Sunday, February 10, 2008

လူထုတိုက်ပွဲ (၂)



တိုက်စစ်အရှိန်မြင့်ခြင်း

လက်ရှိ မြန်မာနိုင်ငံ အနေအထားအရ ဆန္ဒပြ တောင်းခံခြင်းဟာ အသုံးမဝင်တော့တာကို တွေ့ ရမှာ ဖြစ်ပါတယ်။ စစ်အုပ်စုထံက အာဏာကို လက်ဖြန့် တောင်းနေတာဟာ တောထဲက ကျားကို အသားမစားဖို့ ကြိုးစားနေတာနဲ့ တူပါတယ်။ တစ်နေ့လာ လူစု ဆန္ဒပြ၊ သပိတ်စခန်း (သို့) အိမ် ပြန်ဆိုတဲ့ ဘောင်ဟာ လက်ရှိ စစ်အုပ်စုအတွက် မသင့်တော်ပါဘူး။ စစ်အုပ်စုဟာ ပထမဆုံး လူထုအုံကြွမှုကို အချိန်တစ်ခုအထိ စောင့်ကြည့်ကာ ချေမှုန်းလေ့ရှိတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် လူထု ခေါင်းဆောင်တွေနဲ့ လူထုဟာ စစ်အုပ်စုထံက အာဏာကို လူထုနည်းနဲ့ လွှဲပြောင်း ရယူဖို့ပါ ပြင်ဆင်ထားဖို့ လိုပါတယ်။ အာဏာ သိမ်းယူရေးအတွက် ပထမဆုံး တပ်ဦးပုံစံ လူထု တိုက်ပွဲမှ တဆင့် အထွေထွေ သပိတ်လမ်းကြောင်းကို ဖော်ထုတ်ဖို့ လိုပါတယ်။ ပြီးမှသာ လူထုဦးဆောင်တဲ့ ကြားဖြတ် (သို့) ယာယီအစိုးရကို တည်ထောင်ရပါမယ်။


တပ်ဦးမှသည် အထွေထွေသပိတ်ဆီသို့

နိုင်ငံတစ်နိုင်ငံရဲ့ လူထုတိုက်ပွဲတိုင်းမှာ ပြည်လုံးကျွတ် အလွှာပေါင်းစုံ တစ်ပြိုင်ထဲ ပါဝင်လာမယ်လို့ မျှော်လင့်လို့ မရပါဘူး။ ကျောင်းသား၊ သံဃာနဲ့ တက်ကြွတဲ့ လူထုဟာ အချို့ဟာ တပ်ဦး အနေနဲ့ အစောဆုံး ပေါ်ထွက်လာမှာ ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် တစ တစ ကြိုးစားရင်း တိုက်ပွဲကို အရှိန်မြှင့်ပေးဖို့ လိုပါတယ်။ ရှေးဦးစွာ လူထုကို နားလည်ဖို့ ကြိုးစားရပါမယ်။

လက်ရှိလူထုအနေအထား

လက်ရှိ မြန်မာနိုင်ငံလူထုဟာ စစ်အုပ်စုရဲ့ ယုတ်မာမှုကို သဘောပေါက်ပြီး ဖြစ်တယ်။ ဒါပေမဲ့ အင်္ဂလိပ်ကို တွန်းလှန်သလို၊ ဂျပန်ကို ပြန်ချသလို ချမှ ဖြစ်တော့မယ် ဆိုတဲ့စိတ်ကို စစ်အုပ်စု မုန်းသူတိုင်းဆီက မျှော်လင့်ထားလို့ မရဘူး။ အင်္ဂလိပ်ဟာ လူမျိုးခြားဖြစ်တယ်၊ ဂျပန်ဟာ လူမျိုးခြား ဖြစ်တယ်။ နောက် ကိုယ့်လူမျိုး ဘုရင်ကို နန်းချပြီး ပြည်သူလုထု တစ်ရပ်လုံးကို ဂုတ်သွေးစုပ် နှိပ်စက်နေတာလဲ ဖြစ်တယ်။ စစ်အုပ်ကို မကျေနပ်တဲ့ လူတိုင်း စစ်အုပ်စုကို ဖြုတ်ချရမယ်။ မြန်မာ တိုင်းရင်းသားတို့ရဲ့ အရင်းခံ စိတ်အရကိုက စစ်အုပ်စုဟာ ကိုယ့်လူမျိုးပဲ ဖြစ်တယ်။ နိုင်ငံသား အချင်းချင်း ပြဿနာဖြစ်တာဟာ မကောင်းဘူးဆိုတဲ့ စိတ်ဟာ လူအတော်များများရဲ့ မသိစိတ်မှာ စိုး မိုးနေလေ့ ရှိတယ်။ ဆန္ဒ ဖော်ထုတ်လိုက်ရုံနဲ့ စစ်အုပ်စု ပြုတ်ကျသွားလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်မျိုးလဲ ရှိနေတယ်။ ဒါကြောင့် စစ်အုပ်စုဟာ ၄င်းတို့နဲ့ ဆန့်ကျင်ဘက် သဘောထားရှိသူ ဘယ်နိုင်ငံသားကိုမဆို ရန်သူလို သဘောထား ဆက်ဆံတယ် ဆိုတဲ့ အချက်ကို လူထုသိအောင် နှိုးဆော်ပေးဖို့ လိုတယ်။ သိပြီးသူတိုင်းလဲ ကြေညက်အောင်၊ မသိသေးသူကိုလဲ သိလာအောင် လုပ်ပေးရမှာ ဖြစ်တယ်။ စစ်အုပ်စုရဲ့ ကောက်ကျစ် စဉ်းလဲမှုတွကို ဖွင့်ချရမယ်။ ဘယ်လို ဆန့်ကျင်ရမယ် ဆိုတာကို လူထုကို တင်ပြရမယ်။

လူထုကို နားလည်ခြင်း

သဘောတရားအရ မြန်မာနိုင်ငံမှာ စစ်အုပ်စုနဲ့ အကျိုးတူ စီးပွားဖြစ်နေတဲ့ လူအနည်းစုမှအပ စစ်အုပ်စုကို မကြိုက်ဘူးဆိုတဲ့ အချက်ဟာ ခိုင်မာပြီး ဖြစ်တယ်။ ကျောင်းသား၊ သံဃာ၊ ဝန်ထမ်း၊ တောင်သူလယ်သမားနဲ့ လက်လုပ် လက်စားများ သာမကပဲ တပ်မတော်သား၊ ရဲသား အစရှိတဲ့ လက်နက်ကိုင် ဝန်ထမ်းတွေထဲမှာကို စစ်အုပ်စုရဲ့ လုပ်ကိုင်ပုံကို သဘောမကျသူတွေ၊ ရွံရှာသူတွေ ရှိတယ်။ ဒါပေမဲ့ စစ်အုပ်စုကို မုန်းတီးသူတိုင်း၊ လက်မခံနိုင်သူတိုင်း စစ်အုပ်စု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တိုက်ပွဲတွေမှာ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်လို့ မရပါဘူး။ အရင်းခံ အကြောင်းကတော့ စားဝတ်နေရေးဆိုတဲ့ လူတိုင်းရဲ့ အခြေခံ လိုအပ်ချက်ကြောင့် ဖြစ်တယ်။ လူအများစုဟာ မသေရုံ စားနေရတာဟာ ငတ်တာထက် ပိုကောင်းတယ်ဆိုတဲ့ ယုံကြည်ချက် ရှိတယ်။ နောက်တစ်ချက်က အလုပ်ပြုတ်မှာ၊ အဖမ်းခံရမှာ၊ သေမှာကို ကြောက်တယ်။ ဒါဟာ စိတ်ကွက်စရာ အချက်မဟုတ်ဘူးဆိုတာ တော်လှန်ရေးလုပ်သူတိုင်း ကြေညက်ဖို့ လိုအပ်တယ်။ အင်္ဂလိပ်ကို တော်လှန်တုန်းက၊ ဂျပန်ကို တော်လှန်တုန်းက လူတိုင်းစေ့ တော်လှန်ရေးသမားတွေ မဟုတ်ဘူး ဆိုတာ သိရမယ်။ ဒါပေမဲ့ လူတိုင်းစေ့ နီးပါးဟာ တော်လှန်ရေးကို ကြိုဆိုခဲ့တယ်၊ ပူးပေါင်းတယ်။

ကိုယ်နေရာနဲ့ကိုယ်

တိုင်းပြည် တစ်ပြည်မှာ သုဘရာဇာက စလို့ နိုင်ငံတော် အစိုးရအထိဟာ သူနေရာနဲ့သူ လိုအပ်တဲ့လူတွေ ဖြစ်တယ် ဆိုတာကို လက်ခံရမယ်။ တော်လှန်ရေးမှာလဲ အတူတူပဲ။ လူတိုင်း တတ်နိုင်တဲ့ဘက်က ပါအောင် တိုက်ပွဲပုံစံတွေ ချပေးနိုင်ဖို့ ကြိုးစားရမယ်။ လူတိုင်းဟာ နေရာအလိုက် အရေးကြီးတယ်ဆိုတာ သဘောပေါက်အောင် လုပ်ပေးဖို့ လိုအပ်တယ်။

ဥာဏဝန်ထမ်းများ

တိုက်ပွဲစတာနဲ့ ဝန်ထမ်း (အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်း) တွေကို ပူးပေါင်း ပါဝင်လာအောင် ကြိုးစားရမယ်။ ဆွေးနွေးရမယ်။ ဆွေးနွေးတဲ့နေရာမှာ ဆန္ဒပြမှုမှာ ပူးပေါင်း ပါဝင်ဖို့ထက် လူထုတိုက်ပွဲမှာ ကိုယ်တတ်နိုင်တဲ့ ထောင့်က ပါဝင်လာအောင် စည်းရုံးဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံက ဝန်ထမ်း အများစုဟာ သူတို့ ဖြတ်သန်းလာရတဲ့ ဆိုးဝါးတဲ့၊ အုပ်ချုပ်သူတွေက ပေးတဲ့ အတွေ့အကြုံအရ “ဘယ်အစိုးရ တက်တက် မထူးပါဘူး ” ဆိုတဲ့ စိတ်အနာတရကြောင့် ဖြစ်ပေါ်လာတဲ့ အတွေးအခေါ် ရှိတယ်။ အဲဒီ အတွေးအခေါ်ဟာ မှားကြောင်း ဆွေးနွေးရမယ်။ ပြီးမှ တိုက်ပွဲအတွင်းထဲ ဝင်ရောက်လာဖို့ နှိုးဆော်ရမယ်။ တချို့တလေက လူထုတိုက်ပွဲအပေါ် ယုံကြည်မှု နည်းတဲ့အတွက် မအောင်မြင်ရင် အလုပ်ပြုတ်မှာ၊ ထောင်ကျမှာကို ကြောက်ပြီး ငြင်းပယ်လိမ့်မယ်။ စိတ်ဆိုးဖို့ မရှိပါ။ သူတို့ကို ခွင့်ရက်ရှည်ယူအောင်၊ ရုံးမတက်ပဲ နေအောင် စည်းရုံးရမယ်။ ရုံးမတက်ပဲ မနေရဲတဲ့ ဝန်ထမ်းတွေကိုလဲ အလုပ်မလုပ်အောင်၊ မတော်တဆ အမှားတွေ၊ ပြဿနာတွေ ဖန်တီးအောင် မေတ္တာရပ်ခံရမယ်။

လူထုတိုက်ပွဲမှာ အစိုးရ ယန္တယား ရပ်တန့်သွားအောင် လုပ်နိုင်ရင် ပထမအဆင့် အောင်မြင်တယ်လို့ ဆိုရမှာ ဖြစ်တယ်။ အစိုးရ ယန္တယား ရပ်တန့်သွားဖို့ ထိထိ ရောက်ရောက် လုပ်နိုင်တာဟာလဲ ဝန်ထမ်းတွေ ဖြစ်တယ် ဆိုတာ သိစေရမယ်။ တိုင်းပြည်အတွက် ဘယ်အခြေအနေမဆို မရှိမဖြစ် လိုအပ်တဲ့ ဝန်ထမ်းတွေကိုလဲ စစ်အုပ်စု ခေါင်းစဉ်အောက်ကနေ ပြည်သူ့ ခေါင်းစဉ်အောက်ကို ထွက်လာအောင် စည်းရုံးဖို့ လိုအပ်တယ်။ ဥပမာ- ဆေးရုံတွေဟာ ဘယ်လို အကြောင်းပြချက်နဲ့မှ ပိတ်လို့ မရပါဘူး။ ဆေးဝန်ထမ်းတွေကို အလုပ်မတက်အောင် စည်းရုံးဖို့ မလိုပါဘူး။ ဆရာဝန်၊ သူနာပြုနဲ့ ဆေးဝန်ထမ်း အားလုံးကို စစ်အုပ်စုကို ကိုယ်စားမပြုပဲ လူထုတိုက်ပွဲကို ကိုယ်စား ပြုတဲ့ ဝန်ထမ်းတွေ ဖြစ်လာအောင်သာ စည်းရုံးဖို့ လိုပါတယ်။ အခြေအနေကောင်းရင် ဆေးရုံတွေဟာ အကောင်းဆုံး သပိတ်စခန်းတွေ ဖြစ်လာနိုင်ပါတယ်။ ဝန်းထမ်းတွေကို ပြောဆို ဆွေးနွေးလို့ မရခဲ့ရင်တော့ သပိတ်တားဖို့ ပြင်ဆင်ရမှာ ဖြစ်တယ်။

ကာယဝန်ထမ်းများ

လူထုတိုက်ပွဲမှာ ကာယ ဝန်ထမ်းများကိုလဲ မေ့ထားလို့ မရဘူး။ သူတို့ကိုလဲ စည်းရုံးဖို့ လိုအပ်တယ်။ ကာယ ဝန်ထမ်းများဟာ စစ်အုပ်စုရဲ့ ဖိနှိပ်မှုကို ပိုမိုခံစားရသူတွေ ဖြစ်တယ်။ အနှေးယဉ် လုပ်သား၊ ကုန်တင်ကုန်ချ လုပ်သား၊ ယဉ်မောင်း စသူတို့ကိုလဲ ၄င်းတို့ရဲ့ လုပ်ငန်းခွင်တွေကို စွန့်ခွါဖို့ စည်းရုံးရမယ်။ စက်ရုံ လုပ်သားတွေကိုလဲ အလုပ်မတက်ဖို့ မေတ္တာရပ်ခံရမယ်။ ကာယဝန်ထမ်းများ အလုပ် မလုပ်ချင်းအားဖြင့် လက်ငင်းဝင်ငွေ လျှော့ကျသွားမှာ ဖြစ်တဲ့အကြောင်း သိစေရမယ်။ တခြား သဘောတရားတွေကတော့ ဥာဏ ဝန်ထမ်းများနဲ့ အတူတူပဲဖြစ်တယ်။

တောင်သူလယ်သမားများ

မြန်မာနိုင်ငံရဲ့ လူအများစုဟာ တောင်သူ လယ်သမား လူတန်းစားတွေ ဖြစ်တယ်။ လူထုတိုက်ပွဲမှာ သူတို့ရဲ့ အင်အားဟာ အင်မတန် အရေးကြီးတယ်။ သူတို့ဟာ အပင်ပန်း ခံနိုင်သူတွေ၊ အနစ်နာ ခံနိုင်သူတွေ ဖြစ်တယ်။ ဒါ့အပြင် တောင်သူ လယ်သမားများဟာ ဝန်ထမ်းတွေလို အလုပ်ပြုတ်မှာ ကြောက်စရာ မလိုဘူး။ စစ်အုပ်စုရဲ့ အနိုင်ကျင့်မှု (လယ်သိမ်းခြင်း၊ အဓမ္မလုပ်အား ဆင့်ဆိုခြင်း၊ အတင်းအကြပ် စပါး ရောင်းခိုင်းခြင်း စတဲ့) ကို တော်တော်လေး ခံစားရတဲ့ လူတန်းစား ဖြစ်ပါတယ်။ သူတို့မှာ ရိုးသားမှု အပြည့်၊ သည်းခံစိတ် အပြည့်ရှိတယ် ဆိုတာကိုတော့ သဘောပေါက်ဖို့ လိုတယ်။ လူထုတိုက်ပွဲမှာ ၄င်းတို့ရဲ့ အင်အား အရေးကြီးပုံကို ဆွေးနွေး ပေးနိုင်ဖို့ လိုတယ်။ နယ်မှာရှိတဲ့ တောင်သူ လယ်သမားတွေကို လူထု ခေါင်းဆောင်တွေက သီခြား တာဝန်ယူရမယ်။ အနီးကပ် ဦးဆောင်မှုပေး နိုင်ဖို့ ကြိုးစားရမယ်။ တောင်သူလယ်သမားများနဲ့ တသားတည်း တိုက်ပွဲဝင်ရမယ်။ အခြေအနေပေးရင် ခရီးရှည် ချီတက်တိုက်ပွဲကို ဖော်ထုတ်ရမယ်။

လက်လုပ်လက်စားများ

စစ်အုပ်စုဟာ စက်တင်ဘာ အတွေ့အကြုံအရ အောက်ခြေ လက်လုပ် လက်စားအများစုကို ငွေပေး စည်းရုံးပြီး လူထုနဲ့ ရန်တိုက်ပေးတယ် ဆိုတဲ့ အချက်ကို သတိရှိရမယ်။ စစ်အုပ်စုထက် အရင်ဦးအောင် သူတို့ကို စည်းရုံးဖို့ လိုတယ်။ တစ်နေ့စာ ထမင်းဖိုးလောက်နဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို သစ္စာမဖောက်ဖို့ စည်းရုံးရမယ်။ တကယ်တမ်း အကြပ်အတည်း တွေ့တဲ့အခါမှာလဲ စစ်အုပ်စုဟာ မျက်ကွယ်ပြုနေမှာ ဖြစ်တယ်။ မိမိတို့ ပြုသမျှ အမှုကို မိမိတို့သာ ခံရမှာ ဖြစ်တယ်ဆိုတဲ့အကြောင်း အသိပေးနိုင်ရပါမယ်။

စီးပွားရေးလုပ်ငန်းရှင်များ

မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့ အနိုင်ကျင့်မှုဒဏ်ကို ခံရတဲ့အထဲမှာ စီးပွားရေး လုပ်ငန်းရှင်များလဲ ပါပါတယ်။ စစ်အုပ်စုနဲ့ ပလဲပနံသင့်သူများမှလွဲပြီး အများစုဟာ ဆက်ကြေးပေး၊ အပိုင်ရဲစခန်းရဲ့ အနိုင်ကျင့်၊ ခြိမ်းခြောက်မှုတွေကို နေတဓူဝ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒါ ကြောင့် စီးပွါးရေး လုပ်ငန်းရှင်တွေဟာလဲ လူထုတိုက်ပွဲကို ကူညီလိုစိတ်၊ ပူးပေါင်း ပါဝင်လိုစိတ် ရှိပါတယ်။ သူတို့ လုပ်နိုင်တာတွေကတော့ လူထုနဲ့အတူ လက်တွဲ တိုက်ပွဲဝင်နိုင်ပါတယ်။ ဒါမှမဟုတ် နောက်ကွယ် ပံ့ပိုးသူတွေအနေနဲ့လဲ ရပ်တည်ပေးနိုင်ပါတယ်။ အစားအသောက်၊ ဆေးဝါး စတဲ့ အရာများကို တိုက်ပွဲဝင် လူထုအတွက် အလှူခံရပါမယ်။

သပိတ်ကော်မတီ အနေနဲ့ တိုက်ပွဲဝင် လူအများစုဟာ တိုက်ပွဲဝင်နေစဉ်မှာ ဝင်ငွေလုံးဝ မရှိတော့ရုံမျှမက၊ အောက်ခြေ လက်လုပ်လက်စားများဟာ တစ်နေ့ အလုပ်မလုပ်ရင် တစ်နေ့ ထမင်းငတ်မှာ ဖြစ်တယ်ဆိုတာ သဘောပေါက်ပြီး အစားအသောက် ကျွေးမွေးနိုင်ဖို့ စီစဉ်ရမှာ ဖြစ်ပါတယ်။

မိုးထက်နေ

ဆက်လက်ဖော်ပြပါမည်။

(ကျနော်အနေနဲ့ တတ်သလောက် မှတ်သလောက် တင်ပြဆွေးနွေးတာ ဖြစ်ပါတယ်။ ကျနော်ထင်ပါတယ်။ ဒီသဘောတရား ဆန်ဆန်တွေကို ဘယ်လို ဖြိုခွဲမယ်ဆိုတာ နအဖ အနေနဲ့ ပြင်ဆင်ထားပြီး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အားလုံးကို ကျနော် အသိပေးချင်တာ ကက်စပါရော့ ကစားတဲ့ အကွက်တိုင်းကို မှတ်တမ်း ကြည့်လို့ ရပါတယ်။ ဘယ်လို နိုင်အောင်လုပ်မယ်ဆိုတာ တွေးလို့ ရပါတယ်။ အဲလို တွေးထားတာနဲ့ အနိုင် ထိုးနိုင်လိမ့်မယ်တော့ မျှော်လင့်လို့ မရဘူး။ အားလုံးပဲ ဝိုင်းဆွေးနွေးပါ၊ ဝိုင်းတွေးပါ။ စစ်အုပ်စုကို ဖြိုဖို့ ကျနော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။)

0 comments: