မြန်မာစာနယ်ဇင်းလောကသည် န.အ.ဖ၏ စနစ်တကျ ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှု၊ စာဖတ်ပရိတ်သတ်၏ Demand အခြေအနေ (ရုပ်ပိုင်း၊ စိတ်ပိုင်း) တို့ကြောင့် ငါးသလောက်ပေါင်းစားမလား၊ မစားဘူးလား (သို့) `ပေါင်းစားမလား´၊`ခွာပြီးအသတ်ခံမလား´ဆိုသည့်အခြေအ နေကို ရောက်နေပေပြီ။
ရှင်းပြပါမည်။ န.အ.ဖ၏ စနစ်တကျဖိနှိပ်မှုဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှု (Mental Torture) ဆန်ပါသည်။ စာသမားတွေက စိတ် နှင့် အလုပ်လုပ်ရသည်။ စိတ်ကိုညှဉ်းပန်းချက်ကား အလွန်ဆိုးသည်။
ပင်ပင်ပန်းပန်း ရေးထားသော ဆောင်းပါးကို ဆင်ဆာဖြတ်သည်ဆိုပြီး ပိတ်လျှင် မောတာ အဖတ်တင်သည်။ ရေးပြီးသား စာအုပ်လိုက်ကို ပိတ်လျှင်မူ စာရေးဆရာ၊ ဂျာနယ်လစ်အဖို့ ချိသွားဖို့သာရှိသည်။ နကန်းတလုံး မသိဘဲ သူတို့သာ ဆင်ဆာမလုပ်ပေးလျှင် မြန်မာစာနယ် ဇင်းလောကကြီး ပရမ်းပတာ ဖြစ်တော့မည်ဟု အထင်ရောက်နေသော စစ်ဘိုစာပေစိစစ်ရေးမှူးနှင့် အောက်က အရပ်သား လက်ထောက် စာပေစိစစ်ရေးမှူးတွေက လာတွေ့ပါဟု ရာဇသံနှင့်ခေါ်လျှင် မသွားအပ်သော ပစ္စန္တရစ်အရပ်ကို သွားရသည်နှင့်တူသည်။ အလုပ်များချင် ဟန်ဆောင်နေသော စာပေဖက်ဆစ်မှူးနှင့် အဖားလွန်နေသော အခန်းရှေ့က အစောင့်၏ ငါသိငါတတ် နားကလောစရာစကားကို ကြား နာရသည်မှာ ၀ဋ္ဋ်ကြွေးဟုဆိုသော်ရ၏။
မြန်မာစာရေးဆရာ၊ ဂျာနယ်လစ်တွေသည် မရင့်ကျက်သေး၊ မှားနိုင်သည်၊ ထို့ကြောင့် သူတို့က စိစစ်ပေးရပါသည်တဲ့၊ စာပေလွတ်လပ် ခွင့်ပေးလျှင် ပရမ်းပတာတွေ ဖြစ်လာမည်ဆိုပဲ။ သူတို့ကိုပဲ ကျေးဇူးတင်ရမလိုလို စာပေဖက်ဆစ်မှူးပြောပုံက။ သူတို့တွေကို ဦးနှောက်အ ဆေးခံရသည် (Brain Wash) လို့ မပြောသင့်။ ဦးနှောက်အလဲခံထားရသည် (Brain Change) ဟု ပြောရမည်။
စာပေဖက်စစ်မှူးလက်အောက်က အရပ်သား စာစစ်မှူးတွေမှာ မိန်းမတွေချည်းဖြစ်သည်။ တယောက်သော ယောင်္ကျားစာစစ်မှူးမှာ လည်း မိန်းမတောထဲမှာ အခြောက်တပိုင်းဟု ဆိုကြသည်။ ထိုမိန်းမစာစစ်မှူးတွေသည် တကယ့်အကျော်အမော် ပညာရှင်တွေရေးတာကို စိစစ်၊ ဖြတ်တောက်သတဲ့။ စဉ်းစားသာကြည့်ကြပါကုန်။ ကိုရီးယားမင်းသားနှင့် ဂျာနယ်မူကြမ်းထဲက မင်းသား၊ မင်းသမီးတွေရဲ့ အတင်း အဖျင်း လောက်သာ စိတ်ဝင်တစား ဦးဦးဖျားဖျားဖတ်လေ့ရှိသည့် ထိုမိန်းမတွေ၊ သွားတွေ့ရင် သူတို့မျက်နှာက အာရပ်စော်ဘွားရဲ့ ၁၂ ယောက် မြောက် မယားငယ် မျက်နှာထားနှင့်။
စာပေစိစစ်ရေးသာဆိုတယ်၊ စည်းဘောင်မရှိ၊ အမြင်ကပ်လျှင်လည်းဖြတ်၏၊ မျက်နှာချိုသွေးပြီး ဆရာ၊ ဆရာမ မခေါ်လျှင်လည်း ဖြတ်၏၊ ပွဲစားကတဆင့် လက်သိပ်ထိုးပြီး ငွေမပေးလျှင်လည်းဖြတ်၏၊ သီတင်းကျွတ်မှာ သောင်းဂဏန်းတန်လောက် ကန်တော့လက်ဆောင်ပေး မထားလျှင် စာရင်းတို့ပြီး ဖြတ်၏၊ ဘာတွေကိုဖြတ်သနည်း။ သူသူငါငါ အလုအယက် ဖော်ပြချင်သည့် သတင်းမျိုး၊ တပင်တပန်းရေးရတဲ့ ဆောင်းပါးတွေကို ဖြတ်၏။
နောက်ဖြတ်တောက်နည်း ရှိသေး၏။ နားမလည်လျှင်လည်းဖြတ်သည်။ ဘာရေးထားလည်း မေးရမှာ ရှက်လို့ထင်သည်။ ပွဲစားနှင့် ငွေပေး ပြီး မ၀င်လျှင် ဂျာနယ်စောစောမကျ။ စာအုပ်ထုတ်ဝေခွင့် စောစောမကျ။ စာရေးထားသည်။ လာဘ်ပေးလာဘ်ယူမှုရှိက တိုင်ကြားနိုင် သည်တဲ့။ လာမပေးနဲ့၊ မယူပါ။ ပွဲစားကတဆင့်ပေးမှ ယူသည်။
ထို့ကြောင့် စာနယ်ဇင်းသမားတွေက ပြောကြသည်။ မြန်မာပြည်ကို ၀င်တိုက်ရင် စာပေဖက်ဆစ်ရုံးကို အရင်ဗုံးကြဲရမည်တဲ့။ လူအများ ဖတ်မည့်စာ၊ သတင်း၊ ဗဟုသုတကို လူတစ်စုက စစ်အုပ်စုကို အကာအကွယ်ပေးရေးအတွက် ဖြတ်တောက်ပိတ်ဆို့နေခြင်းသည် အဘယ် လောက် အကုသိုလ်များပြီး၊ ငရဲရလိမ့်မည်ဆိုသည်မှာ တွေးကြည့်ကြပါကုန်။ ဖြတ်တောက်တားဆီး နှိပ်ကွပ်ပြီး အသိဥာဏ်ကို ပိတ်ဆို့ ခြင်း၊ ပေါ်လစီဆောင်းပါး (မအူပင်ခြင်ကြားတို့ ဘာတို့ ရေးတာမျိုးပေါ့) များ၊ လံကြုတ်သတင်းများ အတင်းထည့်စေပြီး အ၀ိဇ္ဇအမှောက် အမိုက် ရောက်အောင် လောင်တိုက် သွင်းနေခြင်းတို့ဖြင့် စာပေဖက်ဆစ်တသင်းတို့ ဘ၀ပြောင်းလျှင်ကား သူတို့ ငရဲပြည်ကို သွားဖို့မလို၊ ငရဲပြည်က သူတို့နဲ့နီး ရွေ့ပြောင်းလာဖို့ ရှိပေသည်။
မပြီးသေး။ ဆက်ရေးမည်။ မျှော်….
ယောဆရာ













1 comments:
သူတို့ ငရဲပြည်ကို သွားဖို့မလို၊ ငရဲပြည်က သူတို့နဲ့နီး ရွေ့ပြောင်းလာဖို့ ရှိပေသည်။ Dont say like this, our people will suffer together with them, that's why ,let them go independently
Post a Comment