Thursday, January 3, 2008

လွတ်လပ်ရေးနေ့ ဆုမွန်

လွတ်လပ်ရေးနေ့လို့ သတ်မှတ်ထားတဲ့ နေ့ရက်တစ်ရက်ကို ရောက်လို့လာပြန်ပါပြီ။ ကျွန်မတို့ရခဲ့တဲ့ လွတ်လပ်ရေးဟာ ဖခင်ဗိုလ်ချုပ် မွေးဖွားပေးခဲ့တာပါ။ ကျွန်မတို့ငယ်စဉ်က သမိုင်းစာအုပ်ထဲမှာ ဗိုလ်ချုပ်ရဲ့ ပုံရိပ်လွှာတွေဟာ ဒီလောက် မပျောက်ပျက်သေးသလို ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေဟာ ဒီလောက် ပါးရှားသွားအောင် ဖိအားပေးတာကို မခံခဲ့ရသေးပါဘူး။ လွတ်လပ်ရေးနေ့၊ အာဇာနည် နေ့ဆိုတာနဲ့ ဗိုလ်ချုပ်ကို သတိရကြတာ ဓမ္မတာပါ။

လွတ်လပ်ရေးဆိုတာကို နှစ်ပိုင်းခွဲမြင်ရင် ကောင်းမယ်ထင်ပါတယ်။ နယ်ချဲ့အုပ်ချုပ်တာကို တွန်းလှန်ခဲ့လို့ လွတ်လပ်ရေးရတာ။ ဒါကတော့ ထွေထွေထူးထူး ရှင်းပြစရာမလိုပါဘူး။ ဗိုလ်ချုပ်လက်တွေ့ ပြခဲ့ပြီးသားပါ။ ခု..နယ်ချဲ့ မရှိလို့ လွတ်လပ်ရေးရပြီလို့ဆိုလို့၊ ရပြီထင်ရ ပြန်တော့ ဗိုလ်ချုပ်ကိုလုပ်ကြံပြီး အာဏာသိမ်းခဲ့တဲ့ နေ၀င်းကြောင့် လွတ်လပ်ရေးဟာ အနှစ်သာရမပြည့်စုံခဲ့ရဘူး။ တိုင်းတပါးသား မအုပ်ချုပ်တော့တာနဲ့ ဒီနိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံလို့ပြောလို့ရနိုင်ပေမဲ့ ဒီနိုင်ငံထဲကတိုင်းသူပြည်သားတွေ လွတ်လပ်ရေးရတယ်လို့တော့ မပြောနိုင်သေးပါဘူး။ လွတ်လပ်ရေးရဲ့ အနှစ်သာရတွေကို ခံစားနေရတယ်လို့ မပြောနိုင်သေးပါဘူး။

ခုကျွန်မတို့ တိုင်းပြည်ဟာ လွတ်လပ်ရေးအသီးအပွင့်ကို တိုင်းသူပြည်သား တိုင်းရင်းသားတွေက ခံစားခွင့်မရှိဘဲ လူတစုက ဖိနှိပ်ဗိုလ်ကျတာကို ခံနေရပါတယ်။ ဒီလူတွေဟာ တိုင်းပြည်ကို သစ္စာဖောက်ခဲ့တဲ့ လူများရဲ့ ကျေးကျွန်တွေဖြစ်ခဲ့သလို ယနေ့တိုင်လဲ တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်ကာ ဖျက်ဆီးဖို့ ကြိုးစားဆဲဖြစ်တယ်။ ဗိုလ်ချုပ် တိုက်ယူပေးခဲ့တဲ့ လွတ်လပ်ရေးဟာ ပြည်သူပြည်သားရဲ့လက်ထဲကို ယနေ့တိုင် မရောက်သေးဘူးလို့ ပြောရမှာပါ။ ဒါဟာလဲ ကျွန်မတို့ခေတ် ပြည်သူပြည်သားတွေ သတ္တိ၊စာရိတ္တ၊ညံ့ဖျင်းနိမ့်ကျသွားအောင်၊ ပညာ ဥာဏ်ကို ယိုယွင်းချွတ်ချုံကျသွားအောင် စနစ်တကျ ချိုးဖဲ့ခံရခြင်းတွေကြောင့် ယခုတိုင် ဘာမဟုတ်တဲ့စစ်အစိုးရ အုပ်ချုပ်ခြင်းကို ခံနေ ရတာဖြစ်ပါတယ်။

စစ်အစိုးရဟာ ကျွန်မတို့ပြည်သူတွေရဲ့ အားနည်းချက်တွေကို သိပါတယ်။ ဒါကြောင့်လဲ ဒီအချိန်ထိ ဖိနှိပ်နိုင် နေသေးတာပါ။ လူတစုနဲ့ တိုင်းပြည်ကို လွတ်မြောက်အောင် ဘယ်သူမှ မလုပ်နိုင်ပါဘူး။ နအဖ သစ္စာခံတွေလဲ မတတ်သာလို့ လုပ်ရသည့်တိုင် ကိုယ်တိုင် ဒုက္ခတွေ နဲ့ တခြားပြည်သူတွေကို ကိုယ်ချင်းစာကြည့်ပြီး လုပ်နိုင်တဲ့ ဘောင်အတွင်းက တိုင်းပြည်အတွက် လုပ်စေချင်ပါတယ်။ အမှန်တကယ် လွတ်လပ်ရေးရဲ့ အသီးအပွင့်တွေကို ပြည်သူပြည်သားတွေ အကုန်စားသုံးကြရတဲ့ အချိန်ကျရင် တပ်၊ ရဲ၊ ထောက်လှမ်းရေး အစရှိသည် ဖြင့် ယခု လက်ရှိလူတွေလဲ ခံစားကြရမှာပါ။ ကျွန်မတို့ချင်း မုန်းတီးစွာ တိုက်ခိုက်နေကြမှာထက် မတရားမင်း (နအဖ ထိပ် ပိုင်းအဖွဲ့ဝင် တွေ)ကို ဖယ်ရှားပြီး ကျွန်မတို့တွေ ချစ်ချစ်ခင်ခင် တိုင်းပြည်ကို တည်ဆောက်ကြရရင် အကျိုးရလဒ် ကောင်းကို ရနိုင်မှာဖြစ်သလို ပြည် သူတွေကော၊ ယနေ့ နအဖဘက်ကလူတွေပါ ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်ရကြမှာပါ။ ရန်လိုမုန်းထား တိုက်ခိုက်နေရတာ ပင်ပန်းလွန်းလှပါတယ်။ မတရားမင်းကို တက်ညီလက်ညီ ဖြုတ်ချလိုက်ရင် ကျွန်မတို့တွေအကုန်လုံး ငြိမ်းချမ်းသာယာစွာနဲ့ နိုင်ငံတော်သစ်ကြီးဆီကို ချီတက်နိုင်မှာဖြစ်သလို ဘယ်သူ့အတွက်မှလည်း အကျိုးယုတ်တော့မှာမဟုတ်ပါ။

ဗိုလ်ချုပ်ပေးခဲ့တဲ့အမွေကို ကျွန်မတို့တမျိုးသားလုံး ဆက်ခံဖို့ကောင်းပါပြီ။ လုယူခြင်းခံရတဲ့ ကျွန်မတို့ပိုင်လွတ်လပ်ရေးအတွက် ကျွန်မတို့ တိုက်ပွဲဝင်သင့်ပါပြီ။ ဒီလိုဘဲနေလိုက်ကြရင် ကျွန်မတို့ပြည်သူတွေ လွတ်လပ်ရေးဆိုတာကို လက်လွတ်ဆုံးရှုံးရမဲ့ အခြေအနေမျိုးကို ရောက်နေပါပြီ။ ကျွန်မ စာသိပ်မရေးတတ်ပါ။ အဆုံးပြောချင်တာကတော့ ကျွန်မတို့အတွက် ဖခင်ဗိုလ်ချုပ်တိုက်ယူပေးခဲ့သော လွတ်လပ် ရေးအသီးအပွင့်ကို ကျွန်မတို့ ပြည်သူတွေ ခံစားနိုင်စေရေးအတွက် တညီတညွတ်ထဲ ယနေ့မလွတ်မလပ်သည့်နေ့မှသည် အမှန်တကယ် လွတ်လပ်ရေးနေ့သို့ အမြန်ဆုံးချီတက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ယနေ့ပြုလုပ်မည်ဖြစ်သော နအဖ လွတ်လပ်ရေးနေ့ အခမ်းအနားများကို ကန့်ကွက်ပါသည်။

ဗိုလ်ချုပ်ပေးခဲ့တဲ့ လွတ်လပ်ရေး လူတိုင်း အမြန်ဆုံးခံစားနိုင်ပါစေ။

မသန်းရွှေ

0 comments: