Monday, September 8, 2008

မာယာပြပွဲ

အနက်ရှိုင်းဆုံး ဓါးတစ်ချောင်းနဲ့
ဘဝတစ်ဆုံး
လက်ကုန်ထိုးချလိုက်တယ်

ကြီးကြီး ကျယ်ကျယ် ပြောပြီး
အိပ်မက်ဟောင်း တစ်ခုကို
ဖုန်ခါ၊ ပေါ်လစ်သုတ်
အစွံ ထုတ်ချင်တဲ့
အရောင်း ဈေးသည်လို
အတွေးအခေါ်မျိုးနဲ့ကောင်

လူစည်ပြီ ဆိုရင်
ဘင်ကလေး ထုတ်တီးပြီး
ပခြုပ်ထဲက အဆိပ်မရှိတဲ့မြွေကို
အလမ္ပါယ်ပြ
ငါကွ လို့ကြွေးကြော်တတ်တဲ့ကောင်

မင်းတို့ နင်းဘို့လမ်းကို
ငါ့နှလုံးသားနဲ့ ခင်းထားပါတယ်တဲ့
အစရှိတဲ့
စကားလုံး တွေနဲ့ကစား
ဘုရားတောင်
မှန်မှန် မရှိခိုးတတ်တဲ့ကောင်

မရဲပဲနဲ့ ကျွဲပြဲကလည်း စီးချင်သေး
ကံဇာတာဂြိုလ် မစီးပဲနဲ့တောင်
ကိုယ်အမြီးကို လန့်ပြီးခုန်နေတတ်တဲ့ကောင်

ချစ်သော မိတ်ဆွေများ ခင်ဗျာ
ကမ္ဘာမြေကြီးက သီးပွင့်သမျှအထဲ
ပဒိုင်းသီး တွေလဲ ပါခဲ့တာပဲ

မောင်ဖုန်းမြင့် ကိုယ်တိုင်ကလည်း
ပဒိုင်းသီးခပ်ကြီးကြီးတစ်လုံးဖြစ်တယ်


ရွေးချယ်မှုမှန်ကန်ဘို့ဆိုတာ
တံခါးတွေကို တွန်းဖွင့်ပစ်လိုက်ရုံပါပဲ

အထက်မြက်ဆုံး ဓါးတစ်ချောင်းဖြစ်ဖို့
သင်ကိုယ်တိုင်သွေးဖို့လိုတယ်

ဓါးသွားပေါ်က
ပျားရည်စက်တွေကိုတော့
မတပ်မက်မိလိုက်စေနဲ့။ ။


မောင်ဖုန်းမြင့်ထံမှ ကူးယူဖေါ်ပြပါသည်။

2 comments:

Anonymous said...

ကဗျာကိုအရမ်းကြိုက်တယ်ဗျို့

Anonymous said...

I like your critics yourself, but it is reflecting somethings.

Best!

STN