စစ်နည်းဗျုဟာ ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက် ၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး ၊ မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား ၊ မကိုးစားလျှင်
ဓါးသွးလည်းကြွေ၊ လှံလည်းခွေအံ ။
(လက်ဝဲသုန္ဒရ ၊ နန္ဒိသေနပျို့မှ )
ခေါင်းဆောင်ကောင်း ဆိုတာကို ဘယ်နေရမှာပဲဖြစ်ဖြစ် အကောင်းဆုံး ရွေးချယ်နိုင်ဖို့ အတွက် အရေးကြီးဆုံးဟာ ရွေးချယ်တတ်ဖို့သာ ဖြစ်ပါတယ် ။
ရွေးချယ်တဲ့နေရာမှ ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်မလဲ။ ဘာကို ဦးစားပေးမလဲ ။ သူ့ရဲ့ လုပ်ရည် ကိုင်ရည်လား...။ သူ့ရဲ့ချမ်းသာမှု ကိုလား ၊သူ့ရဲ့ ကိုယ်ကျင့်တရားကိုလား ။ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ရွေး ချယ်ရာမှာ ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒီလို ထောက်ပြခဲ့ပါတယ် ....
"ရပ်ကွက် ညီလာခံတွေ လုပ်တဲ့ အခါ အကျင့်စာရိတ္တ ကောင်းတဲ့လူကို ရွေးချယ်ပါ ၊
ပညာ အမြော်အမြင် ရှိတဲ့လူကို ရွေးချယ်ပါ ။ အကျင့်စာရိတ္တ နဲ့ ပညာ အမြော်အမြင်
နှစ်ခုအကြားမှာ ရွေးချယ်ရမယ်ဆိုရင်တော့ ကျွန်မကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်
အကျင့်စာရိတ္တကောင်းသူကို ရွေးကြပါ "
အဖွဲ့ချုပ်ရုံး ( ကျုံမငေး ) ၁၅.၁.၈၉
ကျွန်တော်တို့ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဟာ နယ်ချဲ့ကိုလိုနီတွေဆီက လွတ်လပ်ရေးကို ယူခဲ့တာဟာ ရိုးသားဖြောင့်မတ် မှုနဲ့အတူ ပြည်သူတစ်ရပ်လုံးရဲ့ ယုံကြည်မှုနဲ့ ရယူခဲ့ခြင်းသာဖြစ်ပါတယ ။ နိုင်ငံရေး လောကမှာ အဓိက အကျဆုံးက အကျင့်စာရိတ္တသာ ဖြစ်ပါတယ် ။ အကျင့်စာရိတ္တ မကောင်းတဲ့သူဟာ ခေါင်းဆောင်ကောင်း မဟုတ်သလို လိုအပ်လာရင် ဇတ်တူသားစားဖို့လည်း ဝန်မလေး ကြသူတွေသာ ဖြစ်ပါတယ် ။ ဒီခေါင်းဆောင် မျိုးတွေဟာနောက်ဆုံးတော့လည်း ကျဆုံးရတာ ချည်းပါပဲ ။မြန်မာ ဗုဒ္ဓတရားတော် ရဲ့ ဇတ်တော် တွေထဲမှာ ဇတ်တူသားစားလို့ ဟင်္သာ ကိုးသောင်းပျက်ခဲ့ရသလို ၊ ပေါရိသာဒ ကလဲ ဇတ်တူသား စားလို့.....ထီးနန်းစွန့်ခဲ့ ရတာလည်း အားလုံးအသိ ဖြစ်ပါတယ်......။
" ဘယ်စနစ်မျိုးမဆို အောင်မြင်ဖို့ဆိုတာ ခေါင်းဆောင်ကောင်းလည်းရှိရမယ်
နောက်လိုက်ကောင်းလည်း ရှိရမယ် အဲ့ဒီတော့ နောက်လိုက်ကောင်း တယောက်ရဲ့
အရည်အချင်းဟာ ဘာလဲဆိုရင် အရေးကြီးဆုံး ကတော့ ခေါင်းဆောင်ကောင်းများ
ဖော်ထုတ်နိုင်တဲ့ အရည်အချင်း ရှိရမယ် "
ဒေါ်အောင်ဆန်းစုကြည်
အဖွဲ့ချုပ်ရုံး (တောင်ကြီး) ၁၃.၂.၈၉
Tuesday, October 28, 2008
ခေါင်းဆောင်ကောင်း ဆိုတာ
Posted by
မောင်ပုည
@
Tuesday, October 28, 2008
Subscribe to:
Post Comments (Atom)













0 comments:
Post a Comment