Sunday, January 27, 2008

လူထုတိုက်ပွဲ (၁)


တော်လှန်ရေး တစ်ခုကို ဦးဆောင် ခေါ်ယူသွားတဲ့ အတွေးအခေါ် အမျိုးမျိုး ရှိပါတယ်။ ကမ္ဘာ့သမိုင်းမှာ သာမက မြန်မာသမိုင်းမှာ ပေါ် ပေါက်ခဲ့တဲ့ တော်လှန်ရေးတိုင်းမှာ တော်လှန်ရေး လမ်းကြောင်း တစ်ခုလုံးကို ဆွဲခေါ်သွားတဲ့ ပင်မအတွေးအခေါ်တိုင်း ပေါ်ပေါက်မှုကို ပြန်သုံးသပ် ကြည့်တဲ့အခါ အဓိကအားဖြင့် လူထု အခြေအနေနဲ့ အာဏာရှင်ရဲ့ တုံ့ပြန်မှု အပေါ်မှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ တော်လှန်ရေး ပုံစံဟာ မိမိတစ်ဘက်ထဲက သတ်မှတ် ပြဋ္ဌာန်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ရန်သူရဲ့ တုံပြန်မှုအပေါ် မူတည်ပြီး တိုက်ပွဲပုံစံ အနိမ့်အမြင့် ရုတ်တရက် ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်။ ရန်သူသုံးတဲ့ နည်းဗျူဟာကို မကြည့်ပဲ တိုက်ပွဲ စတင်စဉ်က ပင်မ အတွေးအ ခေါ်အတိုင်း တရားသေသွားတဲ့ တော်လှန်ရေး တော်တော် များများဟာ အောင်မြင်ခဲ့တယ် ဆိုရင်တောင် အချိန်အင်မတန်ကြာတာကို တွေ့ရပါတယ်။

ယေဘုယျအားဖြင့် သုံးသပ်ကြည့်တဲ့ အခါမှာ တော်လှန်ရေး တော်တော်များများဟာ သွေးမဲ့တော်လှန်ရေး သဘောတရားနဲ့ စတင်တာကို တွေ့ရပါလိမ့်မယ်။ အခြေခံ အကြောင်းတရားကတော့ လူတိုင်းဟာ သွေးထွက်သံယိုမှုတွေကို တတ်နိုင်သမျှ ရှောင်တိမ်းလိုလို့ဖြစ်ပါတယ်။ မိမိတို့ သွေးမြေကျခြင်းကို လူတိုင်းလူတိုင်း ကြောက်ရွံ့ပါတယ်။ သွေးမြေကျမှုကို ရှောင်ချင်တဲ့ လူထုကို လူမြင်ကွင်းမှာ အကြမ်း ဖက် ရိုက်နှက်ခြင်းမျိုး၊ ဖမ်းဆီးနှိပ်စက်ခြင်းမျိုး လုပ်လာတဲ့ အခါမှသာလျှင် နောက်တဆင့် ဖြစ်တဲ့ လက်နက်ကိုင် တော်လှန်ရေးကို ကူး ပြောင်းလေ့ ရှိတယ်။

အင်္ဂလိပ်လက်အောက် မြန်မာတော်လှန်ရေးကို ပြန်ကြည့်တဲ့ အခါမှာလဲ “မြန်မာစာသည် တို့စာ” အစရှိတဲ့ ဝံဿာနုစိတ် အခြေခံ လှုပ်ရှား မှုကနေ “ရန်မလိုရန်ပိုသည်၊ ရန်လိုမှရန်ပြိုသည်” ဆိုတဲ့ ရန်သူ ဖြုတ်ချရေး အဓိကအတွေးခေါ် ထိရောက်ရှိလာနိုင်ဖို့ ကိုအောင်ကျော်တို့ လို လူတွေ သေပေးခဲ့ရတယ်။ စတီးဝပ် အချုပ်ခန်းမှာ ဖမ်းဆီးနှိပ်စက်ခြင်း ခံခဲ့ရတဲ့ လူတွေရှိတယ်။ ဆရာစံ အပါအဝင် လယ်သမား သူ ပုန်တွေ အသတ်ခံခဲ့ရတယ်။ ဒါဟာ ရန်သူရဲ့ တောင်းဆိုမှုကို တုံ့ပြန်ခြင်း ဖြစ်တယ်။ ပြည်တွင်း၊ ပြည်ပ (နယ်စပ်စည်းရိုး) သူပုန်ထတဲ့ ဆိုတဲ့ အဆင့်ဟာ အာဏာရှင်ရဲ့ ရက်စက်မှု အမြင့်ဆုံး အချိန်နဲ့ လူထုရဲ့ သည်းခံနိုင်မှု အလျော့ပါးဆုံး အချိန်မှာ ပေါ်ပေါက်လာခြင်း ဖြစ် ပါတယ်။

ခေတ္တ ငုတ်လျှိုးသွားတဲ့ ကျနော်တို့ နိုင်ငံရဲ့ တိုက်ပွဲကို ပြန်ကြည့်မယ် ဆိုရင် နအဖ စွပ်စွဲသလို ပြည်သူလူထုဟာ အသုံးချခြင်း ခံရတယ်ဆို တဲ့ အမြင်ဟာ တဘက်သက် လက်ညှိုးထိုးတာ ဖြစ်တယ် ဆိုတာကို တိုက်ပွဲ ခါးဆက်ပြတ်မှုတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ သံ ဃာတော်တွေနဲ့ လူထုဟာ သူတို့ရဲ့ မခံချင်စိတ်သက်သက်နဲ့ ကိုယ်တတ်နိုင်သလောက် တိုက်ပွဲဝင်သွားခြင်းကို ကြည့်ရုံနဲ့ သိသာပါတယ်။ နောက်တချက်က နည်စပ်စည်းမှာ ရှိနေတဲ့ အတိုက်အခံ အဖွဲအစည်းတွေ ရဲ့ စက်တင်ဘာကာလ အံ့သြမှင်သက်စွာ အဆင်သင့် ဖြစ်မနေ မှုကို ကြည့်ရင် အဲဒီကောက်ချက်ကို ပိုအားကောင်းလာစေပါတယ်။ စက်တင်ဘာ စစချင်းမှာပဲ အတွေ့အကြုံရှိတဲ့ ၈၈မျိုးဆက် အားလုံး နီးပါး အစိုးရရဲ့ ထိန်းသိမ်းတာကို ခံရပါတယ်။ တကယ်လို့ ၈၈ ဟာ လူထုတိုက်ပွဲကို ကြံစည် ဖော်ထုတ်သွားတယ် ဆိုရင် လူထုတိုက်ပွဲ ဟာ ၈၈မျိုးဆက် အဖမ်းဆီးခံရတဲ့ အချိန်မှာပဲ လုံးဝ ကျဆုံးသွားမှာ ဖြစ်ပါတယ်။ အဆင်သင့် မဖြစ်နေတဲ့ လူထုကို ဘယ်လို နိုင်ငံရေး ခေါင်းဆောင်၊ ဘယ်လိုနိုင်ငံရေး အဖွဲ့အစည်းကမှ ဆန္ဒပြပွဲတွေ ဖြစ်အောင် ဆွဲခေါ်လို့ မရနိုင်ဘူးဆိုတာ သိထားစေချင်ပါတယ်။

မည်သည့် လူထုတိုက်ပွဲမဆို စတင်ချိန်မှာ လူအနည်းစုနဲ့ စတင်ပါလိမ့်မယ်။ အဲဒီလူအနည်းစုကနေ လူအများစု ပါဝင်လာအောင် ဆွဲခေါ် သွားနိုင်ဖို့ အရေးကြီးပါတယ်။ လူထုတိုက်ပွဲ တစ်ခုကို အောင်အောင်မြင်မြင် ဘယ်လို တိုက်ပွဲဝင်သွားလို့ ရမယ်ဆိုတာကို ကျနော်ကြို တွေးလို့ ရတဲ့ အချက်လေးတွေကို ဒီဆောင်းပါးကနေ တဆင့် တင်ပြသွားမှာဖြစ်ပါတယ်။

ရန်သူကို အမှန်အတိုင်းတွေးပါ

ငြိမ်းချမ်းစွာ ဆန္ဒပြတာပဲ ဖြစ်ဖြစ်၊ အကြမ်းနည်းနဲ့ ဆန္ဒပြတာပဲ ဖြစ်ဖြစ် မပေးချင်တဲ့ အရာတစ်ခုကို ဇွတ်တောင်းယူရတယ် ဆိုတာကို သ ဘောပေါက်ထားရမှာ ဖြစ်ပါတယ်။ နောက် ဘယ်အာဏာရှင် အုပ်ချုပ်သူလူတန်းစားမှ လူထုရဲ့ ဆန္ဒကို အလွယ်တကူ လိုက်လျောလေ့ မရှိပါဘူး။ သူတို့အလိုကို ဆန့်ကျင်တယ်ဆိုတဲ့ အမြင်နဲ့ ဖြစ်တဲ့နည်းနဲ့ ဖြိုခွဲဖို့ ကြံစည်မှာ ဖြစ်ပါတယ်။ သတ်စရာရှိသတ်၊ ဖမ်းစရာရှိဖမ်းမှာ ဖြစ်တယ်။ ငါတို့ဘက်က အကြမ်းမဖက်သမျှ သူတို့လဲ ဘာမှ လုပ်မှာမဟုတ်ဘူး ဆိုတဲ့ ရန်သူကို ဖော့တဲ့ အတွေးမျိုးကို ရှောင်ကျဉ် ရပါ မယ်။

အလံကိုထိန်းပါ

စစ်ပွဲတစ်ပွဲမှာပဲ ဖြစ်ဖြစ်၊ လူထုတိုက်ပွဲ တစ်ခုမှာပဲဖြစ်ဖြစ် အလံဟာ တော်တော် အရေးကြီးပါတယ်။ ပါဝင်သူ အားလုံးရဲ့ စိတ်ဓါတ်ဟာ ပင်မအလံရဲ့ အတက်အကျ၊ အနှိမ့်အမြင့်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ အလံလဲတာနဲ့ ဘယ်လောက် တက်ကြွတဲ့ လူစုလူဝေး ဖြစ်ဖြစ် ပရမ်းပတာ ဖြစ်တတ်ပါတယ်။ ရန်သူဟာလဲ အလံနဲ့ အလံကိုင်သူကို အဓိကထား ထိုးနှက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အလံကိုင်သူဟာ သံမဏိ စိတ်ဓါတ်ရှိထားဖို့ အရေးကြီးပြီး၊ အလံကိုင်ကို ဝိုင်းရံ အကာအကွယ်ပေးဖို့ သီးခြားတာဝန် သတ်မှတ်ထားသူတွေ လိုအပ်ပါ တယ်။ တနည်းနည်းကြောင့် အလံလဲမဲ့ အခြေအနေဖြစ်လာတယ် ဆိုရင်တောင် အနားမှာရှိတဲ့ တစ်ယောက်ယောက်က အလံကို လက် ပြောင်း ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။ အလံရှေ့ တက်နေသမျှ လူထု နောက်ကြောင်းပြန်မည် မဟုတ်ပါ။

သပိတ်စခန်း

ရေရှည် လူထုတိုက်ပွဲ အတွက် တိုက်ပွဲဝင် ရဲဘော်များ နေ့ညတစ်စုတစ်စည်း နားနေရန် နေရာလို အပ်ပါတယ်။ ရန်သူအနေနဲ့ တစ်အိမ် တက်ဆင်း တစ်ဦးစီ လိုက်ဖမ်းဆီးရတာထက် လူစုလူဝေးကို ဖြိုခွဲဖမ်းဆီးဖို့ ပိုခက်ပါတယ်။ နောက်တစ်ခုက ရန်သူဟာ မတားရာမှုကို အလင်းရောင် အောက်မှာထက် အမှောင်ထုကို အားပြု ကျူးလွန်တတ်တာကို သတိရှိပါ။ လူထုရဲ့ အကူအညီကို ရယူနိုင်အောင် လူထုကို စည်းရုံးထားပါ။ အကြမ်းမဖက် လှုပ်ရှားသူများရဲ့ သပိတ်စခန်း ဖြစ်ပေမဲ့ ညအခါမှာ စစ်စခန်းတစ်ခု အနေအထားထိ လုံခြုံရေးကို ဂရု စိုက် ဖို့ လိုအပ်ပါတယ်။ ရန်သူရဲ့ ရန်ပြုလာမှုကို ကာကွယ်ရန် လက်နက်များ အသင့် ဖြစ်ထားစေလိုပါတယ်။ ကင်းတို၊ ကင်းရှည်များနဲ့ အရန် အတားများကိုလဲ အသင့် ပြင်ဆင်ထားနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

ရိက္ခာနဲ့ ရံပုံငွေ

ရေရှည် လူထုတိုက်ပွဲအတွက် တိုက်ပွဲဝင် ရဲဘော်များအတွက် အစားအသောက်နဲ့ ဆေးဝါးများ ကြိုတင် စီမံထားဖို့ လိုပါတယ်။ လူခွဲပြီး တ အိမ်တက်ဆင်း ရိက္ခာနှင့် ရန်ပုံငွေ ကောက်ခံရေးကို တစ်ဘက်က ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကောက်ခံရာတွင် ငွေကြေး၊ အစားအစာ၊ ဆေးဝါး၊ အဝတ်အထည် တို့ကို တတ်အားသမျှ ပါဝင် ကူညီလာအောင် ပြောဆိုစည်းရုံးဖို့လဲ လိုအပ်ပါတယ်။

လူထုကော်မတီ

လူထုလှုပ်ရှားမှု တစ်ခုလုံးကို ကိုယ်စားပြုနိုင်မဲ့ လူထုကော်မတီကို ဖွဲစည်းဖို့ လိုအပ်ပါတယ်။ လူထုကော်မတီမှ စည်းရုံးရေး၊ တိုက်ပွဲပုံစံ ဖော်ထုတ်ရေး၊ စည်းကမ်းရှိရေး၊ လုံခြုံရေး အစရှိတဲ့ အဖွဲငယ်တွေ ဖွဲ့စည်းပြီး လူထုတိုက်ပွဲကို အရှိန်မြှင့် ဆွဲခေါ်သွားရပါမယ်။ တိုက်ပွဲဝင် အစီအမံများ၊ သဘောတရားများကိုလဲ လူတိုင်း ကြေညက်နေအောင် ထုတ်ပြန် ဆွေးနွေးပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စနစ်ကို အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။ အကြမ်းဖျဉ်း သဘောတရားများ နည်းလမ်းများကို ရေရှည်အတွက် ပြုစုထားသင့်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

မိုးထက်နေ

0 comments: