Monday, August 4, 2008

ဂူဂယ်တောင်တန်း၊ ဘလော့ဂါ သိုင်းအကျော်အမော်များ နှင့် ပြိုင်စံရှား သိုင်းပြိုင်ပွဲကြီး အပိုင်း(၂)

ဘလော့ဂါ သိုင်းလောက အပိုင်း ၂ ကို နောက်ကျပြီးမှ ရေးနိုင်တာကို ခွင့်လွှတ်ဘို့ ပထမဆုံး တောင်းပန် ချင်ပါတယ် ခင်ဗျာ၊ ထုံးစံအတိုင်း ဘလော့ဂါ အကျော်အမော်တွေ အကြောင်းပြ သလို မအားလပ် ပါသောကြောင့်ပေါ့ဗျာ။ ခုများတော့လည်း မရေးရင် နေလို့ မရအောင် ဒေါင်းကွင်းက ဆရာသခင်တွေက တစ်ပူပူ တစ်ဆူဆူနဲ့ လင်ဆုံးကာစ မုဆိုးမအိမ်ကို ကြွေး တောင်းသလို တောင်းတာကြောင့် (ဟတ်ဟတ်..နောက်တာနော်.. အကိုတို့) အဖြူရောင် ဘလော့ဂါ သိုင်းလုလင် စစ်စစ် ကျနော်မျိုး စွန်းဝူပုညကျိရဲ့ ဘလော့ဂါ သိုင်းလောက အပိုင်း ၂ ကို ထုတ်ဖော် တင်ဆက် လိုက်ရပါတယ် ခင်ဗျာ.....ဒန်..တန်..တန်..

ကျွန်ုပ်သည် ဆရာသခင် မိန့်မှာချက်များကို နားထောင် ပြီးသည်နှင့် တပြိုင်နက် ဘလော့ဂါ သိုင်းပြိုင်ပွဲကြီးကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဖိတ် ကြားရန်နှင့် အထူးလျှို့ဝှက်တော် မူကြကုန်သော ထိပ်သီး သိုင်းဘလော့ ဂိုဏ်းကြီး များနှင့် ယူရှား ပြည်နယ်မှ အနက်ရောင် ဘလော့ဂါ သိုင်းသမားများ၏ လှုပ်ရှားမှုများကို စုံစမ်းရန် အတွက် ကျွန်ုပ်၏ ခြေ၊ လက်၊ နဖူးနှင့်ဒူး တို့ကို ဂူဂယ်ဟု အမည်တွင်သော အရပ်ရှိ ဘ လော့ဂါ လွင်ပြင်ကျယ်ဆီသို့ ဦး လှည့် လိုက်တော့ လေ၏........။

ပထမ ဆုံးရောက် သည့် နေရာက သိုးဆောင်း ဘာသာဗေဒဖြင့် အမဲရိကဟု ဆိုသော အရပ်ရှိ တစ်ကိုယ်တော် သိုင်းသမားကြီး "ကဝေ စေးထူး" ကျင်လည် ကျက်စားရာ ဒေသပင် ဖြစ်တော့ သည်.....။

"ဖလပ်"...."ဖလပ်"..

"ဖလပ်" ...ကိုယ်ဖော့ ပညာ အသုံးပြု၍ ပြေးလွှားလာသော ကျွန်ပ်၏ ဝတ်ရုံများကို လေတိုး၍ ထွက်ပေါ်လာ သော အသံများ ရပ်တန့်သွား အောင် အမှောင်ရိပ်ထဲတွင် ခတ္တမျှ ငြိမ်သက် လိုက်ပြီးနောက် ....အုတ်တံတိုင်း အတွင်းရှိ အဆေက်အဦး တစ်ခု၏ အမိုးစွန်းပေါ်သို့ လွှားကနဲ ခုန်တက်လိုက်ကာ၊ ပြားကနဲ နေအောင် ဝပ်ချ လိုက်သည်...။ ကျွန်ုပ်၏ လှုပ်ရှားမှုများ အညင်သာနိုင်ဆုံး ဖြစ်မှ တော်ကာ ကျလိမ့်မည်...။

"ကဝေစေးထူး" ဆိုသည်ကား ဘလော့ဂါ သိုင်းလောက အတွင်းတွင် အဆင့်လွန် သိုင်းသမား ကြီးမဟုတ် လော.....။ ထို့နောက် အမိုး အုတ်ကြွပ်ပြား တစ်ချပ်ကို အသံမထွက်အောင် ခွာကာ အတွင်းခန်း အတွင်းသို့ အတွင်းကျကျ ငုံ့ကြ့ည်လိုက်ကာ....အဏုမြူတို့ဖြင့် စီရင် ဖန်တီးအပ်သော မီးရောင်များ အလယ်တွင် တင် ပလ္လင်ခွေ ထိုင်လျှက် အတွင်းအား လေ့ကျင့် နေသော တစ်ကိုယ်တော် သိုင်းသမားကြီး ထံသို့ သိုင်းပြိုင်ပွဲ ဖိတ်စာ ပရပိုက်ကို လက်မနှင့် လက်ညှိုးကြား ညှပ်ပြီး မေးလ်ဒေါ့ဂူဂယ် ဒေါ့ကွန် အတွင်း အား အသုံးပြုကာ ပစ်လွှတ် လိုက်လေသည်.....။

“ဝှစ်....ဝှစ်....ဝှစ်” လျှင်လိုက်သည့် ဖြစ်ခြင်း၊ လက်ကို မည်ကဲသို့ လှုပ်ရှားလိုက် မှန်းပင် မသိလိုက်ရ...။ အဆင့် လွန် သိုင်းသမားကြီး ပီသ ပါပေ့။ ကျွန်ပ် ပစ်လွှတ်လိုက်သော စာပုရပိုဒ်ကို ဗိုင်ရာဂရာ ကြော်ငြာ များကဲ့သို့ စ ပမ်းမေးလ် အဖြစ် တမဟုတ်ချင်း ပြောင်းလဲလိုက် ပြီး လျှင် အမိုးပေါ် မော့ကြည့်လျှက်... " အကျွန်ပ် ဒါမျိုးတွေ စိတ်မဝင်စား ဘူး အမောင် ပုညကျိ " ဟု တစ်ခွန်းချင်း ပြောလိုက် လေသည်။ ကျွန်ပ်လည်း ကိုယ်ချောင်းနေ သော အတွဲမှ ကိုယ့်ကို ထဆဲခြင်း ခံလိုက်ရသူကဲ့သို့ ရုတ်တရက် လန့်ဖျန့်သွားပြီး အမှောင်ရိပ်ထဲသို့ နောက် ဂျွမ်း ထိုးချကာ ..." မဝင်စားလည်း နေဗျာ...ကျနော့် တာဝန်ကုန်ပြီ"ဟု ပြောဆိုပြီး ပြေးထွက် လာခဲ့တော့ လေသည်......။

ကျွန်ပ်သည် နောက်မှ မည်သည့် တစ်စုံ တစ်ရာမှ လိုက်လာသည်ကို မတွေ့ရတော့လျှင် ..ပြေးနှုန်းကို လျှော့ချ လိုက်ကာ လမ်းဘေးမှ ကိုကာ နှင့် ကိုလာ ညီအကိုနှစ်ဦး တီထွင် ရောင်းချသည့် အအေး ရောင်းစက်မှ အအေး ဗူးကို နောင်ခါပေး တွေ့တိုင်းတောင်း အကြွေး ကတ်ဖြင့် ဝယ်ယူပြီး သကာလ (မှတ်ချက် ။ စွန်းဝူပုညကျိ တို့ ခေတ်မှ အကြွေးဝယ် ကဒ်စနစ်ဖြင့် ရောင်းဝယ် ဖောက်ကား လိုသော ဆိုင် ပိုင်ရှင်များ အမြန် ဆက်သွယ်ကြ ပါကုန်၊ ဆိုင်ပြုတ်သည်အထိ ကူညီပေးနိုင်ပါသည် ။ စာရေးသူ။) အမောပြေ အအေးစုပ်ကာ တကိုယ်တည်း စဉ်းစား အတွေး နယ်ချဲ့ မိလေသည်

" အင်း "... "စစချင်း ဆောက်နဲ့ထွင်း ဆိုသလိုပဲ ဈေးဦးတော့လန်ပြီ ".........။

"မတတ်နိုင်ဘူး " အမဲရိကမှာ အမဲဖမ်းလို့ မရရင် "ယူရှား ဘက်သွားမှ၊ အဲ့ဒီဘက်မှာ နွားတွေရှိတယ်" လို့တော့ သတင်း သဲ့သဲ့ ကြားရတာ ပဲ...."အို .. ကြာတယ်ကွာ၊ အခုပဲ သွားမယ် "ဟု ဆုံးဖြတ်ကာ အမဲရောင်နွားများ ကျက်စားရာ ယူရှား ပြည်နယ်ဆီသို့ ပြေးထွက်လာခဲ့ တော့လေသည်.....။

တွေ့ပါပြီဗျာ၊ ယူရှားနယ်ထဲကို ခြေချမိလိုက်ရုံ ရှိသေးတယ်။ မြို့စွန် သုဿန် အစပ်က ဇရပ် တစ်ဆောင် လို ခမ်းနားကြီးကျယ်လှတဲ့ သိုင်းဂိုဏ်း ကြီးတစ်ခု၊ အဝင်ဝ နဖူးစည်းမှာ တင်ရေးထားသော "အဘောရှင်း အိုင်း" ဟူသော ဆိုင်းဘုတ် အောက်မှ အောက်ပါ ဆောင် ပုဒ်များ ကို ဖတ်ရှုမှတ်သား မိလိုက်ရသည် ....။ "ဒီဘွတ် လောက်ကြီးမှ ဖော်ပြထားသော ပွတ်များကို သီးသန့် ဆွေးနွေး ခဲနှင့် ထုလိုသူ များ အနေ ဖြင့် အဘောရှင်း အိုင်း @ ဂျီပုန်းမေးလ်ဒေါ့ကွန် သို့မဟုတ် ကိုယ်ဝန်ပျက် မျက်လုံး ၁ @ ချီးမေးလ်ဒေါ့ကွန်သို့ ဆက်သွယ် နိုင်ပါ တယ်။ တစ်ယောက် မ ဟုတ် တစ်ယောက် ချိပါလိမ့်မယ်" ဟု ရေးသားထားသည်ကို မျက်ဝါးထင်ထင် တွေ့ရှိ လိုက်ရလေသည်..။

ခင်းကျင်းပြထားတဲ သိုင်းကွက်တွေကိုလည်း ကြည့်လိုကဦး....အရူးချီးပန်း၊ တောင်စဉ်ရေမရ၊ ဘောမ ချွေးသုတ် အစရှိသဖြင့် စုံလင် လွန်းလှသည်။ အာယူ ဆိုတဲ့ ဆရာလေးကတော့ လေမျိုးရှစ်ဆယ် သိုင်းကွက် တွေကို အ ထူးကျွမ်းကျင် သည့်ပုံပင်။ .. အဲ..ဘာတဲ့..သူရဲ့ နောက်ဆုံး ထုတ်လွှင့်ခဲ့သည့် သိုင်းစတန့် နာမည်က ..

"ဒမြလုပ်တာကို မဝေဖန်သင့်ပါတဲ့"

"မြတ်စွာဘုရား ကယ်တော်မူပါ" ကျွန်ပ် ကြက်သီးတွေ တဖြန်းဖြန်း ထလာရတော့ သည်။ လူကောင်းတွေ မှတ် လို့ လာဖိတ်မိပါတယ်။

"သူတို့ကပဲ ဒမြလုပ်တာလား" ၊ " ဒမြတွေကပဲ သူတို့ကို လုပ်သွားတာလားတော့ မသိရ" .."ထားလိုက်ပါတော့ လေ.. ။ သူပြောသလို မ ဝေဖန်တာပဲ ကောင်းပါတယ်" ..ဘာပဲဖြစ်ဖြစ် ကိုယ့်တာဝန် အရတော့ ဖိတ်လိုက်ဦး မှ၊ ....သိုင်းသမား ဆိုတော့ သိုင်းကွက်နဲ့ ဖိတ်လိုက် တာပဲကောင်းပါတယ် .."ကဲ..လာလေရော"..

"ဘုရင့်နောင်...ပုလင်းထောင်"
"ရေထဲကျ.....ငါးပြေမ"
"ကျန်စစ်သား" "လှံပစ်သမား"
"ဝှီးဒုတ်".... (".......")

ဖတ်..ဖလပ်...ဖတ်..၊ လျှင်လိုက်သည့် ဖြစ်ခြင်း မည်ကဲသို့ လုပ်လိုက်သည်ကို မသိရ။ ဇရပ်ပိုင်ရှင် ဘိုစွေစောင်း (ယူရှားပြည် အနက် ရောင် သိုင်းလောက အုရှောင်။ မှတ်ချက် 'ဥသျှောင်' ဟု ဖတ်ပါရန်) `ရုတ်တရက် ပေါ်လာ ကာ ကျွန်ုပ် ပစ်လွှတ်လိုက်သည့် အရာကို မိမိရရ ဖမ်းဆုတ်ကာ အသေအချာ ဖြန့်ကြည့်၍ ပါးစပ်ထဲ ထိုးထည့် ကာ အလျှင်အမြန် ဝါးစားလိုက်လေသည်..။ ထို့နောက် ကျွန်ုပ်ဘက် သို့ လှည့်ကာ ဗိုလ်အောင်ဒင် ဇာတ်ကားမှ ခင်မောင်ရင် စတိုင်မျိုးဖြင့် ...."ဟင်းဟင်း" ....ဒီမယ် "ကိုပုည ယူရှားပြည် သိုင်းလောကမှာ ဘိုလုပ်ချင်တဲ့ သူ ဟာ ဒီလို အလျှင်အမြန် ဝါးစားတတ်ရတယ် " ဟု ပါးစပ်ကြီး ပလုပ်ပလောင်း ဖြင့် ပြောလေသည် ။

"ကဲ ခင်ဗျားဘာသာ ကြိုက်သလိုသာ စားဗျာ"..ကျုပ်က ဖိတ်လို့ ပြီးပြီ .. ဂိုးပြီ ဟု ပြောကာ နောက်လှည့် ထွက်ဖို့ ကြိုးစားရတော့သည်..။ မတော် ကိုယ့်ဟာတွေ ဖြုတ်စားနေလျှင် ခက်မည်။...ကိုယ့်ဆီမှာကလည်း ဒီငှက်ပျောသီး လေးပဲ ပါလာတာ မဟုတ်လား ။

"ဟား..ဟား " ကိုပုည..ခင်ဗျားတို့ သိုင်းပြိုင်ပွဲကို မလာဘူးဗျ..မြဲမြဲမှတ်ထား..ကျုပ်တို့က အလင်းရောင်ထဲ ဘယ်တော့မှ မထွက်ဘူး ...ဆီဗုံးတွေထဲ မှာပဲ အဆိပ် လိုက်ခတ်မယ် .... " ဟု လိပ်ခေါင်း ညှစ်သံဖြင့် အော်ပြောကာ ပြေးထွက် သွားတော့သည်....။

ဧကံသဗျာကရဏ ...(အော်..မှားလို့ ဟိုဆရာကြီးရဲ့ ဂိုဏ်းနဲ့တောင် မှားသွားတယ်..ဟတ်ဟတ် ) ဧကန္တ ..ဒီအနက်ရောင် သိုင်းသမား တွေလာမပြိုင်ရဲတာ ...
သေတတ်တယ် နေနတ်နွယ် ဆိုတဲ့ သိုင်းသမားကြီးကြောင့် ဖြစ်ရမယ်...ဟု တစ်ယောက်ထဲ တွေးကာ ကောက်ချက် ချမိလေတော့သည် ။

အနှီ နေနတ်နွယ် ဆိုသည့် သိုင်းသမားကြီး နေသည့် သိုင်းစံအိမ်တော်ကိုလည်း ကြည့်လိုက်ဦး.. နဖူးစည်းတွင် သိုင်းသမားကြီးသည် ဂျိမ်းစ်ဘွန်းအသွင် ဝတ်စား ဆင်ယင်ထားကာ ပစ္စတို တစ်လက်ဖြင့် ချိန်၍ ... န.အ.ဖ ဘက်က ကောင်တွေကို ဆော်မယ် ဟူသော ဂါထာတော်ကြီးကို ရေရွတ် နေသည့်ပုံဖြင့် ဖူးဆိုက်ဒ် ဓါတ်ပုံကြီးကို ဗနိုင်းစ တို့ဖြင့် ပြုလုပ်ကာ ချိတ်ဆွဲထား ရှိလေသည် ...။

အင်း.. ဒါကြောင့်လည်း .. ယူရှားပြည်နယ်က သိုင်းသမားတွေ ဖိန့်ဖိန့်တုန် ကြောက်ရရှာတာပဲ ..။ ၎င်း သိုင်းသမားကြီး၏ စံအိမ်တော် ရှေ့တွင် ရပ်ကာ စဉ်စားမိလေသည်။ ထိုအခိုက်...

"ဟိတ် .. အိမ်ရှေ့က ဘဒူလဲကွ..၊ ဟေ.. န.အ.ဖက ကောင်လား ..မိုက်လို့ ကြည့်နေတာလား"

ဟု ကြိမ်းမောင်းသံနှင့်အတူ လမ်းတစ်ခု လုံးပြည့်မတတ် ယိုင်တိ ယိုင်ထိုးဖြင့် သိုင်းသမားကြီး လျှောက်လှမ်း လာနေသည်ကို တွေ့လိုက် ရလေသည်။

မဖြစ်ချေဘူး..။ သူ့လက်ထဲမလဲ သေနတ်ကြီးနဲ့ လူကလည်း လူမှန်းမသိအောင် မူးနေတာ ချော့ပြောလေး ပြောထားမှဟု အလျှင်အမြန် စဉ်းစား၍ မျက်နှာကို အစွမ်းကုန် ပြင်ဆင်ပြီး ငါးစင်ရိုင်းပြုံးလေး ပြုံးထားလိုက် ကာ ..

" ဟတ်ဟတ်..နောင်ကြီး...သိုင်းချရာကြီး နေနတ်နွယ် ဆိုတာ.. နောင်ကြီးလား ခင်ဗျာ.... " ဟု အမျိုးသမီး လစဉ်သုံး ပစ္စည်း ကြော်ငြာ သူ မော်ဒယ်လ် မင်းသမီးလေးကဲ့သို့ ညင်သာစွာ မေးလိုက်လေလျှင်...

"ဘာကွ" .. သူကလည်း စူပါမင်းသားကြီးလေသံ ကဲ့သို့ ပြန်ဖြေလေ၏။

"ဟိုဟာလေ.. နောင်ကြီးရဲ့ အနော်တို့ကလေ".. "သိုင်း ပြိုင်ပွဲ..လေးလုပ်မလို့ပါဂျ".. "အဲဒါလေ.. နောင်ကြီးလဲ စိတ်ဝင်စားရင် ပါလို့ရ တယ်လို့ ပြောမလို့" ...

ကျွန်ုပ်စကားဆုံးလျှင် ဆုံးခြင်း သိုင်းသမားကြီးက ကျယ်လောင် ပြင်းထန်စွာ ရယ်မောလေ၏ ....။

"ဝါး.. ဟား .. ဟား....ဟား"... ဒီမှာကြည့်ဟုပြောကာ သူပါးစပ်ကြီးအား အစွမ်းကုန်ပြီး ကျွန်ုပ်မျက်နှာ တည့် တည့်သို့ လေပူများ ဟူး က နဲနေအောင် မှုတ်ထုတ်လိုက်၍ ...

" ဒီမှာဗျ..ကျုပ်က သောက်တယ် ဆိုပေမဲ့ မောနင်းပက်လေးပဲ ဆွဲတာ....ဒီမှာထပ်ကြည့်" ... သူ့သေနတ်ကြီးကို ထပ်ထိုးပြပြန်၏။

"ကျုပ်သေနတ်ကလေ..ကျည်ဆံရှိဝူးဗျ..အစ် အစ်..အစ်" ဟု အလွန်တရာမှ ထူးဆန်းသော ရယ်မောခြင်းဖြင့် ရယ်မောပြန်လေ၏..။

" ဒီသေနတ်ကို န.အ.ဖ ဘက်ကကောင်တွေသာ ကြောက်နေကြတာ".."ဟတ်ဟတ်.. တကယ်တမ်း သိုင်းပြိုင်ပွဲ မှာ ချရင် ကျုပ်နာမှာပေါ့ ဗျ... ပြိုင်ဘူး"...ဟု ခါးသည်းစွာ ငြင်းဆန်လိုက်လေတော့သည်....။

ကျွန်ုပ်လည်း စိတ်ဓါတ်ကျလှစွာ ခေါင်းငုံ့လမ်းလျှောက်လာရင်း ဦးခေါင်းကို တဗျင်းဗျင်း ကုတ်နေမိတော့သည်။

"တောက်.. သိုင်းပြိုင်ပွဲ လိုက်ဖိတ်ပါတယ် ..၊ တစ်ယောက်မှ မပြိုင်ကြဘူး...။ ဘယ့်နှယ့်လုပ်ရပါ့ .. "

အကြံအိုက်နေ သောကျွန်ုပ်သည် ရုတ်တရက် လှမ်းမြင်လိုက်ရသော ကွမ်းယာဆိုင်ကြောင့် နာဂစ်ရန်ပုံငွေ ဒေါ် လာသန်းချီ ရလိုက်သော စစ်အစိုးရကဲ့သို့ ဝမ်းသာသွားလေသည်။ ဘာဖြစ်ရမလဲ ..စဉ်းစားကြည့်လေ... ကွမ်း ယာ ရောင်းနေသူ၏ အမည်မှာ အီစွတ်မဟုတ်လော...အီစွတ်ဆိုလျှင်..ဘာဖြစ်လဲ..။ ကမ္ဘာကြော် ပသီပုံပြင်လေ ရှည်လျား ထွေပြား လွန်းသောကြောင့် တစ်ထောင့်တစ်ည တိတိပြောရသည်ဟု နာမည်ကြီးနေသည့် ပသီ ပုံ ပြင်..။ ထိုနည်းတူ.. အခုတလော သိုင်းလောကမှာ လက်ရဲဇက်ရဲ နိုင်လှသည်ဟု နာမည်ကြီးနေသော သိုင်း ဂိုဏ်းကြီး ..၊ အမည်မှာ
"၁၀၀၁ ညဘလော့ကြ" မဟုတ်လော..၊ ဟုတ်ပြီ .. ဒီဆရာတွေကို သွားပင့်ရမယ်ဟု စဉ်းစားကာ ..စိတ်လက် ပေါ့ပါးစွာဖြင့် လေကလေး ချွန်ကာ ထွက်လာခဲ့လေသည်...... ။

ရောက်ပြီ.. ၁၀၀၁ ည သိုင်းသမားများ စံမြန်းနေထိုင်ရာ လှိုင်ဂူဝသို့ရောက်လျှင် အဘောက်မီဟု ခေါ်သော ကြေးဝါ ဆိုင်းဘုတ်ကြီးဖြင့် ထင်ရှားစွာ ကမ္ဘည်းထိုးထားသော ဆရာသမားများ အကြောင်းကို အားကျ ဂုဏ်ယူ စိတ်ဖြင့် ငေးမောကြည့်မိလေသည် ....။ ကြည့်ပါ၊ ဆ ရာသမားများ ရေးထားသည်က .. "ကျွန်ုပ်တို့သည် အ တက်နှင့် လူကို လုပ်ကြခြင်း မဟုတ်ပါ၊ အရှက်နဲသော လူတို့ကို လုပ်ကြခြင်း ဖြစ် သောကြောင့် မျက်နှာမဲ့ သိုင်း သမားများ ဖြစ်ကြသည့် အလျှောက် ထွက်သက်၊ ဝင်သက်များ ရှိကြပါသည် " ဟူသတတ်.. ။ ကဲ ဘယ်လောက် အားကျဖို့ကောင်းလဲ၊ လျှို့ဝှက်သိုင်းသမား ဆိုသည်မှာ ဤသို့ပင်ဖြစ်ရမည် မဟုတ်လော...... ။

အတန်ကြာ ငေးမောကြည့်နေရင်း ကျွန်ုပ်သည် လာရင်းကိစ္စကို သတိရမိသည့်အလျှောက်..."ဗျို့ ဆရာတို့ သိုင်းပြိုင်ပွဲ လာဖိတ်တာဗျို့" ဟု ဘုန်းကြီးကျောင်းသား လေသံကဲ့သို့ ဗျို့ဟစ်လိုက်လေလျှင်... အထဲမှနေ၍ အလွန်တရာမှ အတွင်းအား ကောင်းလှသော အက်ကိုး သံဖြင့် ..

" ကန်... .>>> ..တော့...>>>...ပါ...>>> ..သေးရဲ့ဗျာ>>>.. ဟာ.. ဟာ.. ဟာ... လူကြီးတွေ မရှိလို့ " ဆိုသော အသံကြီး ဟိန်းကနဲ ထွက်လာသောကြောင့် ကျွန်ပ်ရုတ်တရက် လန့်ဖျန့်သွားလေ၏။ ပြီးမှ အဟမ်းဟု ချောင်းသံပေးကာ.." ကျနော် ..အလှူခံ မဟုတ်ရပါ ဘူးဗျာ..၊ သိုင်းစေတမာန်ပါ.. ဆရာတို့ကို သိုင်းပြိုင်ပွဲ လာ ဖိတ်တာပါ" ဟု ရှင်းပြရလေသည် ...။

ထိုအခါကျမှ ..."ငတို့သိပေသည် အမောင် စွန်းဝူပုညငယ်" ...."သိပေသောညား ငတို့မှာကား သူခိုးဖမ်းသော အလုပ်ကို အလွန်တရာ အပတ်တကုတ် ကြိုးပမ်းနေသောကြောင့် ဤပြိုင်ပွဲကြီးသို့ ဝင်မပြိုင်လိုလှပေ...။ အခြား သိုင်းဂိုဏ်းတွေသို့ အမောင်လှည့်လည် အသိပေး လေပေတော့" ဟု တုံးတိတိ ပြောကာ ဂူတံခါး .. ဂျိမ်းကနဲ ပိတ်လိုက်လေတော့သည်....။


ကျွန်ုပ်သည် ထိုမှ ဤမှ လှည့်လည်၏။ မိုးချုပ်မှသည် နေဝင်သည်အထိ လိုက်လံ ဖိတ်ကြားလေ၏။ သို့သော် ဂူဂယ်တောင်တန်းမှ ဘ လော့ဂါ အကျော်အမော်များသည် .. ကျွန်ုပ်အား ဖုတ်လေသည့် ငပိရှိသည်ဟုပင် မ ထင်မှတ်ကြပေ။ အကျွန်ုပ် ပြောသည့် စကားများမှာ လည်း ဓါတ်တိုင်ကို ခွေးရှူးပန်းသကဲ့သို့ .. လေအလာတွင် တဖြည်းဖြည်း ခြောက်သွေ့ကာ ပျောက်ကွယ် သွားလေတော့သည်.....။ ရက်မှလ၊ လမှနှစ်သို့ ကူးပြောင်းလာ သည့်တိုင် ပြိုင်ပွဲ ဝင်သူ တစ်ဦးမှ မရရှိတော့ချေ.....။ ( မှတ်ချက်။ ။ စွန်းဝူပုညကျိ၏ လမ်းခရီး တလျှောက် စွန့် စားခန်းများမှာ အလွန်တရာမှပင် ထူးဆန်း အံဩဖွယ် ကောင်းလှ၏ ၊ ၎င်း၏ သတ္တိ၊ ဇွဲ၊လုံ့လနှင့် စွန့်လွှတ် အနစ် နာခံမှု များ ကို နှောင်းလူတို့ အတုယူ အားကျစေခြင်း အလို့ငှါ နောက်ပိုင်းတွင် သပ်သပ် ထပ်မံ ရေးသားတင် ဆက် ပါဦးမည်။ ယခုမူကား ကျွန်ုပ်လည်း လက်ညောင်းလှပြီ ဖြစ်သည် .. ဟိဟိ ..။ စာရေးသူ )

လေရိုင်းများက တသုန်သုန် တိုက်ခိုက် နေလေ၏။ .. မြင့်မားလှသော ဂူဂယ်တောင်တန်းကြီး တစ်နေရာ၏ .. ဒေါင်းကွင်း ဆိုသော..တောင်ကုန်းကလေး ထိပ်တွင် အဘိုးအိုတစ်ဦး မားမားမတ်မတ် ရပ်နေလေသည်။ လေ အလာတွင် တဖျတ်ဖျတ် လူးလွန့်နေသော တံခွန်၊ အလံများနှင့်တကွ အထူးခမ်းနားစွာ ပြင်ဆင်ထားသော သိုင်း ခမ်းမကျယ်ကြီး အလည်၌ကား ဒူးတုပ်ထိုင်နေသူ တစ်ဦး...၊ ထိုသူက အဖိုး အိုအား တီးတိုးညင်သာစွာ ပြောဆို နေလေသည်..။

"ဒါပါပဲ ရှိဖု..၊ ဆရာသခင်ရှည် ပြောတဲ့အတိုင်း တပည့်လည်း သိုင်းလောကအနှံ့ လှည့်လည် စုံစမ်းပြီး ဖိတ် ကြားခဲ့တာပါပဲ .. "။ သို့သော်လည်း ဘလော့ဂါ သိုင်းအကျော်အမော် တော်တော်များများက တပည့်ကို ပွဲဆူ အောင်ဖွမဲ့ ပြဿနာကောင်လို့ မြင်နေကြတယ် ခင်ဗျ..၊ ပြီးတော့ ဒီသိုင်းပြိုင်ပွဲကြီးက အင်ထုထားတာကြီးတဲ့၊ ကျနော်တို့ ဆရာတပည့်တွေ ပေါင်းပြီးတော့ ပရော့ဂျက် ရအောင် လုပ်ကြ တာတဲ့ခင်ဗျ ... '

" ...အိမ်း.. ဒီလိုမျိုး ပြောလာမှာကို ဆရာ သိပြီးသားပါကွယ် ...၊ ဒါနဲ့ ငါတပည့်ကြီးက ဝေါ်မေဂိုဏ်းက ဆရာ လေးတွေ ဖြစ်တဲ့ အမျိုးသမီး ဘလော့ဂါတွေဆီ မရောက်ပါလားကွဲ့ ဟုမေးလေ၏ ..။

'ဟတ်ဟတ် ဆရာရှည်ရဲ သူတို့က ဒီပြိုင်ပွဲကို ကိုရီးယားကားလောက်တောင် စိတ်ဝင်စားတာ မဟုတ်ဘူးဗျ' ။

'ဒါနဲ့ ငါ့တပည့်ကြီးက ဒီမိုဘက်တော်သား ဘလော့ဂါတွေဆီကို ရောက်များ ရောက်မိသေးလားကွယ်'..

'ရောက်တယ်ဆရာ..၊ သူတို့ကလည်း နှစ်ပတ်လည် အခမ်းအနားတွေ လုပ်နေလို့ မအားကြရှာဘူး ' ဟု ကျွန်ုပ်မှ ပြန်ဖြေလိုက်သည်။

'ဟွင်း...ဟွင်း..ဒါတွေ ကို ဆရာသိပြီးသားပါကွယ်'..ဟု ငသလဲထိုးလေး ပြုံးကာ ဆရာက မပွင့်တပွင့်လေး ဖြေ လေ၏။

"နောက်ပြီး ... အခုအချိန်မှာ ဘလော့ဂါ တော်တော်များများက .. နာဂစ် အလွန်.. မြန်မာ ဝီကီပီးဒီးယား သိုင်း ကျမ်းကြီးကို အလုအယက် ရေးကုန်ကြပြီကွဲ့"

" အွန်...ဒါဆို ..ဒီသိုင်းပြိုင်ပွဲကြီးကို ဘယ်လို လုပ်မလဲဆရာ " "စပွန်ဆာတွေ စိတ်ကွက်ကုန်မယ်နော် ဆရာ" ဟု ကျွန်ုပ် မေးလေလျှင်...

"အော်..ဒါလား မခက်ပါဘူးကွယ်" " ဘယ်သူမှမလာတော့ ငါတို့ ဆရာတပည့် ၂ ယောက်ထဲ သိုင်းလောက ဥသျှောင်ဘွဲ့ကို အညီအမျှ ခွဲယူ ကြတာပေါ့ကွယ်" ...ဟု ငသလောက်ပြုံးလေး ပြုံးကာ ပြောဆိုလိုက်လေတော့ သည်............။

"ပြိုင်စံရှား သိုင်းလောက ဥသျှောင် ဆရာရှည်နှင့် စွန်းဝူပုညကျိ".. ဟု မရပ်မနား ဟစ်ကြွေးကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်း လိုက်လေတော့သည်...။

ပြီးပါပြီ....။

6 comments:

တော့ကီ said...

လူယုတ်မာကြီး။ သူ့ဟာသူ ပြီးချင်တာနဲ့ ကျနော့်ပါ ဆွဲထည့်တယ်။ ၀ီကီပီးဒီးယား ကိစ္စကတော့ မပြောလိုပါဘူး။ သို့သော် ခင်ဂျားကိုတော့ အလကား သိုင်းလောက ဥသျှောင် ရာထူး ပေးနိုင်ဘူး။ ကျုပ်ပြိုင်မယ်။ :P

Anonymous said...

ရုရှားကနွားတွေ မလုပ်ပါနဲ့ ညီအစ်ကိုတွေပါ တစ်ခါတလေ ပြည်သူတွေက ထိပါးရင် သေနက်နဲ့ ပစ်ချင်ရုံလေးပါ ဘုရားတရားမြဲပါတယ် ဘုရားတရားကျေးဇူးကြောင့် ရှေ့တန်းမသွားရတာပေါ့ သေမှာလဲကြောက်ပါတယ် လက်နက်မရှိသူကိုသာ ဖိနှိပ်ခြင်တာပါ

Anonymous said...

Still expect the others stories.

Anonymous said...

အခုတလော သိုင်းပြိုင်ပွဲတွေတယ်ခောတ်စားသကိုး၊ ဘလောဂါ ဇီးကွက်ရဲ့ သိုင်းပြိုင်ပွဲက တနေ့ကပြီးတယ်။ အခုဒီမှာ နောက်တပွဲ စပြန်ပါပေါ့လား

Anonymous said...

Very very good post. Look forward to many more. have a nice day. :)

Canada Myanmar Group said...

အင်း စူ့ ထက် စူ လူစွမ်းကောင်း တွေ တော့် ပေါ် လာဦး
တော့ မှာပဲ ...
CanadaMyanmar