(အချိန်ကား ... ရှေးလွန်ပြီးသော ခရစ်သက္ကရာဇ် ၂၁ ရာစု ဝန်းကျင် ကာလတည်း ။ ကျွန်ုပ်တို့ မြန်မာနိုင်ငံ တော်ကြီးအား (န.အ.ဖ) ဟု ခေါ်တွင်သော အနက်ရောင် သိုင်းလောကသား ဘောင်း ဘီဝတ် ဆိတ်ဘိုတစ်စု သိမ်းပိုက် အုပ်ချုပ်ကာ ဗိုလ်ကျ စိုးမိုးနေသော အခါသမယပင် ဖြစ်သည်။)
ကျွန်ုပ်သည် လွင့်ပါးနေသော စိတ်အာရုံတို့ကိုစုစည်းကာ အသက်ကို ဖြေးညင်းစွာ ရှူရှိုက်လျှက် ခန္ဓာကိုယ် အတွင်းမှ သွေးကြောများ တစ်လျှောက် အတွင်းအားကို ပို့လွှတ်ကာ သွေးကြော၊ လေကြောများ ပိတ်ဆို့ခြင်း ရှိမရှိ လှည်ပတ် စစ်ဆေး ကြည့်လိုက်၏။ မမြင်ရသော အပူစီးကြောင်း တစ်ရပ်က ခန္ဓာကိုယ်အတွင်း ငြင်ငြင်သာသာ စီးဆင်းလျှက် ငယ်ထိပ်ဆီသို့ တရိပ်ရိပ် လွင့်တက်လာနေ၏။ ထိုခွန်အားကို စိတ်အာရုံ စူးစိုက်ကာ ထိန်းချုပ်၍ လူတို့၏ ဗဟိုချက်မ ဖြစ်သော ခန္ဓာကိုယ် အလယ်ပိုင်းရှိ ချက်ဆီသို့ ပို့လွှတ်ပြီး သိုမှီး သိမ်းဆီးလိုက်ကာ မျက်လွှာကို အသာအယာ ဖွင့်၍ ဘေးဘီဝန်းကျင် သို့အကဲခတ် ကြည့်လိုက်လေသည်။
ကျွန်ုပ် ရောက်ရှိနေသော နေရာကား မြင့်မားလှသော ဂူဂယ်တောင်တန်းကြီး တစ်နေရာရှိ ဘလော့ဂါ တောင်ကြားအတွင်းမှ ဒေါင်းကွင်း ဆိုသော ချောင်ငယ်လေးပင် ဖြစ်သည်။ သာယာလှပ လှသော ဘလော့ဂါ တောင်ကြားအတွင်းသို့ ကျွန်ုပ်ရောက်ရှိ နေသော အကြောင်း အရင်းကား ဘလော့ဂါ သိုင်းလောကအတွင်း လျှမ်းလျှမ်းတောက် ကျော်ကြားသော ကျွန်ုပ်၏ ဆရာသခင် ထိပ်တင်ပြောင်လျှာရှည် ဟု အမည်တွင်သော ခွေးနိုင် သိုင်းဂိုဏ်းကြီးမှ ဂိုဏ်းချုပ်ကြီး ချီးမြှင့်သည့် ခွေးရိုက် သိုင်းကွက် ၁၈ ချက် နှင့် နှစ်တစ်ထောင် ခွေးဘီလူး အတွင်းအား ကျင့်စဉ်တို့ကို လျှို့ဝှက်စွာ လာရောက် လေ့ကျင့်နေခြင်းပင် ဖြစ်သည် ..........။
ထိုအခိုက် အလွန်တရာမှ တိုးညှင်းသော အသံ တစ်ခုသည် နားစည် အတွင်းသို့ ဝင်ရောက်လာကာ အနားကပ်ပြီး ပြောလိုက်သကဲ့သို့ ကြားလိုက်ရလေသည်။
"ငါတပည့်.. လေ့ကျင့်နေတာ သတ္တမ အဆင့် အောင်မြင်သွားပြီ" " နောက် ၂ဆင့် အောင်မြင်လို့ နဝမ အဆင့် ပြီးရင် " " ဘလော့ဂါ သိုင်းလောက တစ်ခွင်မှာ လျှမ်းလျှမ်း တောက် အောင်မြင်တဲ့ " "ဘလော့ဂါ သိုင်း အကျော် အမော်တစ်ယောက် ဖြစ်ပြီလို့ ပြောလို့ရ တယ်" .. " ဒါပေမဲ့ အခု လောလောဆယ် ဆရာ့မှာ အရေးတကြီး ခရီးထွက်စရာ ရှိနေတယ် " "ငါတို့ ဘလော့ဂါ သိုင်းလောကကြီး လည်း အခုတစ်လော ရှုပ်ရှုပ် ထွေးထွေးတွေ ဖြစ်နေလို့ ..၊ မင်းကို ဘလော့ဂါ လောကထဲကို ဝင်ပြီး လျှို့ဝှက် စုံစမ်းစေချင်တယ် " ဟု တီးတိုး မြွက်ကြား ခဲ့လေသည် ။
ဆက်လက်ပြီး ကျွန်ုပ်၏ ဆရာသခင် ဖြစ်သူ ခွေးရိုက်သခင် ထိပ်တင်ပြောင်ရှာရှည်၏ မိန့်မှာချက်များမှာ..
ဘလော့ဂါ သိုင်းလောကကြီးထဲ တွင် အဖြူရောင်နှင့် အနက်ရောင် ဘလော့ဂါ သိုင်းလောကသား များဟူ၍ အုပ်စု ၂ စု ရှိကြောင်း၊ အ နက်ရောင် ဘလောဂါ သိုင်းသမားများမှာ ယူရုားပြည်အပိုင်ရှိ ဘလော့ဂါ တောင်တန်းများ တစ်ဝိုက်တွင် ကျင်လည် ကျက်စား ကြ ကြောင်း၊ ၎င်းတို့သည် ၀ါယောဓါတ် အလွန် အားကောင်း၍ အမည်ပြောင်း၊ ကိုယ်ပျောက်၊ အိုင်ပီအတု ကော်မန့်ပွတ် ပညာရပ် နှင့် လျှို့ဝှက် ဆီဗုံး အဆိပ်ခတ် ပညာရပ်များကို သူမတူအောင် ကျွမ်းကျင် တတ်မြောက်ကြသူများ ဖြစ်ကြ၍ အထူး သတိထား စေလို ကြောင်း၊ အဖြူရောင် ဘက်တော်သား ဘလော့ဂါ သိုင်းသမားများမှာ အနယ်နယ်၊ အရပ်ရပ်သို့ ပြန့်ကြဲ နေကြကြောင်း၊ ထိုသစ္စာ ဘက် တော်သား ဘလော့ဂါ အများကို စုစည်းနိုင်လျှင် အလွန်အားကောင်းသည့် တော်လှန်ရေး အင်အားစု တစ်စု အဖြစ်သို့ မလွဲမသွေ ရောက် ရှိ လာလိမ့်မည် ဖြစ်ကြောင်း အစရှိသည့် မာလသွန် မှာတမ်းရှည်ကြီးကို မရပ်မနား၊ ပါးစပ်အား၊ စက်သေနတ်တပ် ပစ်သကဲ့ မိန့်မှာကြား လေသည် ..။
"အိမ်း"..... "ဒီမှာ ငါတပည့် စွန်းဝူပုညကျိရဲ့" ( စကားချပ်။ အံမယ်လေး ..ရှည်လိုက်တဲ့နာမည် .. ကျွန်ုပ်တို့ မြန်မာ လူမျိုး စာဖတ်သူများ မှတ်မိစေ ရန်အလို့ငှါ နောက်နောင် စာပိုဒ်များတွင် စွန်းဝူကျိဟူသော အမည်ကိုသာ သုံးစွဲသွားမည် ဖြစ်ပါသည်။ စာရေးသူ)
"အခု တို့တွေရဲ့ ဘလော့ဂါ သိုင်းလောကကြီးဟာ ခန့်မှန်းလို့ မရအောင် အခြေအနေ တွေ ရှုပ်ထွေး နေတယ်ကွဲ့ " " ဟိုတစ်လောက.. အော်ဇီကျွန်း သခင် စကြာရှင် ဒေါက်စိုး " ဆိုတဲ့ သိုင်းအကျော် အမော်ကြီးတောင် လက်နက်ပုန်းနှင့် ချောင်းမြောင်း ပစ်ခံရလို့ ဘလော့ တွင်း၊ ဘလော့ပြင် မထွက်ပဲ ၂ ပါတ်လောက် အနား ယူလိုက် ရတယ်လို့ သတင်းကြားရတယ် " ၊ "ဟုတ်တယ် ဆရာ ဒီသတင်းကို တ ပည့်ကြီးလည်း ကြားလိုက်ရတယ်။ အခုတော့ ပုံမှန်အခြေအနေ ပြန်ရောက် နေပြီလို့ သိရတယ် ရှိဖု " ......"ဒါပေါ့ကွယ် အတွင်းအား ကောင်းတဲ့ သိုင်း အကျော်အမော် တွေဆိုတော့ ခွန်အား အမြန် ပြည့်လာတာပေါ့ " .......။
ပြီးတော့....." ၁၀၀၁ ည ဘလော့ကြ " ဆိုတဲ့ သိုင်းဂိုဏ်း တစ်ခု ပေါ်ထွက်လာပြီး ခြေသွက်၊ လက်သွက် ရှိကြတယ် ဆိုပဲ ...." မှန်တယ် ရှိဖု " .."သူတို့ က ရန်ငါ မပြတ်လို့ သံဃာ အသတ်ခံရ...အဲ..အဲ ယောင်သွားလို့ ရန်သူလား ၊ မိတ်ဆွေလား " မကွဲပြား သေးလို့ စောင့် ကြည့် ရဦးမယ် ....။
" အင်း.. ဒီလို ဝါးအစည်း ပြေသလို ဖြစ်နေတဲ့ ဘလော့ဂါ သိုင်းအကျော် အမော် တွေကို စုစည်းနိုင်ဖို့ သိုင်းလောက ဥသျှောင် ဘလော့ ခေါင်းဆောင် တစ်ယောက် လိုတယ်ကွဲ့" .....
"သင့်မြတ်တဲ့ အကြံ အစည်ပဲ ရှိဖု " ......"
ဒါနဲ့ပဲ ဆရာတို့ ခွေးနိုင် သိုင်းဂိုဏ်းကြီးနှင့် ဘလော့ဂါ သိုင်းလောကထဲက သမာသမတ်ရှိ သိုင်းဂိုဏ်းကြီးတွေ ဖြစ်တဲ့ အမေကြီးကား နယ် က "ကဝေစေးထူးဂိုဏ်း "ရယ်၊ ဝေါ်မေ ဂိုဏ်းဝင် ဆရာလေးတွေတွေ ဖြစ်ကြတဲ့ "ဆရာမလေး မယ်ငြိမ်း" တို့၊ ဆရာမလေး "ကျင်မင်း ထော်" တို့၊ မြန်မာပြည်ကြီးကို လွမ်းဆွတ် တမ်းတနေတဲ့ "အလွမ်းသခင်မလေး ပြေ" တို့နဲ့ စည်းဝေး တိုင်ပင်ပြီး ဘလော့ဂါသိုင်းပြိုင်ပွဲ ကြီးတစ်ရပ် ကျင်းပ ပြုလုပ်ဖို့ စီစဉ်လိုက် ကြတယ်ကွဲ့။ ဒီသိုင်း ပြိုင်ပွဲကြီး က ပေါ်ထွက်လာမဲ့ လူစွမ်းကောင်းကို ပြိုင်စံရှား ဘလော့ဂါ သိုင်းသမား အဖြစ် တင်မြှောက်ကြပြီး ဘလော့ဂါ သိုင်းဥသျှောင်ဘွဲ့ ပေးအပ်ဖို့ ရှိတယ်။
"ငါတပည့် စွန်းဝူကျိ လုပ်ရမဲ့ တာဝန်က နေရာ ဒေသ အသီးသီးက ဘလော့ဂါ သိုင်းသမား တွေကို ပြိုင်စံရှား သိုင်းပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ် ပြိုင် ဖို့ ဖိတ်ခေါ်ဘို့ရယ် ၊ ဒီသိုင်း ပြိုင်ပွဲကြီးကို နှောက်ယှက် ဖျက်ဆီးလာမဲ့ ယူရှားနယ်က အနက်ရောင် ဘလော့ဂါ သိုင်းသမားတွေကို တားဆီးဖို့ ဘယ်သူတွေ ဘာလှုပ်ရှား နေကြတယ် ဆိုတာကို လျှို့ဝှက် စုံစမ်း စေချင်တယ်ကွယ် ..........။ "
ဟု ဆိုကာ ရီဝေလဲ့ပြာ သော မျက်ဝန်းများဖြင့် ဘယ်ဆီဘယ် ဝယ် မှန်း မသိနိုင် သော အရပ် ဆီသို့ လှမ်းမျှော် ကြည့်ရှုကာ ငေးမော စဉ်းစားနေလေတော့သည် ............။
အပိုင်း (၁) ပြီးပါပြီ ......။
အပိုင်း (၂) ကို ဆက်လက် စောင့်မျှော် အားပေးကြပါ .....။

5 comments:
သိုင်းသမားကြီး စွန်းဝူကျိ ရဲ့ စွမ်းဆောင် မှုများ ကိုဆက်လက် စောင့်မျှော် ဖတ်ရှုပါရစေ သိပ်တော့ မကြာစေနဲ့နော် အပိုင်း တခုနဲ့တခု ကို :P
Very good post. Looking forward to the Part 2.
" အော်ဇီကျွန်း သခင် စကြာရှင် ဒေါက်စိုး " ရောက်ရှိ ... အဝေးမှ အတွင်းအားဖြင့် စာထွင်း သွား ... :P
ကြိုက်တယ်ဗျာ.... အရေးအသားက လန်းတယ်။
သိုင်းဝတ္ထု မဖတ်ရတာကြာပြီ။
ရေးဗျာ.... အတွင်းအား သုံးပြီး ဖတ်ဖို့ အဆင်သင့်....
Looking forward to the part 2. :)
Post a Comment