‘ တီတီ .. တီတီ .. တီတီ ’
‘ ဟယ်လို .. ဟဲလို .. ဟိုလို .. ဒီလို .. အော် .. မှားလို့ အမိန့်ရှိပါရှင် မြန်မာပြည်လုံးဆိုင်ရာ ဘလောက်ကာ အသင်းကြီးက စကားပြောနေပါတယ်ရှင် .. ’
‘ ဟုတ်ကဲ့ခင်ဗျ၊ သိချင်တာလေး ရှိလို့ပါ။ ကျနော်ဘိုကလေးကနေ ပြောနေတာပါ။ အမတို့အဖွဲ့ ဒီဘက်ကို လာကူစရာရှိသေးလားခင်ဗျ၊ ဒီမှာဆန်ပြတ်နေပြီအမရဲ့၊ ရှေ့တပတ်အတွက်တောင် မလောက်တော့ဘူးခင်ဗျ။ ’
‘ အော် .. link မှားနေပါတယ်ရှင်၊ Address Bar မှာ သေချာပြန်စစ်ကြည့်ပါဦးနော်.. ’
‘ ခင်ဗျာ … ’
‘ ဆောရီး.. ဆောရီးနော် အာကို့ …၊ ယောင်သွားလို့ .. အော် အင်း .. လူကြီးမင်း ဆန်လှူအသင်းနဲ့ မှားနေပြီ ထင်ပါတယ်။ ကျမတို့က အော်လိုင်း ဘလော့ကာ အသင်းကြီး ဖြစ်ပါတယ် .. ’
‘ အော် . အော် .. ဒီမှာက လိုင်းမကောင်းလို့ အော်ပြောနေရတာပါခညာ၊ အော်ပြောမှ ကြားရတဲ့ လိုင်းမို့ မ block ချင်ပါနဲ့ခညာ။ မကူနိုင်ဘူးဆိုလည်း ရပါတယ်ခည .. ’
ဂွပ် … ကနဲဖုန်းချသွား၏။
‘ တီတီ .. တီတီ .. တီတီ ’
‘ ဟယ်လို .. ဟယ်လို .. အမိန့်ရှိပါရှင် ကျမတို့ ဘလောက်ကာ .. ကာ .. ’
‘ ဟုတ်ကဲ့ .. ကျနော်ဘလောက်တစ်ခုလောက် လုပ်ချင်လို့ပါ။ ’
‘ 3 ကော်လံလား၊ 2 ကော်လံလား ပြောပါရှင့် .. ’
‘ ကော်လံတော့ မသိဘူးခင်ဗျ။ အတိုင်းအတာက ၆ လက်မ သုံးလက်မလောက်ဆို အနေတော်ဘဲ၊ ဇီးထုပ် တံဆိပ်ဆိုတော့ ကာလာ လေးရောင်နဲ့ စိုစိုလေး လိုချင်လို့ပါ .. ’
‘ အင် .. စိုစိုလေး လိုချင်ရင် ရေထဲသာစိမ်ထားလိုက်ပါရှင်.. ကျမတို့က အွန်လိုင်း ဘလောက်ကာ အဖွဲ့အစည်းပါ။ ဇီးထုတ်ကြော်ငြာ မလုပ်ပါဘူးရှင် .. ’
‘ အော် .. သိပါဘူး၊ ကျနော်က တံဆိပ်ဘလောက် မှတ်လို့၊ အော့ဖ်စက် လေးရောင် သုံးမှာခင်ဗျ .. ဗျ .. ’
‘ ဂွပ် .. ’ ဖုန်းချလိုက်၏။
‘ တီတီ ..တီတီ .. တီတီ.. ’
‘ ဟဲလို .. ကျမတို့ အွန်လိုင်း ဘလောက်ကာအဖွဲ့ချုပ်ကြီးက စကားပြောနေပါတယ်ရှင် .. ’
‘ ဟုတ်ကဲ့ရှင့် .. ဒီတပတ် သင်္ဘောအ၀င်နောက်ကျမယ်ဆိုတာ ဟုတ်သလားရှင် ..၊ ကျမတို့ နယ်မှာတော့ ပစ္စည်းကတော်တော် ပြတ်နေပြီ၊ အဲဒါ .. ဒါ .. ဒါ .. ’
‘ ဟုတ်ပရှင် .. သင်္ဘောက ဆာဗာဒေါင်းသွားလို့ပါ .. တမ်းပလိတ် ချိန်းနေပါတယ်ရှင် .. Hosting တချက်ပြန်စစ်လိုက်ပါဦး .. ’
‘ ရှင် .. ဘာတွေလဲ၊ ကျမသိချင်တာက အ၀င်နောက်ကျရင် ဈေးထပ်တင်ရမလားလို့၊ မနက်လောက်ဆို ပြတ် .. ပြတ် ..ပြတ် .. ’
‘ ဒီလိုပဲ ဖြစ်တတ်ပါတယ်ရှင် .. မိုးတွင်းဆိုတော့ ကော်နက်ရှင်က ပြတ်တာဘဲလေ၊ ISP ကို တစ်ချက် စုံစမ်းလိုက်ပါနော် .. ’
‘ ဂွပ် .. ’
‘ တီတီ ..တီတီ.. တီတီ.. ’
‘ ဟယ်လို .. အမိန့်ရှိပါရှင် .. ’
‘ ဟုတ်ကဲ့ခင်ဗျ၊ ဆီဈေးတွေ ထပ်တက်သေးလားခင်ဗျ..၊ စိတ်ညစ်ပါတယ်ဗျာ၊ လုပ်စားလို့ကို မကောင်းတော့ဘူး .. ’
‘ ဆီဈေးက မတက်ပါဘူးရှင် .. ရှင့်အကောင့်က ဖရီးမို့ဖြစ်ပါလိမ့်မယ်။ Upgrade လုပ်လိုက်ပါလား၊ တစ်လ နှစ်ဒေါ်လာပဲရှင့်၊ ဆဲတဲ့သူ များရင်တော့ ဆီဗုံး ဖြုတ်လိုက်တာ အကောင်းဆုံးပဲရှင့် .. ’
‘ ခညာ .. ကျနော် ဆူးလေ-တောင်ဒဂုံ ကားကြီးဂိတ်ကပါ။ ဆီဗုံးဖြုတ်မှတော့ ဘယ့်နှယ့်လုပ် မောင်းရတော့မလဲဗျ .. ’
‘ ဂွပ် .. ’
‘ တီတီ ..တီတီ ..တီတီ .. တီတီ .. တီတီ .. ’
‘ တီတီ ..တီတီ ..တီတီ .. တီတီ .. တီတီ .. ’
‘ ဟုတ်ကဲ့.. လူကြီးမင်း ဘယ်ကဆက်နေလဲ၊ ဘာအတွက်လဲဆိုတာ အရင်ဆုံးပြောပါရှင် .. အင် အင် .. ’
‘ ဗျာ .. တညိုးပါလား၊ ကျနော်က မြန်မာ့ဗိန္ဓောဆရာများအသင်း (အမ်ဘီအက်စ်)၊ အဖွဲ့ဝင် အမှတ် +++++ ဆရာ လအော်လအဲ့ပါ။ ကျနော်သိချင်တာက .. ဗိန္ဓောနှစ်ပတ်လည် ဆီမီနာ ဘယ်နေ့ လုပ်ဖြစ်မလဲ ဆိုတာပါခင်ဗျ .. ’
‘ ရှင် … ရှုပ်ကုန်ဘီ၊ ရှုပ်ကုန်ဘီ၊ ရှင် အဖွဲ့မှားနေပြီရှင် .. ၊ ရှင်တို့ဟာတော့ မသိဘူး။ ကျမတို့ ဆူနာမီ .. အဲ .. အဲ .. ဆီမီနာကတော့ လကုန်လောက်ဖြစ်မှာပါရှင် …. ဂွပ် ….. ’
မြန်မာပြည်လုံးဆိုင်ရာ ဘလောက်ကာ အသင်းချုပ်ပိုင် အဆောက်အဦကြီး၏ (၃၅၆) ထပ် မြောက်တွင်ရှိသော၊ အထူးအစည်းအဝေး ခန်းမကြီးအတွင်း ဖြစ်၏။ အသင်းကြီး၏ မျက်နှာစုံညီ (နား၊ နားရွက်၊ နှာခေါင်း၊ မျက်စိနှင့် ပါးစပ်များအပါအ၀င်) အစည်းအဝေးကြီးတွင်၊ အမှုဆောင် အမျိုးသမီး ဘလောက်ကာ တစ်ဦးမှ ထပြောသည်။
‘ အက်ဒဒဒဒမင် လူကြီးများရှင့် ..၊ အသင်းချုပ်ကြီးရဲ့ ပြောရေးဆိုခွင့်ရာထူးကနေ နှုတ်ထွက် ခွင့်ပြုရန် လေးစားစွာ တင်ပြအပ်ပါတယ်ရှင် .. ’
နာယကချုပ်ကြီးမှ သူမအား အေးဆေးစွာ ပြန်ကြည့်ကာ ဤသို့ပြန်ပြော၏။
‘ ခဏဆိုင်းပါဦးဗျာ..၊ အခြေအနေအရပ်ရပ်ကို ကျနော်တို့နားလည်ပါတယ်။ ခင်ဗျားအတွက် ကိုယ်ချင်းလဲ စာပါတယ်။ လူအများကြီးနဲ့ လုပ်ရတာဆိုတော့ ဒီလိုဖြစ်တတ်ပါတယ်။ နောင် .. ခင်ဗျား အခက်အခဲ မဖြစ်အောင် ကျနော်တို့ အက်ဒမင်အဖွဲ့က စီမံထားတာ ရှိပါတယ်။ ’
ဟုပြောရင်း ၎င်း၏ အိတ်ဆောင် လိမ္မော်သီးတံဆိပ် မီနီကွန်ပြူတာလေးအား အင်္ကျီ အိပ်ကပ် အတွင်းမှ ထုတ်လိုက်၏။ ပြီးနောက် ဟိုနှိပ်ဒီနှိပ်လုပ်ပြီးသော် ..
‘ ခုဖြစ်နေတာက ကျနော်တို့ မြန်မာတွေက ဘလော့ဆိုတာ ဘာကြီးမှန်း မသိကြသေးတာပဲဗျ။ ဒါကြောင့် ထင်ယောင်ထင်မှားနဲ့ ရောကုန်တာပဲလေ။ .. ’
ခေတ္တမျှရပ်ကာ ခုနက ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးအရာရှိထံ ကြည့်ပြီး ဖြေးညင်းစွာ ဆက်ပြောသည်။
‘ ဒီလိုဘဲ .. တဖြေးဖြေး ကြိုးစားယူရမှာပေါ့ဗျာ၊ နောက်ဆို .. ဖုန်းကို ခင်ဗျား ကိုယ်တိုင် ဖြေစရာမလိုတော့ဘူး။ ကျနော်တို့ အက်ဒမင်ထဲက ဂီတကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး သီချင်းတစ်ပုဒ် ဖန်တီးထားတယ်ဗျာ။ အဲဒါလေးကို ဖုန်းကနေ အော်တိုပြန်ဖြေအောင် လုပ်ထား လိုက်ရင် အားလုံးအဆင်ပြေသွားတာပေါ့လေ … ’ ဟုပြောကာ ကွန်ပြူတာလေးကို ဟိုနှိပ် ဒီနှိပ်လုပ်လိုက်ရာ အဆိုတော် သန်းထွန်းလေး ဆိုထားဖူးသော မြန်မာ ဘလောက်ကာတို့နှင့် အထူး စပ်ဟပ်မိသည့် မြန်မာ စတီရီယိုသံစဉ်ကို နောက်ခံပြုထားသော သီချင်းတစ်ပုဒ် ထွက်ပေါ်လာပါတော့သည်။
--- ---- ဘလောက်ဂါဖြစ်ဖို့ ကျနော်ကြိုးစားမည် --- စာကဗျာ ရေးဖို့ ကျနော်ကြိုးပမ်းမည် -- ၊ ဘလော့သားကောင်းပီပီ -- တစ်ရက် တစ်ပို့စ်တော့ မှန်မှန်ရေးပါ့မည် -- ဂြီ ဂြီ ..
ခုတော့ ဒီတစ်ပုဒ်ပဲ။ နောက်လမှ တစ်နေ့တစ်လုံးမှန်မှန်သုံး (အဲ ..) တစ်နေ့ တစ်ပုဒ် မှန်မှန် ရေးပါ့မယ် ခည .....
မြန်မာပြည်လုံးဆိုင်ရာ ဘလောက်ကာ အသင်းချုပ် နောက်ဆုံး အစည်းအဝေး ဆုံးဖြတ်ချက်အရ .. အောက်ပါ ပုံများအတိုင်း ကြေငြာချက် ထုတ်ပြန် သွားပါတယ်ခင်ဗျား .. ရွှေလက်ခုပ် တီးတော်မူကြပါ .... ဒူ ဝေ .. ဝေ ... (အော် .. မှားလို့ ..) ဖြောင်း .. ဖြောင်း .. ဖြောင်း .. (ပုံများအား ပြူးပြဲ၍ ကြည့်နိုင်ပါသည်။)








နောက်ဆုံးရဲ့ .. နောက်ဆုံးရရှိသော သတင်းများအရ အက်ဒမင် လူကြီးမင်းများမှ ရှက်ပြီး နောက်ဆုံး ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်များ စာမျက်နှာ (28) ကိုဖျက်တော် မူလိုက်ပါကြောင်း လေးစားစွာ အသိ ပေးအပ်ပါတယ် ခင်ဗျား .. :(
နောက်ဆုံး နောက်ဆုံးရဲ့ နောက်ဆုံး ရတဲ့သတင်းအရ ဆိုရင် မသမာသူ သွေးထိုးလှုံ့ဆော်ရေး ပြည်ဖျက် (မှားလို့) ဖိုရမ်ဖျက်များက၀င် ရောက် သွေးခွဲ သပ်လျှိုသွားခြင်းသာ ဖြစ်ကြောင်း သိရှိရပါတယ်ခင်ဗျား။ နအဖ ပြော ပြော နေသလို ပြည်ပအားကိုး ပုလွေရိုးများဟာ ဆိုရင်ဖြင့် ယခုအခါ ဗမာ့ အော်လိုင်း (ယောင်လို့..) အွန်လိုင်း တွေထဲ ၀င်ရောက်နေပြီ ဖြစ်ကြောင်း၊ သို့ပါ၍ မိမိတို့ ကွန်ပြူတာ စကရင် များကို အထူးသတိထား စောင့်ကြည့် ကြစေလိုကြောင်း၊ ပုဆိန်ရိုး၊ တူရိုး၊ ပေါက်ပြားရိုးများအားလည်း တတ်နိုင်သမျှ မိမိ ကွန်ပြူတာ အနီးတွင် မထားရှိကြစေ လိုကြောင်း၊ သို့မဟုတ်ပါက အဆိုပါ ပုဆိန်ရိုးများ ပေါက်ခွဲသွား၍ မိမိကွန်ပြူတာ ပျက်စီးယိုယွင်းခြင်း ဖြစ်ပေါ် လာသော်၊ ဖြစ်ပေါ်လာသမျှ အကျိုးဆက်များကို မိမိတို့သာ ခံစားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အလျော်ပေးမည် မဟုတ်ကြောင်း အက်ဒမင် လူကြီးများက နိချုံးဂုတ် မှာကြားရင်း အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြပါတယ် ခင်ဗျား ...။ အောက်ပုံကို ရှုပါ။


Wednesday, August 20, 2008
ကျွန်တော်ဘလော်ဂါ ..
Posted by
Anonymous
@
Wednesday, August 20, 2008
Labels: ရယ်ရယ်မောမော
Subscribe to:
Post Comments (Atom)













0 comments:
Post a Comment