ အပြင်အဆင်ကို အင်းစိန်ထောင်၊ အဆောင် အမှတ် ဋ/(ဃ-ကဍ)၊ အခန်းနံပါတ် ၅၀-၅၀ ကဲ့သို့ မတူ တူအောင် စီစဉ်ထားစေ။ ၀ဲ ယာနှင့် အနောက်ဘက် မြင်ကွင်းကို အလုံ သစ်တောဝင်း ထဲရှိ စိနပြည် ပို့မည့် မှောင်ခိုသမားများ ထံမှ ပြန်လည်လုယူထားသော ပထမ တန်းစား ကျွန်းလုံးများဖြင့် အခိုင်အမာ ကာထားစေ။ အခန်း ဘယ်ဘက် ထောင့်တွင် တံခါးတစ်ခု ဖေါက်ထားပြီး ညာဘက်တွင်ကား သေးအိုးကြီးကြီး တစ်လုံးနှင့် ဗမာထိုင် အိမ်သာခုံ တစ်ခု ထားရှိစေ။ လုံခြုံရေးအရ အကျဉ်းထောင် ပြိုကွဲ ပျက်စီးစေမည့် ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက် နိုင်စေရန်၊ အိမ်သာကို အကာ တပ်မထားရ။ ဇာတ်ခုံ၏ အလယ်၊ အခန်းတွင်း၌ ခြကောင်များပင် တဂျွတ်ဂျွတ်ဝါး စားချင်စရာ ကောင်းလှသော သံကုတင် (၅) လုံးစီ၍ ချထားစေ။)
ကန့်လန့်ကာတင်စေ။
(အခန်းအလယ် တည့်တည့်ရှိ ကုတင်ပေါ်တွင် မောင်ဒိုင်း တစ်ယောက်တည်း ထိုင်ကာ ပါးစပ်မှ ပွစိပွစိ ရွတ်နေစေ။)
မောင်ဒိုင်း ။ ။ “ သြော် .. အနိစ္စ၊ ဒုက္ခ၊ အနတ္တ။ အင်း.. ဘလော့ဂင် အနိစ္စ၊ အင်းစိန် ဒုက္ခ၊ မောင်ဒိုင်း အနတ္တပါလား။ အေးလေ .. ဒီထဲ ကျတော့လည်း တစ်မျိုး ကောင်းတာဘဲ။ ဘီယာဖိုးတွေ အင်တာနက်ဖိုးတွေ မကုန်တော့ဘူးပေါ့။ ဒါပေမယ့် ငြီးတော့ အငွေ့သား။ ခါတိုင်း ဆို၊ ဟုတ် ဟုတ် မဟုတ်ဟုတ် စီဗုံးမှာ ဆော်လိုက်၊ ပို့စ်လေး ရေးတင်လိုက်နဲ့၊ ပြောင်လျှာရှည်တို့ လုပ်မှဘဲ ငါလည်း အင်းစိန် ရောက်တော့တယ်။ အင်း.. အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ … တစ်ခန်းရပ် ပြန်တော့.. တလွဲမသွေ ပြေးပြီလေလို့ ပြောကြပြန်ကော။ ရပ်မယ်လို့ စိတ်ချ၊ အိပ်မရတာလည်း များခဲ့ပေါ့။ ဒါနဲ့ပဲ ထောင်သက်ကရှည်၊ နောင်ဘ၀ဆက်မှာလေ ကျွန်တော်မောင်ဒိုင်း အင်္ဂလန်မှာပဲ ဘင်သံလေးနဲ့ ငြိမ့်ပရစေ ဗျာ .. ” လို့ တမ်းတရင်း ..
“ဂျိမ်း .. ” ဆိုတဲ့ အသံကြီး ကြားလိုက်ရမှ သတိပြန်ဝင်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်တယ် (ဖင်ထဲကပေါ့)။ ပါးစပ်ကဆို အာပုပ်စော် နံတယ်လို့ အပြောခံရမဲ့ အတူတူ။ ဘာလို့ဆိုတော့ သွားမတိုက်ရတာ ကြာပြီလေ။
(အဆိုပါ “ဂျိမ်း..” ဆိုသော အသံနဲ့အတူ အခန်တံခါး ပွင့်လာပြီး အစောင့်စစ်သား နှစ်ယောက်မှ နေနတ်နွယ်အား ဒလကြမ်း ဆွဲခေါ်လာကာ အခန်းတွင်းသို့ ဆောင့်ကန်သွင်းလိုက်စေ …။)
နေနတ်နွယ် ။ ။ “ အောင်မယ်ငီးဗျ..။ အောင်မငီး ..၊ ခွေးသား ၀က်မြေး.. လဒတူ လဒူတတဲ့ ကျီးကန်း ယောက်ဖတွေ၊ မင်းတို့ကို ကမ္ဘာ မကြေဘူး။ ငါ ကျောက်ဆည်သားကွ။ အောင်မယ်ငီးဗျာ .. နာလိုက်တာ .. ”
မောင်ဒိုင်း ။ ။ “ ဟဲ ဟဲ .. အဖေါ်ရပြီ။ နေပါဦး စကားမစပ် .. နင်က သတ္တိတယ်ကောင်းပါလား။ စစ်ခွေးတွေကို ပြန်ဆဲရဲတယ် ဆိုတာ နဲနဲနောနော နီတဲ့ သွေးမဟုတ်ဘူး..။ ”
နေနတ်နွယ် ။ ။ “ ခင်ဗျား မကြားဖူး ဘူးလား။ ကျောက်ဆည်သားတွေ သွေးဘယ်လောက် နီတယ်ဆိုတာ။ ပြီးခဲ့တဲ့ ၂၀၀၇ တုန်းက ဘုန်းကြီးတွေကို သေနတ်နဲ့ ပစ်သတ်တဲ့ အခု တပ်ချုပ်ကြီးဟာ ကျုပ်တို့ ကျောက်ဆည်သားဗျ ..။ သတ္တိကတော့ မသေးဘူး၊ ဒါပေမယ့် ဗျာ.. ခုဟာက လက်ရောခြေပါ ကြိုးနဲ့တုပ်ထားပြီးမှ ရိုက်ရဲတာကို ကျုပ်အခံရခက်သဗျ .. ဟင်း ဟင်း .. ခွေးသား ၀က်မြေး.. လဒတူ လဒူတ၊ ကျီးကန်း ယောက်ဖ၊ လဗြောင်ကွပ်တွေ… မင်းတို့ကို ကမ္ဘာမကြေဘူး။ ငါကျောက်ဆည်သားကွ။ .. ”
မောင်ဒိုင်း ။ ။ “ ဟာ .. တော် .. တော် ..၊ သိပြီးသား။ နင်မှ မဟုတ်ဘူးဟေ့။ ငါလဲ ခံရဖူးတာဘဲ။ ဒီမှာငါနေတာ နင့်ထက် စောတယ် ကိုယ့်လူ ..၊ ငါက .. လွတ်ရာ လွတ်ကြောင်း .. ဘုရား တရားလေး လုပ်မလားလို့ .. အချိန် ကောင်း ရွေးနေတာ၊ နင်ကတမှောင့် .. ”
နေနတ်နွယ် ။ ။ “ တွေးတွေးပြီး .. မခံချင်လွန်းလို့ပါ အကိုရာ .. ”
မောင်ဒိုင်း ။ ။ “ အတူတူပါဘဲ ဆရာလေးရာ ..၊ ငါ့တုန်းကလည်း နင့်လိုဘဲ။ ဒီထဲလာတုန်းက စိုင်းစိုင်းခမ်းလှိုင်လို ဟစ်ဟော့နဲ့ ၀င်လာတာ မဟုတ်ရပါဘူး မောင်ရ။ ဒါနဲ့ .. ဆိုပါဦး နင့်နာမည် လေးနဲ့ အမှု အကြောင်းလေး။ ”
နေနတ်နွယ် ။ ။ “ ကျွန်တော့် နာမည်က နေနတ်နွယ်ပါ။ အမှုကတော့ န၀လတ် .. လတ် .. လတ် .. ”
မောင်ဒိုင်း ။ ။ “ ဟ .. နင့် အမှုက အဆီ တ၀င်းဝင်းနဲ့ပါလားဟ။ ဗိုလ်ချုပ် ချွေးမလောင်းလေးကိုမှ သွားကမြင်းရသလား .. ”
နေနတ်နွယ် ။ ။ “ ဟာဗျာ .. ခင်ဗျားကလည်း .. ပိန်းလိုက်တာ။ ကျွန်တော်က ဘာလုပ်ရမှာတုန်းသူ့ကို သဲတရှပ်ရှပ်နဲ့ဟာ။ .. ကလိ ချင်း ကလိရင် သူ့ထက်ဝင်းတဲ့ အဆီလေး တွေ ..(အဲလေ) နောက် ပေါက်လေးတွေကို ကလိမှာပေါ့ ..၊ ဟာ..ဟုတ်ပါဘူး .. ဖွ ..ဖွ။ ကျွန်တော် ဇာတ်ညွှန်းတွေ ကဗျာတွေဘဲ ရေးပါတယ်၊ ဒါမျိုးတွေ မလုပ်ပါဘူးဗျာ။ ခုတော့ ဆေးမှုတဲ့ .. အောင်မယ်ငီးဗျာ။ ခွေးသားဝက်မြေး.. လဗြောင်ကွပ်တွေ … ”
မောင်ဒိုင်း ။ ။ “ ဟာ .. ဟကောင် တိုးတိုးလုပ်ဟ၊ နင်ပြောတာ အကုန်လုံး ဟိုက နားထောင်နေတာ။ ပီညဲရိုးတောင် လွတ်တာ မဟုတ်ဘူးဟေ့။ ဟိုလူက ခပ်တည်တည် ပြန်ထွက်သွားလို့ ရတယ်။ မင်းတို့ ငါတို့က အထွက်မရှိဘူး။ အ၀င်ဘဲ ရှိတယ်။ ဒီထက်လုံခြုံတဲ့ တိုက်ထဲဘဲ သွားနေရမှာ ..စိတ် လျှော့ .. စိတ်လျှော့ .. ”
နေနတ်နွယ် ။ ။ “ ကျွန်တော်ဗျာ .. အဲဒီလောကကြီးထဲ ရောက်တာ မကြာသေးပါဘူး။ အနုပညာ ဆိုတာကို အမေ့ ဗိုက်ထဲကတည်းက ရင်ခုန်ရလွန်းတဲ့ သူမို့ ဘ၀တွေနာ၊ မျက်နှာငယ်ရတဲ့ အကြိမ်ပေါင်း များစွာ ရင်ဆိုင်ပြီးမှ ဒီ .. ကဗျာဆရာ၊ ဇာတ်ညွှန်းရေး ဆရာဆိုတဲ့ ဘ၀ကို ခုံမင်ရူးသွပ်၊ နှစ်သက် မြတ်နိုးခြင်း ကြီးစွာနဲ့ ရောက် ရောက် … ”
မောင်းဒိုင်း ။ ။ “ တော်ပါတော့။ နင့်ဟာက ဂျာနယ်အင်တာဗျူးတွေ ဖတ်နေရသလိုဘဲ။ လိုရင်းပြော၊ နင်တကယ် ဆေးချလို့လား။ .. ”
နေနတ်နွယ် ။ ။ “ ဟာ .. မဟုတ်ရပါဘူးဗျာ။ ပြောပြီးပါပြီ။ ကျွန်တော် ဒါတွေကို မလုပ်တတ်ပါဘူး။ လုပ်ဖို့လည်း လွယ်သလား အကိုရ။ ဒီလောက် ငွေသောင်းချီ၊ သိန်းချီ တန်တဲ့ဟာတွေ..၊ ကျွန်တော်တို့လို ပါမွှားတွေက ဘယ်နှယ့်လုပ် သုံးနိုင်ပါ့မလဲ။ သုံးချင်တောင် ရေမလျှံရင် မဖြစ်နိုင်ဘူးဆိုတာ အကိုသိမှာပါဗျာ .. ။ ”
မောင်ဒိုင်း ။ ။ “ အင်း .. ဒါလည်း ဟုတ်တာဘဲ။ ဒါဆို နင်က ဘယ်လိုဖြစ်ပြီး …. ”
နေနတ်နွယ် ။ ။ “ ဒီလိုဗျ .. မနေ့က ' မေ့အီးကို မောင်ရှူပါ့မယ် ' ဆိုတဲ့ ရုပ်ရှင် ရိုက်ကွင်းတစ်ခုမှာ ကျွန်တော်လည်း ရှိနေတယ်ဗျ။ ဒါရိုက်တာက မောင်လူမော် (ရေတွင်းပျက်) ပေါ့။ ဇာတ်ညွှန်းက ကျွန်တော် ရေးတာလေ။ မင်းသမီးက ခုနကပြောတဲ့ ချွေးမ အလောင်းတော် န၀လတ်။ ဖြစ်ချင်တော့ .. ရိုက်ကွင်း ခဏနားတုန်း ကျွန်တော်က အပေါ့သွားတာ၊ မင်းသမီး အ၀တ်လဲတဲ့ အခန်းဘေး ရောက်နေမှန်း မသိလိုက်ဘူး။ ဖာသိ ဖာသာဘဲဗျ။ ကိစ္စပြီးလို့ ရိုက်ကွင်း ပြန်ရောက်တော့ .. အောင်မယ်ငေးဗျာ …. ခွေးသား ၀က်မြေး .. လဗြောင် ကွပ်တွေ … တွေ .. ”
မောင်ဒိုင်း ။ ။ “ သြော် .. အရေးထဲ လဗြောင်မကွပ်ဘဲ ပြောစမ်းပါ ဆရာရယ် .. ”
နေနတ်နွယ် ။ ။ “ အင်းဗျာ .. မခံစားနိုင်လွန်းလို့ပါ အကိုရာ .. ဒီလဗြောင်ကွပ်တွေ ဆိုတာ မင်းသမီးရဲ့လင်လောင်းက သူ့မယား လောင်းလေး အတွက် လုံခြုံရေး ပေးထားတဲ့ ကိုယ်ရံတော်တွေ ဆိုဘဲဗျ။ ကုန်းကုန်းကွကွ လုပ်မိတဲ့ ကျွန်တော့်ကို အတင်းဆွဲချုပ်ပြီး ဆေးထုပ် ပျောက်မှု၊ ပြီးတော့ ဆေးချမှုနဲ့ ဖမ်းရော .. ဒီလိုနဲ့ ရောက်လာတာဗျာ.. အီး .. ဟီး .. ဟီး … ”
မောင်ဒိုင်း ။ ။ “ နင် .. မသုံးဘူးဆို .. ဘယ်လိုလုပ် ဖမ်းလို့ရမလဲဟ .. ”
နေနတ်နွယ် ။ ။ “ အဲဒါ ပြောတာပေါ့။ လဗြောင်ကွပ်တွေ ဆိုတာ..။ ကျွန်တော်လည်း ကံကိုက မကောင်းတာမျိုးဗျ။ ရိုက်ကွင်းမယ် ဘောင်းဘီအိတ်ထဲ ကုလား ကွမ်းထုပ်လေး နှစ်ထုပ် ထည့်ထားမိပါတယ်။ ဒါကို ဆေးထုပ် ဆိုပြီး ဆွဲစိလိုက်တာပါဘဲ အကိုရာ … အောင် မယ်ငီး .. ဟီး ဟီး .. ဆေးမှုတဲ့ ဗျာ..၊ ခွေးသား ၀က်မြေး .. လဗြောင်ကွပ်တွေ … တွေ .. ”
မောင်ဒိုင်း ။ ။ “ အင်း .. အမှုတွဲကတော့ ရှုပ်လာပြီ ကိုနှင်းမောင်ရေ။ .. အဲလေ .. ငါ နားမလည်ဘူး။ ဘာလဲဟ … ကုလား ကွမ်းထုပ် ဆိုတာ ..”
နေနတ်နွယ် ။ ။ “ ဗမာကွမ်း မဟုတ်လို့ပေါ့ဗျ။ အိန္ဒိယက လာတဲ့ ready made အခြောက် ထုပ်လေးတွေဗျာ။ မေမြို့ဘက်မှာ ပေါတယ်။ ကျွန်တော်ဟိုတစ်ခါ ရုပ်ရှင် အဖွဲ့နဲ့ လိုက်သွားတုန်းက ၀ယ်လာတာ။ ဗမာကွမ်းလို သွားတွေ၊ ခံတွင်းတွေ မညစ်ပတ်ဘူး ဆိုပါတော့ .. ။ ”
မောင်ဒိုင်း ။ ။ “ အင်း .. နင်တို့ ဟာကလည်း ရှင်းကို မနိုင်တော့ဘူး။ ဒါပေမယ့် .. အမှုမှန် ပေါ်ရင်တော့ သေချာပေါက် လွတ်မှာပါ။ နောင် နှစ်အစိတ်လောက်ပေါ့ .. ။”
နေနတ်နွယ် ။ ။ “ ဗျာ …၊ အောင်မယ်ငေးဗျာ .. ”
(သူတို့ နှစ်ယောက် စကားပြောနေစဉ်မှာပင် အစောင့် စစ်သားနှစ်ဦးက နာမည်ကြီး ပုဝါမကူ ရေမရှူ ဟစ်ဟော့ သီဆိုသူ တော်ကီသော်အား ဆွဲခေါ်လာပြီး နေနတ်နွယ် တုန်းကကဲ့သို့ ယဉ်ကျေး၊ နူးညံ့စွာဖြင့်ပင် ကန်သွင်းစေ..။)
မောင်ဒိုင်း ။ ။ “ ဟာ..ဟ .. ကိုယ့်လူကိုတွေ့ ဖူးတယ်မှတ်တယ်၊ လက်သပ်စတော့ .. အဲလေ .. လက်စသပ်တော့ ရွက်ဆစ် အဖွဲ့က ဗမာ့ ဟစ်ဟော့ပါ မီဂါ ပိုင်အိုနီးယားကြီးဘဲ၊ ဘယ့်နှယ်ကနေ ဘယ်လိုတွေ ဖြစ်လာတာတုန်းဗျာ .. လင်းပါဦး .. ”
တော်ကီသော် ။ ။ “ ဟစ်ဟော့ပါတွေ ကင်းဘလော့ဂါတွေ နောက်မှ ပြောဗျာ ..။ ခင်ဗျားကို ကျုပ်သိပါတယ်။ သိသလိုလို မသိသလိုလို ဖြစ်နေတာက ဟောဟိုကလူကြီးဘဲ။ နေနတ်နွယ်ဆိုတာ သူလား .. ”
နေနတ်နွယ် ။ ။ “ ဟုတ်ပါတယ် ..၊ ကျွန်တော် ကဗျာဆရာ ဇာတ်ညွှန်းဆရာ နွေနွပ်နယ် .. ဟာ .. မှားလို့ နေနတ်နွယ်ပါ ။ ”
တော်ကီသော် ။ ။ “ သေချာပြီ သေချာပြီ ..၊ ခင်ဗျားကို နာမည်ဘဲ ကြားဖူးတာ၊ ခုတွေ့ရတော့ ပိုဆိုးပါလား။ ခင်ဗျားက ခင်ဗျား ဘောင်းဘီထဲက မိတဲ့ ဆေးထုပ်ကို ကျွန်တော်မျိုး ဟစ်ဟော့ပါ တော်ကီသော် ဆီကနေ ငွေငါးသိန်းနဲ့ ၀ယ်ခဲ့တာဆို ..၊ လုပ်ပါဦး ..၊ ခင်ဗျားနဲ့ ကျွန်တော် တစ်လောကတည်းသားတွေဗျာ။ ကျွန်တော်လည်း ဘယ်တုန်းကမှ ဒါတွေ အရောင်းအ၀ယ် မလုပ်ရပါဘူး။ လူချင်းတောင် ခုမှတွေ့ဖူးတာ..”
မောင်ဒိုင်း ။ ။ “ ဇာတ်က ခုနကထက်ကို ပိုရှုပ်လာပါလား .. ”
နေနတ်နွယ် ။ ။ “ မရှုပ်ရပါဘူးဗျာ၊ ဒီအဆိုတော်လေး ကျွန်တော့်ကို မသိဘူးဆိုတာလည်း မှန်ပါတယ်။ မနေ့က စစ်ကြောရေးမှာ ကျွန်တော့်ရှိသမျှ အမွှေးတွေ အကုန် ဆွဲနှုတ်စစ်၊ တွေ့တဲ့ နေရာတွေကို ရိုက်စစ်ပြီး၊ ဒီဆေးကို ကျွန်တော် သုံးတယ်၊ ၀ယ်တယ်လို့ အတင်း ၀န်ခံခိုင်းတာ မခံနိုင်တဲ့အဆုံး ကျွန်တော့်ကို ထမင်းပုံကျွေးတဲ့ ဂျာနယ်ထဲက သူ့ live show က ပုံတွေ့ပြီး တော်ကီသော် ဆီက.. လို့ ပြောမိ ပြောရာ ထွက်သွားတာပါ … မခံနိုင်လွန်းလို့ပါ မိတ်ဆွေတို့ရာ။ ဒီ အဆိုတော်လေးဆီက ကျွန်တော် ၀ယ်ခဲ့တာလည်း မဟုတ်ပါဘူး။ ပြော ပြီးပါကော။ ကုလားကွမ်းပါ ဆိုနေမှ .. ။ အောင်မယ်ငေး .. ဆေးမှု တဲ့ဗျာ … ခွေးသား ၀က် မြေး .. လဗြောင်ကွပ်တွေ … တွေ .. .. ”
တော်ကီသော် ။ ။ “ ဒီတစ်ခါ.. ငါလည်း အော်သင့်ပြီပေါ့။ အောင်မယ်လေးဗျာ .. ဆေးမှုတဲ့ .. ခွေးသား ၀က်မြေး .. လဒေါင်ကတွေ .. ”
မောင်ဒိုင်း ။ ။ “ သြော် .. သြော် .. ခုမှဘဲ ဇာတ်ရည် လည်တော့တယ် .. အဆိုတော်လေးလည်း လွတ်မှာပါ၊ ဒီမိုကရေစီရရင် .. ”
တော်ကီသော် ။ ။ “ ဟမ် .. ဒီမိုကရေစီရမှ ? .. တော် .. တော်၊ ကျွန်တော် တရားသူကြီးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြောင်း ပေးပါ လို့ဘဲ လျှောက်တော့မယ်ဗျာ။ အစ် .. အစ် .. ဒီပုံနဲ့ဆို တစ်သက် တစ်ကျွန်းကမှ ခွေးသား ၀က်မြေးတွေ စားခွက်လုချိန် လွတ်ကောင်း လွတ်နိုင်မယ်။ ဒီမိုကရေစီ ဆိုတာကတော့ ဒီတစ်သက်မှာ နအဖဆီကရော အတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားသူတွေဆီကရော..၊ ရလမ်းမမြင် … ။ အောင် မယ်လေးဗျာ .. ဘ၀ .. ဘ၀ .. .. ဆေးမှုတဲ့ .. ခွေးသား ၀က်မြေး .. လဗြောင်ကွပ်တွေ .. ”
(တံခါး ထပ်ပွင့်လာပြီး အစောင့် စစ်သားနှစ်ယောက်မှ အဖြူရင့်ရင့် အဆင့်မြင့် သိုင်းပညာရှင် စွန်းပုည၀ုကျိအား သေနတ်ဖြင့် ဂရုတစိုက် ထိုးချိန်လျက် အခန်းတွင်းသို့ ကန်သွင်းလိုက်စေ .. သိုင်းဆရာကြီးမှာ အတွင်းအား ကုန်ခမ်းနေပုံရပြီး ပျော့ခွေလျက်ရှိစေ)
မောင်ဒိုင်း ။ ။ “ တရုတ်တွေပါ ထောင်ထဲ ထည့်တဲ့ခေတ်ရောက်ပလားဟ .. ဘုရား .. ဘုရား .. ငါမျက်စိများ မှားမိလေသလား .. ”
တော်ကီသော် ။ ။ “ မမှားပါဘူး ကိုဒိုင်းရာ .. ကျွန်တော်လည်း ဟိုလူ့ကို ပြောသာပြောနေ။ ကြံရာမရတဲ့ အဆုံး လွတ်လိုလွတ်ငြား သူ့ ပါဆွဲခေါ်လာရတာ .. ။ ”
မောင်ဒိုင်း ။ ။ “ ပြန်ရှုပ်သွားပြန်ပေါ့ .. ”
တော်ကီသော် ။ ။ “ အေးဗျာ .. ဘုရား အလှူခံသေတ္တာထဲ ရောက်တဲ့ ပိုက်ဆံကမှ အပြင် ပြန်ရောက်ရင် ရောက်ဦးမယ်။ ဘိုချုပ်တွေရဲ့ အိတ်ထဲ ရောက်တဲ့ ဒေါ်လာနဲ့ အင်းစိန်ကို ရောက်တဲ့ လူတွေဟာ ဆိုရင်ဖြင့် တော်ရုံနဲ့ ပြန်လွတ်နိုင်မယ် မထင်လို့ပါ။ စွန်းပုည၀ုကျိကို လူချင်း သိပ်မခင်ပါဘူးဗျာ။ ကျွန်တော် တရုတ်နယ်စပ် ဂီတပွဲ ဖျော်ဖြေဖို့ သွားတုန်း ကြားဖူးတာပါ။ အဲဒီတုန်းက သူက ဘလော့ဂါ လဥရှောင် ရွေးပွဲအတွက် ရှမ်းရိုးမတခွင်မှာ သိုင်းလေ့ကျင့် နေတယ်ဆိုဘဲ။ စစ်ကြောရေးက အင်မတန် နှိပ်စက်တာနဲ့၊ ပြီးတော့ သူ့အရည်အချင်းနဲ့ ဆိုရင် ကျွန်တော်တို့ ဒီထောင်နံရံကို ကိုယ်ဖေါ့ပြီး ခုန်ပြေးနိုင်တဲ့ နည်းလေးတွေ ရလိုရငြား ဆိုပါတော့ … ”
နေနတ်နွယ် ။ ။ “ ဒါနဲ့များ ခင်ဗျားက ကျွန်တော့်ကို ပြောသေးနော် .. ။ သူ မသာ ကိုယ်ရေဝေးပါဘဲ။ အောင်မယ်ငေး … နေနတ်နွယ် ဆေးအမှုတွဲ ရှုပ်ကုန်ပြီခင်ဗျ..”
(စကားဝိုင်း ကောင်းဆဲမှာပင် မြန်မာပြည်၏ နာမည်ကြီး ခေတ်လွန် ဟိုက်ပါ ဒါရိုက်တာ မောင်လူမော် (ရေတွင်းပျက်) အား စစ်သားနှစ်ဦး မှ ဆွဲခေါ်လာပြီး ထုံးစံမပျက် ဆောင့်ကန် ထည့်စေ .. )
မောင်ဒိုင်း ။ ။ “ ရှုပ်သထက်ကို ရှုပ်လာပြီဟေ့ ..၊ အပြင်က ဗမာ့နိုင်ငံရေးအဖွဲ့တွေ ဒီမိုအရေး ကြိုးစားတာထက်ကို ခက်ခဲနက်နဲလွန်းပေါ့။ ကဲ .. ပြောစမ်းပါဦး မောင်လူမော်၊ ခင်ဗျားကကော ဘယ်နှယ့်လုပ် ဒီချီးထုပ်တွေကြား ပါလာရ ပြန်တာတုန်း .. ”
မောင်လူမော် (ရေတွင်းပျက်) ။ ။ “ တောက် .. ပြောမနေပါနဲ့တော့ဗျာ။ ဒါရိုက်ချာ ငှက်ကြီးဝန်ပို မောင်မောင်လို မျက်နှာသာ အပေး ခံရမလားဆိုပြီး ယတြာ ချေတဲ့အနေနဲ့ ဘိန်းစား ကားလေး တစ်ကား ရိုက်မိပါတယ်။ အကယ်ဒမီလေး တစ်ခု ပေးပြီးတော့၊ အချင်းချင်းတွေ မျက်နှာကိုမှ မထောက်နိုင်ကြဘူး..။ လုပ်ရက်ကြတယ်။ ဟင် .. သြော်.. စွန်းပုည၀ုကျိလည်း ရောက်နေသကိုး။ ရက်စက်လိုက်တာ သိုင်းဆရာရယ်။ ခင်ဗျား လုပ်မှဘဲ ကျွန်တော် ကက်ကင်းမိပြီး ဆေးမှုနဲ့ အဖမ်း ခံရရော .. ”
နေနတ်နွယ် ။ ။ “ အင်း ..သိုင်းဆရာက အဝေးရောက် အတွင်းအားနဲ့ ဆွဲခ်ါလာတယ်တော့ မထင် ပေါင်။ ကျွန်တော်တို့လိုဘဲ ကြံမိကြံရာဖြစ်သွားပုံရတယ်။ အေးလေ..ခင်ဗျားကလည်း..ဟိုဝန်စိမ်း၊ ဒီ ၀န်စိမ်းတွေနဲ့ ပိုင်သကိုး ….. ”
စွန်းပုည၀ုကျိ ။ ။ “ (ဖြေလျော့ခွေ အနေအထားဖြင့်) ကျုပ် သိပြီးသားပါ။ ခု .. ကျုပ် ရှော့အရိုက် ခံထားရတယ်။ အတွင်းအား ပြန်ပြည့်ရင် ခင်ဗျားတို့ အားလုံး နာမယ်မှတ်။ ကျုပ်က ဗို့အပြည့် အတွက်ပဲ အတွင်းအား လေ့ကျင့်ထားတာ။ မနေ့က စစ်ကြောရေးမှာ ဗို့အား မပြည့်တဲ့ ရှော့နဲ့ ညားလိုက်လို့ ခု ဘယ်လိုဖြစ်နေလဲ မသိဘူးဗျာ။ ခံရခက်ကြီး .. အား .. ကျွတ် .. ကျွတ် .. ကျွတ် .. ”
မောင်လူမော် (ရေတွင်းပျက်) ။ ။ “ အင်းဗျာ .. ကျွန်တော့်ကို ခင်ဗျား ပိုင်တဲ့ ကီးဘုတ် လက်တင် စင်္ကြာရှင် သိုင်းနဲ့တော့ပြန်မချပါနဲ့။ ကျွန်တော်လည်း ခင်ဗျားကို ပေါ်လစီကားအတွက်ရိုက်ပေးဖို့ ၀န် ကြီးကို ဘယ်တော့မှ မပြောတော့ပါဘူး။ ခုတလော ဗမာဘလော့တွေမှာ သိုင်းချပွဲတွေ ဆက်နေလို့ ကြောက်နေရတယ်ဗျာ။ ခင်ဗျားနဲ့ ဘ၀တူတွေပါ။ ကျွန်တော်တို့ ခုတလော အလုပ် အရမ်းရှုပ် နေတာ။ ရိုက်လက်စတွေက မနဲဘူးဗျ၊ ခုတော့ ဘယ်လို ဆက်စခန်းသွားရမလဲ မသိတော့ဘူး။ ”
မောင်ဒိုင်း ။ ။ “ ဒီအထဲမှာ ဆက်ရိုက်ပေါ့ ဒါရိုက်တာကြီးရယ် .. ခင်ဗျားက ဖန်စီကားလေးတွေ အရိုက် ကောင်းတာဘဲ။ ဟို မင်းသမီးလေး 'နာနာကိုင်' ကို ခေါ်ရိုက်ပါလား။ ကားနာမယ်ကို ဒီလိုပေးဗျာ။ ' ဆံပင်အရှိ .. လင်အစိ' တို့ .. ' လင်ပေါင်းတစ်ထောင် (F) င် ပေါင်း ချောင် ' တို့ … ။ ဒီထောင်ထဲမှာဆို ကွက်တိဘဲ ဆရာ .. ။ အပြင်မင်းသား သိန်းချီပေးပြီး ငှားစရာမလိုဘူး။ ၀န် ကြီးဆီလည်း တင်ပြစရာ မလိုဘူး။ ကျွန်တော်တို့ နိုင်ငံရေးသမားတွေကလွဲရင် အားလုံး မေတ္တာဖြင့် ကူညီရိုက်ပေးမဲ့ လူတွေချည်း .. ချည်း .. ။ ”
မောင်လူမော် (ရေတွင်းပျက်) ။ ။ “ ဟာဗျာ .. တော်ပါပြီ။ အခန့်မသင့်ရင် ကက်ကင်း ထပ်မိပြီး၊ ကျွန်တော့် ဘ၀ပါ “ လင်ပေါင်း တစ်သောင်း (F) င် ဟောင်းလောင်း ” ဖြစ်သွားနိုင်တယ်။ အမ်မယ်လေး .. ကလူ..ကလူ .. ။ အခု ဒီသိုင်းဆရာက ကျွန်တော် ရိုက်နေတဲ့ ပြန်ကြားရေး ၀န် ကြီးဌာနအတွက် “ ကျော်ကျော့် ပါးစပ်ပြဲ သောက်ရှက်နဲ ” ဆိုတဲ့ နိုင်ငံချော်ကားအတွက် .. တောင်း တောင်း ပန်ပန်နဲ့ အကူအညီ တောင်းထားရတဲ့ လေသိုင်း နည်းပြဗျ။ အဆိုတော် တော်ကီသော် ထောက်ခံလို့ ၀န်ကြီးအမိန့်နဲ့ ငှားလိုက်တာဗျာ။ သူ့ကို စစ်ခွေးတွေ ဆွဲတော့ ကျွန်တော့်ဆီက ဆေး ၀ယ်သုံးတာလို့ ဖြောင့်ချက် ပေးသတဲ့ ..၊ အောင်မယ်လေး .. အရပ်ကတို့ .. ကယ်ပါ၊ ဆေးဆိုလို့ ပခုက္ကူက ဆေးရွက်ကြီးတောင် ကွမ်းယာထဲ ထည့်မငုံပါဘူးဗျာ။ ခုဖြင့် .. ဆေးမှုတဲ့ ..၊ သားသားလူမော်က ခန့်ခန့်လေးပါဗျ .. ဟီး ဟီး ဟီး .. အစ် အစ် အစ် … ”
တော်ကီသော် ။ ။ “ ငိုမနေပါနဲ့တော့ ကိုလူမော်ရယ်၊ ရေတစ်တွင်းပျက်ရင် နောက်တစ်တွင်း ထပ်တူးကြတာပေါ့။ … ”
(စကားပြောကောင်းတုန်း အစောင့် စစ်သား နှစ်ယောက်မှာ ပြည်ထောင်စု ယိုင်နဲ့ရေးနှင့် ကြုံလှီ ဖွတ်တက်ရေး အဖွဲ့ချုပ် နာယကကြီး ဦးပြောင်ရှည်အား ဒရွတ်တိုက် ဆွဲခေါ်လာပြီးသကာလ အရင့်အရင် ပုဂ္ဂိုလ်များနဲ့ မတူ ထူးခြားစွာ ပိတ်ပက် ဆောင့်ဆွဲလျက်၊ အခန်းတွင်း ကန်သွင်းတော် မူကြစေ..။)
ဦးပြောင်ရှည် ။ ။ “ အောင်မယ်လေးဗျ .. အောင်မယ်လေးဗျ .. မိုက်ရိုင်း ထွားကျိုင်းလိုက်တာ။ ဟင် .. ကိုယ့် အချင်းချင်းတွေကို နဲနဲ လေးမှ မညှာတာကြဘူး။ ငါ .. နာယက .. လ .. ထောက် ဂျုပ်ကွ .. ဟင်း ဟင်း … မင်းတို့တွေ တွေ့မယ် … ”
မောင်လူမော် (ရေတွင်းပျက်) ။ ။ “ အဘ .. ရောက်လာတယ်နော် .. ၀မ်းသာလိုက်တာဗျာ .. ”
ဦးပြောင်ရှည် ။ ။ “ ဟင် .. လူမော် .. ရေတွင်းပျက် ..၊ ၀မ်းသာတယ်ဟုတ်စ၊ မင်းဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ချောက်တယ် ပေါ့၊ ဟုတ်လားဟင် .. ရက်စက်ပါပေ့ လူမော်ရယ် .. လုပ်ရက်လိုက်တာ .. ။ ”
မောင်လူမော် (ရေတွင်းပျက်) ။ ။ “ ခွင့်လွှတ်ပါ အဘရယ် ..၊ ဒီလိုနေရာ ရောက်တော့မှ ကျွန်တော့်ကို ဒီလို မပြောပါနဲ့တော့ဗျာ။ ကျွန်တော်လည်း ကြံမိကြံရာ ဖြစ်သွားရတာပါ။ ဘဘ ကယ်မှဘဲ … ဟို ရိုက်လက်စလေး တွေ .. တွေ .. ”
ဦးပြောင်ရှည် ။ ။ “ တော် .. တော် .. ဘာမှ ရိုက်လက်မစနဲ့တော့ ..၊ ဒီပုံစံနဲ့တော့၊ ကိုယ်ရိုက်ရမယ် မမှတ်နဲ့၊ မင်းဘဲ အရိုက် ခံဖို့ ပြင် ထားဟေ့ ..၊ ဘယ်နှယ့်ကွာ။ ဆေးအရောင်းအ၀ယ် လုပ်တာများ၊ ငါ နာယက ပါမစ်နဲ့ လုပ်သလေး ဘာလေး၊ မင်းမို့ အကြံထွက်တယ်။ မင့်ဘာသာမင်း ကြည့်ကျက် လွှဲပြောပါလား။ နောက်က ငါမရ အရ လိုက်ရှင်းမှာပေါ့။ ခု .. ငါပါ ပါပြီ။ ဟင် .. ငါဖြစ်တော့ ဘယ်သူက လိုက်ရှင်းမှာတုန်း …၊ အမယ်မင်း .. ကယ်တော် မူကြပါ … ။ ”
(ထိုစဉ်မှာဘဲ .. အစောင့်စစ်သား နှစ်ဦးမှနေ၍ ထောက်လှမ်းဗြုတ်လျှာရှည်အား မျက်စိကို အ၀တ်စ စည်းလျက်သားပုံစံဖြင့် ဆွဲခေါ်လာကာ ပါး၊ နား၊ နဘမ် အီစလံဝေအောင် ပိတ်ကျင်းလျက်၊ အခန်းတွင်းသို့ (F) င် အား ဆောင့်ကန်သွင်းစေ။)
မောင်ဒိုင်း ။ ။ “ ဟော .. ဒီတစ်ခါ အလှည့်ကျသူက မမြင်မကန်း၊ မထူးဆန်းတဲ့ ချည်သား မျက်မှန် အနက်လေးနဲ့ပါလား ..၊ လုပ်စမ်းပါဦး။ ခင်ဗျားကကောဘာမှုလဲ။ ဒီနေ့ လူစည်တယ်။ ၀ိုင်းလုပ် ရမလား။ အလှူ လုပ်ရမလား .. ။ ”
လျှာရှည် ။ ။ “ ဘာမှ လုပ်မနေနဲ့တော့.. မျက်စေ့ ကျိန်းရတဲ့အထဲ။ သြော် .. ဦးပြောင်ရှည် .. ဦးပြောင်ရှည် ..၊ ထင်သားဘဲ ..၊ ခင်ဗျား ရောက်နှင့်ပြီး ဆိုတာ .. ဘာလို့ အဲသလောက်တောင် ကျုပ်ကို ရက်စက်ရတာလဲဗျာ .. ခုတော့ ကျော်မကောင်း ကြားမကောင်း၊ ကျုပ် ၀ဋ်လည်ပြီ ထင်တယ်.. ”
ပြောင်ရှည် ။ ။ “ အင်းဗျာ .. ၊ ကျုပ်လဲ မတတ်သာလွန်းလို့ သက်သာမလား ဆွဲထည့်မိတာပါ။ ခင်ဗျား ပါလာရင် ခင်ဗျား အဖေကြီး အရှိန်နဲ့ လွတ်မလား တွေးမိပြီး ထောက်လှမ်းရေး ရံပုံငွေ အတွက် လုပ်မိတာပါလို့ ထွက်ချက် ပေးမိသဗျာ .. ။ ”
လျှာရှည် ။ ။ “ အောင်မယ်လေးရယ်တဲ့ .. အေးမယ်လောင်။ ကိုယ်တို့ကောင် လျှာရှည်ကြီး .. ဂန့်နင်းကီးတဲ့မောင် .. ။ ဟာ .. ရှုပ်ကုန် ပြီ။ ရှုပ်ကုန်ပြီ။ ခင်ဗျား ပြောတဲ့ အဖေကြီး မို့လို့ကို ရှုပ်ကုန်တာဗျို့။ ဟီး ဟီး .. ရွှတ်..။ ကျုပ်လည်း ကြိုးစားပါသေးတယ်ဗျာ .. ။ ဟို ကောင် တောင်ကျော်ခဲပစ် .. ဆိုတဲ့ ဘိုဂျုပ် ဂဲပစ်သား.. သူ .. သူ .. သူစတဲ့ဇာတ်။ အဖေကြီးမြေး “ မအေ ပေးလကောင် - နေရွှေသွေးအောင်” ပါ ပါကုန်တော့ ကျုပ်တို့လည်း တတ်နင်း မကီး နိုင်တော့ဘူး။ အဘိုးကြီး ဒေါသထွက်နေပြီ။ မင်းသမီး န၀လတ်ရဲ့ ပျောက်တဲ့ အထုပ်လည်း ပြန်တွေ့ပြီ။ အဖွက် လွန်ပြီး သူ့နိုင်လွန် ရေသဘင်ထဲက ပြန်ရတာ။ အထုပ်ကော န၀လတ်ကော ဂဲပစ်တဲ့ သားအဖတွေ ကော အခုလုံလုံ ခြုံခြုံဘဲ။ အမှန်က ခင်ဗျားတို့နဲ့လည်း ဆိုင်နင်း မကီးဘူး၊ ခင်ဗျားတို့ ချသလား၊ မလားဆိုတာ ခင်ဗျားတို့ အကန့်။ ဦးပြောင်ရှည် .. ခင်ဗျားက လိုင်းသပ်သပ်၊ ခုတော့ ယုန်ထောင် ရင်း ကြောင်ပါ မိနင်းကီးသွားတာ။ မတတ်နိုင်ဘူး။ ဒါပေမယ့် ခင်ဗျားတို့က တော်သေးတယ်။ ကျုပ်က ပိုခံရတာဗျ။ နာမယ်ကြီး ထမင်းငတ် တစ်လုံးမှလည်း ချရတာမဟုတ်ဘူး။ ထောက်လှမ်း ရေးဆိုတဲ့ အကောင်တွေက ဇာတ်တူသားချင်းဆို ပိုနွှာတာမျိုး။ အောင်မယ်လေး .. ကျုပ်တော့ မျိုးပါကန်းပြီ။ ဒီအထဲမှာ အသံဖမ်းစက်တွေ ရှိတယ်။ ခင်ဗျားတို့လည်း ဒီဘ၀ လွတ်တော့မှာ မဟုတ်ဘူး။ ဒါကြောင့် မထူးဘူးဗျာ။ ဆဲသာ ဆဲ .. ဟင် .. ခွေးသား ၀က်မြေး .. ခွေးသား ၀က် မြေး.. လဒတူလဒူတ၊ ကျီးကန်း ယောက်ဖတွေ၊ လဗြောင်ကွပ်.. လဗြွတ်ကောင်၊ လဖောင်ကွပ်.. လဖွတ်ကောင်တွေ။ ”
ဤတွင် ဆက်ရန် မသင့်တော်တော့သဖြင့် ကန့်လန့်ကာအား အမြန်ဆုံးနည်းသုံးကာ စူပါ ဟိုက်စပိ နှုန်းဖြင့် ချစေ။
PoFP နှင့် ပြောင်လျှာရှည်တို့မှ ဆရာကြေးမုံဦးသောင်း၏ “ဒေါ်နီနီမြင့်၏ ပုလဲသွယ်” ပြဇာတ်အား အခြေခံပြီး ရေးသားခြင်း ဖြစ်ပါသည်။
Posted by
Paradise of Fighting Peacocks
@
Friday, July 11, 2008
1 comments
Labels: ပြဇာတ်
Thursday, December 20, 2007
ပြောင်လျှာရှည်တို့ကတဲ့ဇာတ် (၁၅)
ဗေတပ်ဘေ တပ်ဘေ ဗေတပ်ဗေတပ်ဗေ ဂျိဂျိ ....
(ရွာစားစိန်ပတ်ရှည်ကိုယ်တိုင် ရေးစပ်သော တေးသီချင်းတီးလုံးသံနဲ့ အတူ ဗို့အားမပြည့်တဲ့မီးဆလိုက်တွေက မှိတ်တုတ်မှိတ်တုတ် ပေါ့ဗျာ .. သြော်.. နယ်ပွဲဆိုတော့လည်းဒီလောက်ရှိမှာပေါ့ ။ ပရိသတ်ကြီးရေ ဖယောင်းတိုင်နဲ့မကရတာ တော်သေး)
မင်းသားတေဇဆို
“ မေတ္တာအစဉ်လာ ချစ်စရာသဘင်မဟာ ..
ကိုကိုတေတို့ကတဲ့ပွဲမှာ ကြွလာမိတ်သဟာ
ရွှင်လမ်းပါစေဗျာ ..
အဆိုအကအတီးအမှုတ် အလင်္ကာတေးသရုပ်
ယဉ်ကျေးမှုတို့သန္ဓေတည်လေရာ
မြန်မာ့စင်မြင့်မှာ .. အထူအထွေဆန်းတာ
နှစ်တွေအတော်ကြာ .. အသစ်တွေမမြင်ပါ
မျှော်လင့်သောငြိမ်းချမ်းရေးအတွက်
ဆုတွေတောင်းလိုက်မှာ……………………… ”
မင်းသား ။ ။ “ ကိုင်း … ရွာစား .. ဟောသလိုလေး ခပ်ကြမ်းကြမ်းလေးချလိုက်မယ်ဗျာ ”
(မင်းသားညာသံပေးလိုက်တယ်ဆိုရင်ပဲ .. ပတတ်ပတတ် ဘေဘေဂျိဂျိ - ရွာစားကျော်စိန်ပတ်ရှည်လက်စွမ်းပြပါလေရော.. မင်းသား ဇွဲကောင်းကောင်းနဲ့ အားကျိုးမာန်တက် ကနေလိုက်တာများ အိပ်တန်းဝင်တဲ့ကျီးကန်း လန့်သေနိုင်တယ်)
ဆိုင်းအဖွဲ့တော်သားများ ။ ။ “ ကိုကိုတေရေ …. ၀ါးဝါးဝါး .. လားလားလား…….. ”
ပြောင်ရှည် ။ ။ “ ပရိသတ်ကြီးရေ .. အပေါ်ကမင်းသားကလည်း ချ အောက်ကလူတွေကလဲ ‘၀ါး’ ဆိုပါလား ဟန်ကိုကျရောဗျာ .. ” (အော်ပြောလိုက်သေး)
မင်းသားအကပြီးသွားတယ်ဆိုရင်ပဲ ..
လျှာရှည် ။ ။ “ ကောင်းပ မင်းသားရေ.. ဘားအံပရိသတ်ကြီးကလည်း သဘောကိုကျလို့ဗျ .. ”
မင်းသား ။ ။ “ ကိုလျှာရှည်လေး …. ရေ .. ”
လျှာရှည် ။ ။ “ တေတေ .. တေတေ……….တေတေ လေးရေး .. ” (တေတွေထပ်သွားတယ်)
ပြောင်ရှည် ။ ။ “ ဒါကြောင့် မင်းကို တော်တော်ကိုရှည်တဲ့အကောင်လို့ပြောတာ .. တေတေလေးရေဆို ရပြီ .. ”
မင်းသား ။ ။ “ ဟိုဖက်က .. အင်း….. ”
ပြောင်ရှည် ။ ။ “ အင်းမဟုတ်ဘူး .. လက်ဖွဲ့မင်းသားရေ .. ”
လျှာရှည် ။ ။ “ လက်ဖွဲ့ဆို မင်းသမီး သန်တာရှည်ကိုသာသွားပေး .. သိပ်ကြိုက်တာ .. ”
မင်းသား ။ ။ “ ကိုပြောင်ရှည်လေးရေ .. ”
ပြောင်ရှည် ။ ။ “ မောင်မောင်တေလေးရေ .. ”
မင်းသား ။ ။ “ ယေကေစိ ပါဏဘူတတ္ထိ ..၊ တသာဝါ ထာဝရာဝ..၊ ဒီဃာဝါ ရေ၀ မဟန္တာ၊ မဇ္စျိမာ ရဿကာ အဏုကထူလာ..တဲ့..။
အလုံးစုံသော၊ ကြောက်လန့်တတ်သော ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ တို့သည်လည်းကောင်း၊ မကြောက်လန့်တတ်သော အနာဂါမ် ရဟန္တာ တို့သည်လည်းကောင်း၊ ခန္ဓကိုယ် ရှည်လျားသော ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ခန္ဓာကိုယ်ကြီးမားသော ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ မတိုမရှည်၊ မကြီးမငယ် အလယ်အလတ် သတ္တ၀ါတို့သည်လည်းကောင်း၊ ခန္ဓာကိုယ်တိုသော သတ္တ၀ါတို့သည်လည်းကောင်း၊ ခန္ဓာကိုယ် သေးငယ်ကြုံလှီသော သတ္တ၀ါတို့သည်လည်းကောင်း၊ ခန္ဓာကိုယ်ဆူဖြိုးသော သတ္တ၀ါတို့သည်လည်းကောင်း၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြကုန်သည် ဖြစ်ကြပါစေသတည်း…လို့ သားသားလေးက ဟောသလိုမေတ္တာပို့လိုက်ပါရစေခင်ဗျာ….. ။ ”
ပြောင်ရှည် ။ ။ “ မင်းသား … ဘယ်တုန်းက ကျက်ထားတာလဲ .. ”
မင်းသား ။ ။ “ အင်း .. စီးပွားပျက်ကတည်းကဆိုပါတော့ .. ၊ သြော် … မောင်ပြောင်ရှည်ရယ် ..၊ အကောင်းပြောနေတာလေ..၊ ကဲ .. ကဲ ..
တစ်ဦးနဲ့တစ်ဦး အမုန်းပွားနေကြရုံနဲ့ မအေးချမ်းနိုင်ပါဘူး .. အရင်းစစ်ရင်တော့ ဗုဒ္ဓဘုရားရှင်တော်မြတ်ရဲ့ သာသနာလောင်းရိပ်အောက်မှာ ဒို့တတွေ တညီတညာနဲ့ မဂ္ဂင်ဖောင်ကြီးစီးပြီး နိဗ္ဗာန်ကိုဝင်နိုင်ဖို့ပဲ မဟုတ်ပေဘူးလားဗျာ .. ”
လျှာရှည် ။ ။ “ မင်းသား .. ကျွန်တော် အဲဒီနိဗ္ဗာန် မဂ္ဂင်ဖောင်ကြီးစီးပြီး မလိုက်ပါရစေနဲ့ .. ကြောက်လို့ .. ”
ပြောင်ရှည် ။ ။ “ မင်းတော်တော်ပဲကွာ ..၊ မင်းသားကစေတနာနဲ့ခေါ်တာ မင်းကငြင်းရက်တယ် .. ”
လျှာရှည် ။ ။ “ မင်းဘာသိလို့လဲ ..၊ မဂ္ဂင်ကျောင်းကြီးဝင်စီးလိုက်တာ အကုန်လမ်းဘေးရောက်ကုန်ရော..၊ အဲဒီမဂ္ဂင်ဖောင်သာစီးမိရင် ရေထဲကန်ချခံရလို့ နိဗ္ဗာန်မရောက်ဘဲ ကိစ္စချောနိုင်တယ်ကွ .. ”
မင်းသား ။ ။ “ လုံးဝမကျေနပ်ဘူး ကမ္ဘာမကြေဘူး .. ရိုက်မယ်ကွ ရိုက်မယ် .. ”
(လူရွှင်တော်များ ၀ိုင်းကာဆွဲထားကြ)
မင်းသား ။ ။ “ ရိုက်မယ်..၊ အချိန်မရှိတော့ဘူး ရိုက်ကို ရိုက်မယ် .. ”
ပြောင်ရှည် ။ ။ “ မင်းသားမောင်ရင်ငတေ… မမိုက်စမ်းပါနဲ့ဗျာ ..၊ မောင်ရင်ငတေ .. လိမ္မာစမ်းပါ..၊ ဒေါသကိုထိန်းမှပေါ့မင်းသားရယ် .. ”
လျှာရှည် ။ ။ “ မင်းသား အရမ်းသွားမလုပ်ပါနဲ့ စိတ်လျှော့လိုက်ပါ .. ”
(လူးရွှင်တော်များအသဲအသန်တောင်းပန်နေရတယ်၊ မင်းသားတေဇကို လက်တဖက်တချက်ကနေ ၀ိုင်းဆွဲဆန့်ထား၊ မင်းသားက ရိုက်မယ်ဆိုတာကြီး ဖြစ်နေသကိုး ..၊ ပွဲကတော့ကြမ်းလာပြီ ပရိသတ်ကြီးကလည်း လှုပ်လှုပ်ရွရွပေါ့)
မင်းသား ။ ။ “ မင်းတို့ က ငါကိုဆွဲနေတာလား.. ကားစင်တင်နေတာလား .. ”
(ပြောလည်းပြောချင်စရာပဲ ခြေကားယား လက်ကားယားနဲ့ ရာဇ၀တ်သား ကြိုးစင်တက်ခါနီးပုံစံ ပေါက်နေလေရဲ့ဗျာ)
လျှာရှည် ။ ။ “ မင်းသားကို အကြောအချင်ပြေစေချင်လို့ပါ .. ”
မင်းသား ။ ။ “ ဘယ်လိုဖြစ်နေကြတာတုန်း..၊ မဆွဲကြနဲ့ .. မနက်ဖြန် တိုင်းမှူးနဲ့ စားရင်းသောက်ရင်း ဂေါက်ရိုက်ဖို့ပြောတာဗျ ..၊ ကျုပ်မနေ့က ရှုံးထားလို့ .. ထပ်ချိန်းထားတာ ..၊ မကြေပွဲလေးပေါ့ .. ”
ပြောင်ရှည် ။ ။ “ ဟော … အဟုတ်မှတ်လို့ ဆွဲလိုက်ရတာ လက်စပ်သပ်တော့ ဒို့မင်းသားက တိုင်းမှူးတွေနဲ့ ရိုက်စားနေတာကိုး.. ”
လျှာရှည် ။ ။ “ သြော် .. ဂေါက်ဂေါက်ကိုး..၊ ကမ္ဘာကျော်မင်းသားက အဲလိုရိုက်ချက်ကပြင်းတာ ပရိသတ်ကြီးရ .. ”
(ပရိသတ်ပြန်ငြိမ်သွားလေရဲ့)
မင်းသား ။ ။ “ ကိုင်း .. ဒါဆိုလဲ မဂ္ဂင်ဖောင်မစီးရဲရင် .. ဟတ်စကီးစီးပြီး နိဗ္ဗာန်ဝင်ကြရအောင်ဗျား .. ”
ပြောင်ရှည် ။ ။ “ မင်းသား.. ပိုဆိုးတယ်နော် ဒီဘားအံနားက တရုတ်လှရွာသားတွေ အကုန်သိတယ် အဲဒီနိဗ္ဗာန်အကြောင်း .. ”
မင်းသား ။ ။ “ သြော် .. ခက်လိုက်ပါဘိ..၊ ဒါဆိုလဲ ဒီထက်မြန်တဲ့ တိုက်လေယာဉ်ကြီးစီးပြီး … ၀င်မယ်ကွယ် .. ”
လျှာရှည် ။ ။ “ အောင်မလေး .. အဲဒါကပိုဆိုးတယ်…တရုပ်က အင်ထုရောင်းထားတဲ့ တိုက်လေယာဉ်တွေ ပျက်ပျက်ကျတာ တဒါဇင်နီးပါးရှိပြီ၊ မသိဘူးလား။ အခုကတည်းကသာ သတ်လိုက်ပါလား..၊ မိန်းမ မုဆိုးမဖြစ်အောင်လုပ်နေတာလား မင်းသားမောင်မောင်တေရဲ့ .. ”
မင်းသား ။ ။ ကိုင်း..ဒါဆိုလဲ ဖြေးဖြေးလေးနဲ့ ရိုးရာမပျက် လှည်းပဲစီးပြီး ၀င်ကြရအောင်ဗျာ .. ”
ပြောင်ရှည် ။ ။ “ ပုံမှန်ပဲကောင်းပါတယ် မင်းသားရယ် ..၊ နိဗ္ဗာန်ကို လောဘနဲ့သွားလို့မရဘူးလေ .. ”
မင်းသား ။ ။ “ ကောင်းပါဗျာ…၊ မနက်ဖြန်အတွက် ရိုက်ဖို့ အားမွေးလိုက်အုံးမယ် ..”
(ကမ္ဘာကျော်မင်းသားထွက်သွားလေရဲ့..)
လျှာရှည် ။ ။ “ အေးကွ.. နိဗ္ဗာန်ဆိုတာအမှန်တော့ ကင်းရာ ကုန်ရာ ချုပ်ရာ ငြိမ်းရာ လို့ဒီလို အဆိုရှိတယ်မဟုတ်လားကွဲ့ .. ဒီသံသရာ ဆိုတာကနေ လွတ်ကင်းသွားတဲ့ အရပ် ..၊ ဘယ်လောက်ကောင်းလဲ .. ”
ပြောင်ရှည် ။ ။ “ အေးလေ.. ဒါကြောင့်လဲ .. ရွှေတိဂုံဘုရားရှေ့ဖက်မုခ်က နိဗ္ဗာန်ဆိုင်တွေ ကင်းလို့လည်းမရ ကုန်လိုက်တာမှ သောက် သောက်လဲ ..၊ ချုပ်လိုက်တာ လွတ်ရက်ကိုမမြင် ..၊ ငြိမ်းသွားတာမှ တရပ်ကွက်လုံးတောင် ပြောင်ရော .. ”
လျှာရှည် ။ ။ “ အင်း..ဟုတ်ပဗျာ ဒါကြောင့်လဲ နီးလျက်နဲ့ဝေးနေတာ သုဿန် ..၊ ဝေးလျက်မသိတာ နိဗ္ဗာန်လို့ဆိုကြတာပေါ့ဗျာ၊ လွယ်လွယ်နဲ့တော့ ဘယ်ရမလဲဗျာ .. ”
ပြောင်ရှည် ။ ။ “ ကျုပ်လည်း တရားစခန်းတွေမှာနိဗ္ဗာန်ရောက်ကြောင်းတရားတွေ တော်တော်များများ အားထုတ်ခဲ့ဖူးတယ်ဗျ … ၊ ဟော .. အခု အသစ်ပေါ်နေတဲ့ နအဖ တရားစခန်းလေးက တစ်မျိုးဗျ .. ”
လျှာရှည် ။ ။ “ ဘယ်နေရာမှာတုန်း ..၊ ဘာလဲဗျာ မဟာစည်ဆို မဟာစည်၊ မိုးကုတ်ဆို မိုးကုတ် ဒီလိုလုပ်စမ်းပါ။ ဘာလဲ .. နအဖ ဆိုတာက … ”
ပြောင်ရှည် ။ ။ “ သြော်.. ခက်ပါရောလား..၊ နေပြည်တော်ကြပ်ပြေးက တောရတရားစခန်းကိုပြောတာ၊ နအဖ ဆိုတာက အတိုကောက်၊ အမှန်က .. ‘နိဗ္ဗာန်အကြောင်း ဖောက်သည်ကောင်း တရားစခန်း’ .. တဲ့ ၊ ဟောသလိုလာတာ.. သူတရားမှတ်ပုံနည်းလေးတွေက
တစ်မျိုးလေးဗျ .. ”
လျှာရှည် ။ ။ “ အင်း .. လုပ်စမ်းပါအုံးဗျ စိတ်ဝင်စားစရာပဲ ”
ပြောင်ရှည် ။ ။ “ အမှန်ကတော့ ဓါတ်ကြီးလေးပါကို အခြေခံတာပဲဗျ၊ ပထ၀ီ တေဇော အာပေါ ၀ါယော ပေါ့ဗျာ … ”
လျှာရှည် ။ ။ “ အင်း .. ဒါက အားလုံးအတူတူပဲလေဗျာ ”
ပြောင်ရှည် ။ ။ “ တူပေမယ့် .. မူကတော့ကွဲတယ်ဗျ ..၊ ဒီလိုဗျာ ပထ၀ီ ဆိုတာအမာဓါတ်၊ ထောက်ခံတတ်တဲ့၊ ပြန်ကန်တဲ့သဘောပေါ့ဗျာ၊ အဲသလိုအမာတွေဆို အကုန်ပြန် မခုခံနိုင်အောင် ဈေးသည်စကားအရပြောရင် ရောင်းပစ်လိုက်ရတယ်၊ စိတ်ထဲမှာရှင်းသွားအောင် ..၊ အကုန် ရှင်းပြစ်လိုက်ရတယ်ဗျာ .. ”
လျှာရှည် ။ ။ “ အေးလေ …၊ မှန်တယ်လေဗျာ အမာသဘော..၊ ဥပမာ မြေကြီးလိုမျိုးပေါ့ .. ”
ပြောင်ရှည် ။ ။ “ မှန်ပဗျ ..၊ ဒါကြောင့် အဲသလိုမာတဲ့ မြေကြီးမှာရှိတဲ့ ပတ္တမြားတို့ ကျောက်စိမ်းတို့၊ ဒါ အားလုံးဟာ အမာသဘော..၊ အကုန်ရောင်းပစ်လိုက်ရတယ်၊ ဒါဆိုရှင်းသွားရော ..၊ အတိုက်အခံဖြစ်မယ့်ဟာတွေဆိုလည်း၊ အကုန်ရှင်းပြစ်လိုက်ရတယ် ..၊ အဲသလို လာတာဗျ၊ သူ့နည်းလေးက .. ”
လျှာရှည် ။ ။ “ အင်း .. မမာအောင် မွေးကတည်းက ပိုလီယိုဖြစ်ရမလိုဖြစ်နေပြီ .. ”
ပြောင်ရှည် ။ ။ “ ဟော..တေဇောဓါတ်..၊ အဲဒီတေဇောဓါတ်ဆိုတာ မီးပေါ့ဗျ ..၊ ဘယ်လောက်ပူလဲ၊ ကျွန်တော်တို့ခန္ဓာမှာ လောင်ကျွမ်းနေတာ တမြိုက်မြိုက်နဲ့ .. ”
လျှာရှည် ။ ။ “ ဒါပေါ့ဗျာ မီးဆိုရင်ပူတာကြီးပဲ။ များများလောင်လေ .. များများပူလေပဲ .. ”
ပြောင်ရှည် ။ ။ “ အဲဒါကြောင့်မီးဆိုရင် ဘယ်မီးမှမကောင်းတော့ အကုန်ငြိမ်းသတ်လိုက်တယ်၊ ဥပမာ.. လမ်းမီး၊ အိမ်မီး။ .. ဒါတွေက မီးတွေလေ .. မီးဆိုပူလောင်တယ်လေဗျာ ..၊ အမြဲတမ်း လာနေလို့မကောင်းဘူး၊ ငြိမ်းလိုက် လာလိုက်လုပ်ပေးရတယ်၊ ငြိမ်းလိုက်တော့ ရှင်းသွားရော၊ အေးသွားရောပေါ့ဗျာ .. ။ ”
လျှာရှည် ။ ။ “ သြော် ..၊ တရားသဘောနဲ့ ငြိမ်းသတ်တာကိုး…။ ဒါဆိုတရားစခန်းမှာလည်း..၊ မီးမရှိဘူးပေါ့ .. ”
ပြောင်ရှည် ။ ။ “ ကိုလျှာရှည်ကလဲ သူကတရားပြနေတော့ ယောဂီတွေ စာဖတ်လို့ရအောင် ထွန်းပေးထားရတာပေါ့ .. ”
လျှာရှည် ။ ။ “ ဒီမှန်းသိရင် ယောဂီတွေနဲ့အတူ စာသွားဖတ်ပါတယ် .. ”
ပြောင်ရှည် ။ ။ “ ၀ါယောဓါတ်ကကျတော့ ခင်ဗျားသိတဲ့အတိုင်းပဲ.. လေဓါတ်၊ သူလည်း ဒုက္ခပေးတာပဲဗျ၊ ခန္ဓာကိုယ်ကိုဖွဲ့စည်းပေးတဲ့ နေရာမှာ အရမ်းအရေးကြီးတယ် ..။ ဒါပေမယ့် ၀ါယောဓါတ် လွန်ကဲရင်လည်း သေတာပဲဗျာ ..၊ ဓါတ်ဖောက်ပြန်တဲ့သဘောပေါ့.. ။ ”
လျှာရှည် ။ ။ “ မှန်လိုက်လေဗျာ ..၊ လေပြင်းများတိုက်လိုက်ရင် သစ်ပင်ကြီးတောင်ပြိုလဲတာပဲ ..”
ပြောင်ရှည် ။ ။ “ ဟုတ်ပဗျာ ..၊ ဒါကလည်း သစ်ပင်ကြီးတွေကခုခံနေတာကိုး..၊ တကယ်လို့ ခုခံစရာမရှိရင် လေဘယ်လောက်တိုက်တိုက် သူဟာသူပြယ်သွားလိမ့်မယ် ..။ လဲပြိုစရာအကြောင်းကိုမရှိတော့ဘူး..။ သိပံ္ပနည်းအရတော့ အပင်ကလူကို အကျိုးပြုတာကိုး..၊ လိုအပ် တာပေါ့ဗျာ .. ။ ”
လျှာရှည် ။ ။ “ လိုမှလိုပဲဗျာ ..၊ အပင်မရှိရင် သဘာ၀၀န်းကျင်ပါထိခိုက်ပေါ့ဗျာ.. ”
ပြောင်ရှည် ။ ။ “ အဲဒီတရားစခန်းကတော့ အဲဒီလိုမျိုးအပင်တွေဆို ပထ၀ီဓါတ်သဘောအတိုင်းပဲ..၊ အကုန်ရောင်းပစ်ရတယ်။ အမြစ်ပြတ် နိုင်လေကောင်းလေပဲ ..၊ ဒါဆို .. ၀ါယောဓါတ်လည်းအေးသွားရောဗျာ .. ”
လျှာရှည် ။ ။ “ အမေရိကန်ဒုသမ္မတဟောင်း အယ်လ်ဂိုးကို နိုဘယ်(လ်)ဆုပေးဖို့မကောင်းဘူး..၊ နအဖ တရားစခန်းကိုပေးရမှာ..၊ ဒါ.. တရားသဘောနဲ့ ရှင်းနေတာ..၊ ဘယ်လောက်ကောင်းလဲ ..၊ ပတ်ဝန်းကျင်လဲအေးသွားရော .. ”
ပြောင်ရှည် ။ ။ “ အာပေါဓါတ်..၊ ယိုစီးတဲ့သဘောပေါ့ဗျာ..၊ အထူးသဖြင့် ခန္ဓာကိုယ်ထဲမှာ သွေးတွေဟာ အာပေါစီးဆင်းမှု သဘောအရ လည်ပတ်နေလို့ ခင်ဗျာတို့ ကျွန်တော်တို့ အသက်ရှင်နေနိုင်တယ်မဟုတ်လားဗျာ .. ။ ”
လျှာရှည် ။ ။ “ မှန်တာပေါ့ဗျာ ဒီလိုသာမလည်ပတ်ရင် သွေးကြောပိတ်သေတာတို့ သွေးပေါင်ကျတာတို့ ဖြစ်ရောပေါ့ဗျာ .. ။ ”
ပြောင်ရှည် ။ ။ “ ဒါပေါ့ဗျာ အဲဒါကြောင့် ဒီလိုစီးဆင်းမှုသဘောရှိတဲ့ ရေတို့ ဂက်စ် တို့ဆိုတာမပိတ်ရဘူး..၊ သူတို့ကိုလည်း ပထ၀ီ ဓါတ်သဘောအတိုင်း ထွက်သလောက် ရောင်းရတယ်..၊ တရားသဘောနဲ့ ရောင်းပစ်လိုက်ရတယ်..၊ စီးနေတဲ့ရေကိုသွားတားရင် အခန့်မသင့်ပဲ ဖေါက်ပြန်ပျက်စီးသွားနိုင်တယ်လေဗျာ ..၊ မနှမြောရဘူးဗျ .. ”
လျှာရှည် ။ ။ “ တော်တော်ထိတာပဲဗျာ..၊ အကုန်သာရောင်းလိုက်..၊ အဲလိုဓါတ်ကြီးလေးပါး ကုန်သွားရင် နိဗ္ဗာန်ရောက်ရောလား.. ”
ပြောင်ရှည် ။ ။ “ ပြေးပြီပေါ့ဗျာ .. ”
လျှာရှည် ။ ။ “ အော် .. အကောင်းမှတ်လို့ .. ”
ပြောင်ရှည် ။ ။ “ ပြေးတယ်ဆိုတာစိတ်ကို ပြောတာဗျ ..၊ လောကမှာအထိမ်းရအခက်ဆုံးက အဲဒီစိတ်ပဲ။ ဒါကြောင့် အဲဒီပြေးနေတဲ့စိတ်ကို ထိမ်းရလွယ်အောင် တရားရှုမှတ်နည်း အမျိုးမျိုးဆိုတာ ရှိတာပေါ့ဗျာ ..။ မူကွဲလေးတွေပေါ့ .. ။ ”
လျှာရှည် ။ ။ “ ဟုတ်ပြီ..၊ ဆက်စမ်းပါဦး..၊ ကျုပ်တောင် နည်းနည်းတရားပေါက်လာပြီ .. ”
ပြောင်ရှည် ။ ။ “ ခင်ဗျားသိမှာပါ ..၊ တချို့တရားစခန်းတွေကျတော့..၊ ‘ ဂါဏ’ လို့ခေါ်တဲ့ ဂဏန်းသင်္ချာမှတ်နည်းကိုသုံးတယ်ဗျာ၊ ယောဂီ အသစ်တွေအတွက်ပေါ့ .. ။ ဥပမာ.. ၀င်လေထွက်လေ ၁ ၊ ၀င်လေထွက်လေ ၂ … ၀င်လေထွက်လေ ၈ အထိမှတ်တယ်ဗျာ .. မဂ္ဂင်ရှစ်ပါးကို အာရုံပြုပြီးပေါ့ .. ”
လျှာရှည် ။ ။ “ အာရုံမပြုနဲ့တော့ ..၊ တစ်ပါးမှကိုမရှိတော့တာ ..၊ အကုန်နှင်ထုတ်လိုက်ပြီ … ”
ပြောင်ရှည် ။ ။ “ သြော်… ရောကုန်ပြီ ..၊ အင်း.. ဒီ နအဖ တရာစခန်းကလည်း မဂ္ဂင်ရှစ်ပါးကို အာရုံမပြုပါဘူး ..၊ သူကဒီလိုမှတ်တာ.. ၀င်လေ ၁၀၀၀၀၀ ထွက်လေ ၁ ၊ ၀င်လေ ၂၀၀၀၀၀ ထွက်လေ ၁…၀င်လေ ၁ သန်း ထွက်လေ ၁ …. ။ ”
လျှာရှည် ။ ။ “ အင်း… သူ့နည်းကလည်း အ၀င်ချည်းများပြီး..၊ အထွက်ကို မရှိတော့သလောက်ပဲနော် .. ”
ပြောင်ရှည် ။ ။ “ အင်းပေါ့ ..၊ ၀င်တာ ဂဏန်းအရေတွက်များလေ ကောင်းလေပဲ..၊ ဂဏန်းကြီးလေ စားလို့ကောင်းလေ ဆိုသလိုမျိုးပေါ့ ..၊ အဲသလိုရှုတာဗျား .. ”
လျှာရှည် ။ ။ “ ကောင်းပါလေ့ဗျာ..”
ပြောင်ရှည် ။ ။ “ ဟော ..နအဖ တရားစခန်းက ယောဂီမများကျတော့ ..တမျိုး၊ ဖောင်းပိန်ရှုနည်း သိတယ်မဟုတ်လား ..၊ ”
လျှာရှည် ။ ။ “ သိပဗျာ အတော်ကောင်းတဲ့နည်းပဲ ..၊ အဲလိုပဲ ရှုတာလား .. ”
ပြောင်ရှည် ။ ။ “ မူကွဲတယ်ဗျ .. ”
လျှာရှည် ။ ။ “ ရှင်းစမ်းပါဦး..၊ နည်းသစ်လေးတွေရတာပေါ့ .. ”
ပြောင်ရှည် ။ ။ “ ဒီလိုဗျ..၊ သူတို့က ဖောင်းတယ် ..၊ ပိန်တာကို မမှတ်ဘူး။ .. အသက်ကိုရှူထုတ်လိုက်တယ် .. ဖေါင်းတယ်၊ ပိန်တာမမှတ်ဘူး..။ အသက်ပြန်ရှူသွင်းရင် ဖောင်းတယ် ..၊ ပိန်တာကိုမမှတ်ဘူး .. ”
လျှာရှည် ။ ။ “ သြော် ..၊ သူတို့ကဖောင်းတာကို ပဲမှတ်တာပေါ့ ..၊ ပိန်တယ်လို့ မှတ်လို့မရဘူးလား.. ”
ပြောင်ရှည် ။ ။ “ အင်း… ပိန်တယ်လို့မှတ်လိုက်တဲ့နေ့က ပြုတ်တဲ့နေ့ပဲဗျာ .. ”
လျှာရှည် ။ ။ “ (ဖြောင်း.. ကနဲ ပြောင်ရှည်ကိုရိုက်ချ) ကောင်းလိုက်တဲ့ တရားထိုင်နည်း ………. ”
ထိုအချိန်မှာ .. နိုင်ငံကျော်ဒါရိုက်တာကြီး၊ စာရေးဆရာကြီး ဘဘဦးသုခ၏ ‘ဘ၀သံသရာ’ သီချင်းသွားအား ဆိုင်းဆရာ စိန်ပတ်ရှည်အဖွဲ့မှ ..၊ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်၊ တူရိယာ စုံလင်စွာ အတီးညက်ညက်ဖြင့် ပို့ပေးတော့၏။
“ ဘ၀သံသရာ..၊ ရှည်လျား ထွေပြား မနေမနား တသွားတည်းသွားရမှာ..၊
လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်၊ အ၀ိဇ္ဇာပစ္စယာ .. သင်္ခါရာတဲ့ ..
ရယ်လိုက် .. ငိုလိုက် .. မတည်ငြိမ်ပြန်တာ ..
ဘယ်ခါမတည်မြဲ ..ဖောက်လွှဲဖောက်ပြန် ..
အကြောင်းကံ.. ကံမ္မသကာ ….. ”
ကိုပြောင်ရှည်ရေးသားတင်ဆက်သည်။
ပြောင်လျှာရှည်ဇာတ် (၁၅) တွင်ပါရှိသည့် “ မောင်ရင်ငတေ ” ဟူသော အမည်မှာ န-အ-ဖ အောက်ဆွဲ စီးပွားရေးသမား တေဇကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဒီမိုကရေစီ လိုလားသူ ဘလော့ဂါ မောင်ရင်ငတေ နှင့်သက်ဆိုင်ခြင်း မရှိကြောင်း အသိပေးအပ်ပါသည်။
Posted by
Paradise of Fighting Peacocks
@
Thursday, December 20, 2007
0
comments
Labels: ပြဇာတ်












