Sunday, July 20, 2008

NCGUB သို့ တစ်စောင်းမဗျင်းတဲ့ ဒေါင်းကွင်း

အမတ်မင်းများ....NCGUB အနေနဲ့ ဒီအတိုင်းပဲ သွားရင်တော့ နောက်ထပ် အနှစ်နှစ်ဆယ်လည်း မသေချာဘူး ဆိုတာ ခင်ဗျားတို့ ကိုယ်တိုင်လဲ သိမှာပါ။ ဒီတော့ ယဉ်သူ့ အနေနဲ့ ဒီနေရာက အကြံပေး ချင်တာ တစ်ချို့ရှိပါတယ်။ NCGUB ရဲ့အတွေးအခေါ်နဲ့ လုပ်ကိုင်မှုတွေ အားလုံးကို ပြန်ဆန်းစစ် ပြင်ဆင်ဖို့ အရင်ဆုံး ပြောလိုပါတယ်။ အသေးဆုံးအနေနဲ့ အမတ်မင်းတို့ရဲ့ NCGUB.net ၀ဘ်ဆိုဒ်ကို ဗမာလိုလေးလည်း ရေးသား ဖော်ပြသင့်ပြီး နိုင်ငံတွေ ပတ်သက်တဲ့နေရာမှာ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ ရှိနေတဲ့ ဗမာ အင်အားစုတွေ အားလုံးနဲ့ မတွေ့နိုင်ရင်တောင်မှ အင်အား အတောင့်တင်းဆုံးနဲ့ စွမ်းဆောင်မှု၊ စွမ်းဆောင်နိုင်ရည် အရှိဆုံးအဖွဲ့ တစ်ခုခုကိုတော့ အဲဒီနိုင်ငံကို မသွားခင် ကြိုတင်ဆက်သွယ်ပြီး တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်သင့်ပါတယ်။

တစ်ချို့နိုင်ငံက အဖွဲ့တွေဆိုလည်း တတ်နိုင်သလောက်လေးသာ လုပ်နေကြရတာပါ။ သူတို့ တကယ် လိုအပ်နေတာ ဦးဆောင်မှု ကောင်းကောင်းပေးနိုင်မဲ့ သေသေချာချာ လုပ်မဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။ အဲလို အဖွဲ့အစည်းတွေက နေပြီးတော့ ဆွေးနွေးလာတဲ့ အ ကြောင်းအရာ တွေကိုလဲ ဦးဆောင်အဖွဲ့အစည်းတစ်ရပ်က လက်ခံ စဉ်းစားပေးရမှာပါပဲ။ ယဉ်သူ့အမြင်တွေကို ရိုးရိုးသားသား တင်ပြ နေခြင်းသာ ဖြစ်ပါတယ်။ ပြည်ပရောက် အဖွဲ့အစည်းပေါင်းစုံ၊ အသင်းအဖွဲ့ အားလုံးရဲ့ တူညီတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ အမတ်မင်းတို့၊ သမ္မတမင်းတို့ သိတော်မူ ကြတဲ့အတိုင်း နအဖစစ်တပ် အစိုးရကို ဖြုတ်ချပြီး တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားပြီး အား လုံး တန်းတူညီမျှတဲ့ လူ့အခွင့်အရေး ပြည့်ဝစွာ ရဖို့နဲ့ တိုင်းရင်းသား ပြည်သူအားလုံးက ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ် ပေါ် ထွန်းလာရေးပါပဲ။ ဒီအတွက် အားလုံးမှာ တာဝန်ရှိသလိုပဲ အဓိက တာဝန်ရှိပြီး ဦးဆောင်မှု ပေးရမဲ့ အခန်းကဏ္ဍက NCGUB ရဲ့ကဏ္ဍပါပဲ။ ဒီတော့ NCGUB အနေနဲ့ တိုင်းပြည် အပေါ်မှာ တကယ် မှန်မှန်ကန်ကန် ဦးဆောင် နိုင်ဖို့အတွက် အစစအရာရာမှာ အသေးစိပ်နိုင်ဖို့ လိုအပ် ပါတယ်။

စည်းလုံး ညီညွတ်မှု မရနိုင်လို့ မလုပ်ဆောင် နိုင်ဘူးဆိုရင်တောင် ပူးပေါင်း ဆောင်ရွက် နိုင်ဖို့အတွက် အမတ်မင်းတို့တွေ ကြိုးပမ်းသင့်ပါတယ်။ ပြည်ပမှာ ရှိနေတဲ့ အဖွဲ့အစည်း အားလုံးဟာ တကယ်တန်းကျရင် ဘယ်လောက်ပဲ ကွဲပြား နေနေပါ.. မှန်မှန်ကန်ကန် လုပ် ဆောင်တဲ့ အဖွဲ့အစည်းကို ထောက်ခံမှု အပြည့် ရှိနေမှာပါပဲ...။ ဒါဟာ နောက်ဆုံး နာဂစ်မုန်တိုင်းမှာ တွေ့ခဲ့ရတဲ့ လက်တွေ့ကျတဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။ ဒီတော့ ခင်ဗျားတို့ လှုပ်ရှားမှုတွေ၊ ညံ့ဖျင်းတဲ့ အစီအစဉ်တွေကို ပြန်လည် မပြင်ဆင်နိုင်ရင် ခေါင်းဆောင်နေရာကို NCGUB အနေနဲ့ သင့်တော်မဲ့ လူတွေ၊ မျိုးဆက်သစ် ပညာရှင်တွေကို လက်ဆင့်ကမ်း ဖြန့်ဝေပြီး အကြံဥာဏ်တွေပဲ ပေးနေစေချင်ပါတယ်။ (နိုင်ငံအတွက် တကယ်မှန်ကန်ရင်) သင်တို့ တိုင်းပြည် ကို တကယ်ချစ်ပါသလား ?

တစ်ဆက်ထဲမှာပဲ တတိယနိုင်ငံကို ရောက်ရှိနေတဲ့ ဗမာပြည်သွေးပါတဲ့ ဒုက္ခသည် အပေါင်းနဲ့တကွ ကျန်တဲ့အလွှာ အသီးသီးမှ ပုဂ္ဂိုလ်များ အနေနဲ့လည်း အဓိကအရေး အကြီးဆုံး တော်လှန်ရေး ရဲ့ ပင်မ အခြေခံဖြစ်တဲ့ ငွေကြေးကို တို့တစ်တွေ ဘာမှ 4...4 တွေ၊ တော်ကီတွေ ပစ်မနေပဲနဲ့ စံနှုန်းတစ်ခု သတ်မှတ်ပြီး သီရိလင်္ကာနိုင်ငံက တမီလ်ကျား သူပုန်တွေလို နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်နဲ့ ရောက်တဲ့ အရပ်မှာ နိုင်ငံအတွက် ဘယ်လောက်ဆိုတဲ့ သတ်မှတ်ချက် တစ်ခုနဲ့ တော်လှန်ရေးကို ပိုပြီး အားကောင်းခိုင်မာအောင် ထည့်တော်မူကြပါလို့ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ်။ ဒီအပေါ်မှာလည်း သက်ဆိုင်ရာ လူကြီးမင်းတွေ အနေနဲ့ ဟိုဒင်းဟိုဟာလို မလုပ်ပဲနဲ့ မှန်မှန်ကန်ကန် လုပ် ဆောင်တော်မူပေးကြပါ။

ပြည်တွင်းမှာက သေတဲ့သူတွေက သေနေပါပြီ။ ခင်ဗျားတို့တွေ သံရုံးရှေ့ အော်ချက်တွေ၊ စတိတ်မန့်တွေ ထုတ်လာတာလည်း အနှစ်နှစ် ဆယ်ရှိပါပြီ။ အခုထိလည်း ရေရာသေချာမှု မတွေ့ရသေးပါ။ ဥရောပမှာ လုပ်တဲ့ ဖိုရမ်တွေမှာဆိုရင်လည်း အားလုံးက ဟိုဒင်းဟိုဟာလို ဆရာကြီး အထာတွေနဲ့ပဲ ပြောဆိုသွားကြပြီး နောက်ဆုံးတော့လည်း ဘာမှ ဖြစ်မြောက်မှုတွေ မရှိပါ။ ဒီတော့ ခင်ဗျားတို့ ဒီမိုအမည်ခံ နအဖတစ်ပိုင်း အထာတွေ ဖြစ်နေပါသလားဆိုတာ မိမိကိုယ်မိမိ ဆင်ခြင်ကြပါ။ တစ်လျှောက်လုံး နအဖရဲ့ တစ်လောကလုံး သိတဲ့ သောက်ပြစ်တွေပဲ ရှာနေပြီး မိမိတို့ ကိုယ်စီရဲ့ အားနည်းချက်တွေကတော့ ပုဂ္ဂိုလ်ရေးတွေ ရှေ့တန်းတင်ပြီး ဘာမှ ထောက်ပြ ဝေဖန်တာတွေ မရှိခဲ့ပါဘူး။ အဆိုးဆုံးကတော့ ခင်ဗျားတို့ အဖွဲ့အစည်း အသီးသီး ပြည်တွင်းက လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း ဟိုတစ်ချိန်တုန်းကလို ပူးပေါင်း ဆောင်ရွက်မှုတွေ မလုပ်ပဲ၊ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးအရေးကို မကြည့်ပဲ မိမိတို့ ကိုယ်ကျိုး စီးပွားအရေးကိုသာ ကြည့်ကြမယ်ဆိုရင်တော့ (အားလုံးကို မဆိုလိုပါ) စိတ်ချဗျို့ ...ငသန်းရွှေ ပန်းပန်လျှက်ပါပဲ..။ ခင်ဗျားတို့ အားလုံးကို ဆောရီးပဲလို့ ပြောရုံမက ကမ္ဘာ့ ခေါင်းဆောင်တွေ အားလုံးကိုပါ ဆောရီးပဲလို့ ပြောသွားမှာ အသေအချာပါပဲ.......လူကြီးလူကောင်းအပေါင်းတို့ရေ.....။

ယဉ်သူ

2 comments:

Unknown said...

what a well said, bravo mate!!

military junta = demo-crap
one is destroying the country and the other is taking advantages of it.

neither is good for us, go to hell!

Unknown said...

there will be no mercy for you bunch when the time has come!